
မြင့်စိုး(နတလ)
(ယမန်နေ့မှအဆက်)
ပန်းယွန်းမြို့တော်မှ အပြန်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၌ တာဝန်ထမ်းဆောင်ခွင့်ရခဲ့သော ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ယနေ့ထိ အချိန်ကာလတစ်ခု အတွင်း ကျွန်တော်သည် ပြည်နယ်နှင့် တိုင်း ဒေသကြီးအားလုံးကို ရောက်ခဲ့ပြီးပြီ။ နေရာဒေသ တော်တော်များများအကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်း များအကြောင်း ဆောင်းပါးများ ရေးဖြစ်ခဲ့သည်။
ထိုနည်းတူစွာ မိမိတို့ဝန်ကြီးဌာနအောက်ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း နှင့်သန်လျင်)၊ သမဝါယမကောလိပ် (မန္တလေးနှင့် ဖောင်ကြီး)၊ ဆောင်းဒါး ရက်ကန်းနှင့် သက်မွေး ပညာသိပ္ပံ၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများ၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းများနှင့် ပတ်သက်၍လည်း ရေးခဲ့ဖူးသည်။ သမဝါယမ တက္ကသိုလ်များအကြောင်းကို ရေးစဉ်က သန်လျင် ဆိုသည့် အမည်နာမကို အကြောင်းပြု၍ နတ်ရှင် နောင်၊ ငဇင်ကာနှင့် ၎င်း၏ဇနီးဖြစ်သူ စောသဒ္ဓါ (စောသန္တာ) တို့အကြောင်း၊ အေဒီ ၁၆၁၃ ခုနှစ်တွင် အနောက်ဘက်လွန်မင်းက သန်လျင်ကိုဝင်တိုက်ပြီး သစ္စာဖောက် နတ်ရှင်နောင်နှင့် ပေါ်တူဂီလူမျိုး နယ်ချဲ့ငဇင်ကာတို့ကို ရှင်းလင်းသုတ်သင်ခဲ့သည့် အကြောင်း၊ ယင်းသို့ ရှင်းလင်းတိုက်ခိုက်ချိန်မှာ ငဇင်ကာ၏ ဇနီးဖြစ်သူ စောသဒ္ဓါနှင့် သားတော် နန္ဒာဘယ၊ သမီးတော် သုပဘာဒေဝီတို့ မြစ်ဝ ကျွန်းပေါ်ဒေသ ဟင်္သာတဘက်သို့ ရေကြောင်း ခရီးဖြင့် တိမ်းရှောင်ကြစဉ် လမ်းတွင် စောသဒ္ဓါ ကွယ်လွန်ခဲ့ပုံ၊ ကျန်ရစ်သော မောင်နှမနှစ်ယောက် က လေးမျက်နှာဘက်သို့ ရောက်သွားပြီး ယခု ရေကြည်မြို့နယ် သီတာကုန်းပြင်အရပ်တွင် မြို့တည်၍ နေထိုင်ကြပုံ၊ ၎င်းတို့ကွယ်လွန်သွားကြ သောအခါ နတ်မောင်နှမအဖြစ် ရှိနေကြသည်ဟု ယုံကြည်ကိုးကွယ်ခြင်းခံရသောကြောင့် သီတာ ကုန်းပြင်ရှိ သီတာမောင်နှမ နတ်ကွန်းနှင့် ၎င်းတို့ တည်ထားခဲ့သော ရွှေနန်းဦး(မြသိန်းတန်စေတီ)၊ ရွှေဒါန်းဦးစေတီ ဘုရားပွဲတော်ကာလ၌ ကုန်းပွဲ၊ ရေပွဲများဖြင့် ခြိမ့်ခြိမ့်သဲသဲ ကျင်းပလျက်ရှိပုံ အကြောင်းများကို ရေးဖြစ်ခဲ့သည်။
ထိုနည်းတူစွာပင် မန္တလေးမြို့ရှိ ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးမှုပညာသိပ္ပံအကြောင်း ရေးစဉ်ကလည်း ရက်ကန်းနှင့် အထည်အလိပ် ပြတိုက်တွင် ပြသထားသော စုဖုရားလတ်၏ ဝတ်လဲတော်(မူရင်း)နှင့် သင်တန်းသူများ၏ လက်ရာ အခြားဝတ်လဲတော်တစ်စုံတို့ကို ကြည့်ရှုလေ့လာ နေရင်း ဆရာမြသန်းတင့်၏ “တောင်သမန်ရွှေအင်း က လေညင်းဆော်တော့” စာအုပ်ပါ သမိုင်းအချက် အလက်များနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားမိပါသည်။ ၁၈၈၄၊ ၁၈၈၅ ခုနှစ် မန္တလေး နန်းတွင်းရေးအခြေအနေများ ရှုပ်ထွေးနေချိန်၊ စုဖုရားလတ်နှင့် ကင်းဝန်မင်းကြီး၊ တိုင်တားမင်းကြီး တို့၏ ပြုပြင်ပြောင်းလဲရေးဝါဒီများ၏ ဂိုဏ်းဂဏ ကွဲပြားမှုများ၊ အင်္ဂလိပ်၊ ပြင်သစ်နှင့် အီတလီတို့၏ သုံးပွင့်ဆိုင် ခြေရှုပ်လာမှုများ၊ ပြင်သစ်ထံမှ လက်နက်ခဲယမ်းများ တင်သွင်းရေးဆိုင်ရာ ၁၈၈၄ ခုနှစ် ဇန်နဝါရီလ၌ ပါရီမြို့တွင် ချုပ်ဆိုခဲ့သော ပြင်သစ်- မြန်မာစာချုပ်၊ စုဖုရားလတ်၏ လူယုံတော် နိုင်ငံခြားသူ အင်္ဂလိပ်ကပြား၊ ပြင်သစ်လိုလားသူ မက်တီကာလိုဂရီဒီနှင့် ပြင်သစ်လူမျိုး နန်းတွင်း စစ်ဘက်အကြံပေး၊ အဝယ်တော် ဗွန်ဗီလိန်းတို့၏ အချစ်ရေးအရှုပ်တော်ပုံ၊ ဗွန်ဗီလိန်းက ပါရီသို့ ပြန်သွားပြီး မိန်းမတစ်ယောက်ယူလာသည်ကို ကလဲ့စားချေလိုသဖြင့် မက်တီကာလိုဂရီဒီသည် ကင်းဝန်မင်းကြီး၏ စာရေးဖြစ်သူအား မြှူဆွယ် ပေါင်းသင်းကာ ပြင်သစ်-မြန်မာစာချုပ်ကို ရအောင် ခိုးယူပြီး အီတလီကောင်စစ်ဝန်နှင့် ဘုံဘေဘားမား သစ်ကုမ္ပဏီကိုယ်စားလှယ် အန်ဒရေနိုမှတစ်ဆင့် အင်္ဂလိပ်တို့လက်ထဲသို့ ထည့်လိုက်ခြင်းက တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအတွက် မီးစတစ်စဖြစ်လာပုံ တို့ကို ဆောင်းပါးထဲမှာ ထည့်သွင်းရေးသားခဲ့ဖူး ပါသည်။
သို့တစေ ယွန်းပညာကောလိပ်(ပုဂံ)ကို ၂၀၂၃ ခုနှစ်က တစ်ခေါက်ရောက်ခဲ့သော်ငြားလည်း ဆောင်းပါးတစ်ပုဒ်တလေမျှ မရေးဖြစ်ခဲ့၊ ကျွန်တော့်ဘက်က ပျက်ကွက်ခဲ့ပါသည်။ ရေးရ အောင်လည်း ကျွန်တော်အချိန်တိုလေးအတွင်း မြင်ခဲ့သိခဲ့ကြားခဲ့သမျှလောက်နှင့်တော့ ပြည့်ပြည့် စုံစုံ ရေးသားဖော်ပြဖို့ရာ ခက်ပါသည်။ တစ်နည်း ဆိုရသော် ယွန်းပညာရပ်များသည် ပုဂံ၊ အင်းဝ၊ ကုန်းဘောင်ခေတ်များကတည်းက ခေတ် အဆက်ဆက် ဖြတ်သန်းလာခဲ့သော အစဉ်အလာနှင့် အရှိန်အဝါကြီးမားသည့် ပညာရပ်များဖြစ်နေ၍ ကျွန်တော် မတို့မထိရဲတာလည်း ဖြစ်ပါလိမ့်မည်။ ယခုတစ်ခေါက်ခရီးစဉ်တွင် ယွန်းပညာကောလိပ် ရာပြည့်မဂ္ဂဇင်းစာအုပ်တစ်အုပ် လက်ဆောင်ရရှိ ခဲ့သည်။ ထိုစာအုပ်တွင် ပါဝင်ရေးသားထားသူများမှာ အငြိမ်းစားကျောင်းအုပ်ဆရာကြီးများနှင့် ဆရာ ဆရာမများ၊ သုတေသနပညာရှင်များ၊ ယွန်း လုပ်ငန်းရှင်များနှင့် ပညာရှင်များ၊ လက်ရှိသင်ကြား ရေး ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ ဟောင်းများအပြင် ကျွန်တော် ရိုသေလေးစားရသော အမေတင်ရီမ (ညောင်ဦး)တို့လို ပုဂံ/ ညောင်ဦးသူ စစ်စစ် စာရေးဆရာမကြီးများလည်း ပါဝင်နေပေ သည်။ ဆိုရသော် ရာပြည့်မဂ္ဂဇင်းသည် မြန်မာ့ရိုးရာ ယွန်းပညာရပ်များ၏ အနုပညာလက်ရာမြောက်မှု၊ သိမ်မွေ့ နက်နဲမှု၊ တန်ဖိုးကြီးမားမှုတို့ကို ရည်ညွှန်း ဂုဏ်ပြုဖော်ပြထားသော စာပေါင်းသိုက်ကြီး တစ်ခုပမာ ကျွန်တော် ခံစားဖတ်ရှုလေ့လာခဲ့မိ ပါသည်။
ယွန်းဆိုသည်မှာ
ယွန်းပညာကောလိပ် ရာပြည့်မဂ္ဂဇင်းတွင် ဦးမောင်လင်း(ဌာနမှူး-ငြိမ်း)က ရာပြည့်ကဗျာ လေးချိုးကြီးဖြင့်စတင်၍ မော်ကွန်းရေးထိုး ဖွဲ့ဆို ထားပေရာ ယွန်းအခြေခံနှင့်ပတ်သက်၍ အောက်ပါ အတိုင်း သီကုံးရေးဖွဲ့ထားပါသည် -
ယွန်းအခြေခံ အနက်ထည်ပါပဲ
ယှက်နွှယ်ကာ တန်ဆာဆင်ဖို့
မြန်မာ့အသွင်အပြင် ရှေးခေတ်ပန်းချီကိုမှ
အတွေးသစ်အလီလီ
ကနုတ်နရီ ကပီကဇာဟန်နဲ့
စုတ်ညီညီ အနီအဝါရံကာ အဆင်အခွဲပညာဖြင့်
အစဉ်တွဲယှဉ်ကာ နိပါတ်အသွယ်သွယ်တို့ကို
သိမှတ်လွယ်သတိချပ်ဖွယ်
ယွန်းကညစ်အကျော်အမော်တွေက…ဟူ၍။
ယွန်းဆိုသည်မှာ ဝါး၊ သစ်သားထည်တို့တွင် သစ်စေးသရိုးကိုင်ကာ ပြိန်းဖြစ်စေ၊ ဆေးရေးဖြစ်စေ၊ ရွှေဇဝါရေးဖြစ်စေ ခြယ်လှယ်ပြုလုပ်သော (ယွန်း အမျိုးသားတို့ မူလသုံးစွဲလေ့ရှိသည်) အိမ်သုံးပစ္စည်း၊ ယင်းလက်ရာဟူ၍လည်းကောင်း၊ သစ်စေးသရိုးကိုင် ခြယ်လှယ်လုပ်ကိုင်သော အတတ်ပညာဟူ၍ လည်းကောင်း မြန်မာအဘိဓာန်၌ ဖွင့်ဆိုထားပါ သည်။ လူမျိုးကိုအစွဲပြု၍ ယင်းတို့လုပ်ဆောင်ခဲ့သော ပစ္စည်းများကို ယွန်းဟုခေါ်ဝေါ်ခြင်း ဖြစ်နိုင်သလို ယွန်းထည်လုပ်ငန်း ပြုလုပ်နေကြသော ဒေသကို အစွဲပြု၍လည်း ပုဂံယွန်း၊ ကျောက္ကာယွန်း၊ အင်းဝ ယွန်း၊ ရှမ်းယွန်းဟူ၍လည်း ခေါ်ဝေါ်ကြကြောင်း သိရသည်။ ဝါး (သို့မဟုတ်) သစ်သားကို အခြေခံ၍ ပုံဖော်ပြုလုပ်ထားသော ဝတ္ထုပစ္စည်းကို အဖြူထည် ဟုခေါ်ပြီး ယင်းအဖြူထည်မျက်နှာပြင်ပေါ်သို့ သစ်စေးသုတ်လိမ်းခြင်း၊ အချောကိုင်ခြင်း၊ အခြောက်ခံခြင်းတို့ အကြိမ်ကြိမ်ပြုလုပ်ပြီးလျှင် အနက်ထည်ယွန်းကို ရရှိမည်ဖြစ်သည်။ အနက်ထည် သည် ဒီဇိုင်းမပြုလုပ်မီ အခြေအနေဖြစ်၏။
ထိုမှ ယွန်းအနက်ထည်ပေါ်တွင် ကညစ်တံဖြင့် ရေးခြစ်ပုံဖော်ပြီး ဆေးရောင်စုံသွင်း၍ မွမ်းမံခြယ်လှယ် ထားသော ကညစ်ယွန်း၊ ယွန်းအနက်ထည်ပေါ် တွင် သစ်စေးသားရိုးကိုင်၍ ဖောင်းကြွအောင် ပြုလုပ်ထားသော သားရိုးပန်းကြွယွန်းဟု ခေါ်ကြောင်း သိရသည်။ သားရိုးပန်းကြွယွန်းနှင့် ပတ်သက်၍ ကျောင်းအုပ်ကြီး ဒေါ်နီလာမြင့်၏ ရှင်းလင်းပြောကြားချက်အရ မျက်နှာပြင်ချောမွေ့ စေရန် ယခင်က သားရိုးပြာကို အသုံးပြုခဲ့ကြသော် လည်း ယခုအခါ စပါးခွံပြာ(သို့မဟုတ်)ဖိုလယ်ပြာနှင့် သစ်စေးတို့ ရောစပ်ပြီး အသုံးပြုလျက်ရှိကြောင်း သိရသည်။ ရွှေဇဝါယွန်းကမူ ယွန်းအနက်ထည် မျက်နှာပြင်ပေါ်တွင် ရွှေမျက်ပါးကို ကပ်တင်၍ ရုပ်ပုံ ဒီဇိုင်းများအား ရွှေဖြင့် ပုံဖော်ထားသော ယွန်းအမျိုး အစား ဖြစ်ပါသည်။
ယွန်းပြတိုက်မှာလေ့လာစရာ
ပုဂံခေတ်တွင်စတင်၍ အသုံးပြုခဲ့သော ယွန်းထည်ပစ္စည်းများအား အများပြည်သူ လေ့လာ ကြည့်ရှုနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ယွန်းပြတိုက်ကို ၁၉၇၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် စတင်ဖွင့်လှစ်ပြသပေးခဲ့သည်။ ယွန်းပြတိုက်သည် ယွန်းပညာကောလိပ်(ပုဂံ) ကျောင်းဝင်းအတွင်း၌ပင် တည်ရှိနေပါသည်။ ယွန်းပြတိုက်အတွင်း၌ ခေတ် အဆက်ဆက် အသုံးပြုခဲ့သော ယွန်းထည်ပစ္စည်းများ အပြင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အစီအစဉ် မှ ပေါ်ပေါက်လာသော ဗီယက်နမ်ယွန်းထည်ပစ္စည်း များ၊ ကိုရီးယားယွန်းထည်ပစ္စည်းများကိုလည်း တွေ့ရမည်ဖြစ်သည်။ မြန်မာ့ယွန်းထည်ပစ္စည်းများတွင်လည်း နှစ်ပေါင်းရာချီ၍ သက်တမ်းရှိသော ယွန်းထည်များ၊ ဘာသာရေးအခမ်းအနားသုံးနှင့် ထီးသုံးနန်းသုံးပစ္စည်းများ၊ ခေတ်မီနည်းစနစ်များ ပေါင်းစပ်ဖန်တီးထားသည့် ယွန်းထည်များကို တွေ့ရမည်ဖြစ်သည်။ ထို့အပြင် ဒေသအလိုက် ယွန်းများဖြစ်ကြသည့် ပုဂံယွန်း၊ ကျိုင်းတုံယွန်း၊ ကျောက္ကာယွန်းများကိုလည်း တစ်ပြိုင်တည်း ကြည့်ရှုလေ့လာနိုင်ပါမည်။ ထို့အတူ မန္တလေးလက် ရာ မှန်စီရွှေချယွန်းထည်များကို ပြသထားသကဲ့သို့ အေဒီ ၁၁ ရာစု (ပျူခေတ်) လက်ရာများကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။ ထီးသုံးနန်းသုံး ယွန်းထည် ပစ္စည်းများထဲတွင် ကုန်းဘောင်ခေတ်သုံး ကညစ်ယွန်း စာတိုက်(ဇတိုက်) ကြီးတစ်လုံးကိုလည်း ဂုဏ်ယူ ဖွယ်ရာ ထားရှိပြသထားပါသည်။ မင်းတုန်းမင်းနှင့် သီပေါမင်းတို့ထံ အမှုတော်ထမ်းရွက်ခဲ့သော မြစ်စဉ် အမြင့် မြို့ဝန်မင်းကြီး မဟာသမိန်ဗရမ်းခေါ် မင်းလက်ဝါးကြီး သုံးစွဲခဲ့သည့် ယွန်းပစ္စည်းဖြစ် ကြောင်း သိရပါသည်။ အေဒီ ၁၂၂၃ ခုနှစ်တွင် တည်ထားသော မင်းနန်သူ လေးမျက်နှာ အုတ်ကျောင်းအတွင်း ရှာဖွေတွေ့ရှိခဲ့သည့် ပုဂံ ခေတ်သုံး ယွန်းခွက်တစ်ခုကိုလည်း ရှေးဟောင်း သုတေသနကိုယ်စား ဆရာမင်းဘူးဦးအောင်ကြိုင် ကိုယ်တိုင် လာရောက်လှူဒါန်းထားကြောင်း သိရှိရ ပါသည်။
ဂုဏ်ယူဖွယ်ရာ ယွန်းနည်းစဉ်ခန်းမ
နည်းစဉ်ခန်းမဆိုသည်မှာ ယွန်းပညာကောလိပ် (ပုဂံ)၏ အသည်းနှလုံးဟူ၍ ကျွန်တော်က တင်စား ခေါ်ဝေါ်လိုက်ချင်ပါသည်။ ယွန်းပညာ၏ ခက်ခဲ နက်နဲမှု၊ သိမ်မွေ့မှု၊ နန်းဆန်မှု စသည်တို့ကို အနုစိတ် ရှုမြင်လေ့လာတွေ့ရှိနိုင်သော နေရာတစ်ခုလည်း ဖြစ်ပါသည်။ တစ်နည်းဆိုရသော် ယွန်းကောလိပ် တွင် ယွန်းထည်ထုတ်လုပ်မှုအဆင့်ဆင့်ကို ကြည့်ရှု လေ့လာနိုင်သောနေရာလည်း ဖြစ်သည်။ အခြေခံ ထည်ဖြစ်သော ဝါးကို စတင်ပြုလုပ်သည်မှစ၍ ယွန်း အချောထည်အဖြစ် တွေ့မြင်ရသည်အထိ လုပ်ငန်းစဉ်အဆင့်ဆင့် ကူးပြောင်းသွားခြင်းဖြစ်၍ ယွန်းနည်းစဉ်ခန်းမဟု အမည်သညာ မှည့်ခေါ်ထား ခြင်း ဖြစ်သည်။ ကောလိပ်ကျောင်းသား၊ ကျောင်းသူ များကိုယ်တိုင် ပညာရပ်တစ်ခုချင်းစီအတွက် ဝင်ရောက်သရုပ်ပြ လုပ်ကိုင်ဆောင်ရွက်နေကြသည် ဖြစ်ပေရာ ဒေသအတွက်ရော ယွန်းပညာကောလိပ် (ပုဂံ) အတွက်ပါ ဂုဏ်ယူဖွယ်ရာ နည်းစဉ်ခန်းမကြီး တစ်ခုပင် ဖြစ်ပါသည်။
နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့မှုများ
ယွန်းပညာကောလိပ် ရာပြည့်မဂ္ဂဇင်း၏ ဓာတ်ပုံ ကဏ္ဍတွင် ရှေးကပုံရိပ်များ အမည်ဖြင့် ဖြူ/မည်း မှတ်တမ်းဓာတ်ပုံအချို့ကို ဖော်ပြထားသည်။ ထိုအထဲတွင် ဗြိတိန်တော်ဝင်မင်းသမီး အန်းနှင့် ကြင်ယာတော်အဖွဲ့ ယွန်းအတတ်သင်ကျောင်းသို့ လာရောက်လေ့လာနေပုံ၊ ၁၉၉၇ ခုနှစ်၌ ဂျပန်ယွန်း ပညာလေ့လာနေပုံ စသည့်ရှားပါးဓာတ်ပုံများကို တွေ့ရသည်။ ယွန်းပညာကောလိပ်(ပုဂံ) အနေဖြင့် ၁၉၅၃ ခုနှစ်ကတည်းက နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ရှိခဲ့သည်။ ဂျပန်နိုင်ငံနှင့်ပူးပေါင်း၍ ယွန်းပညာရပ်များ ဖလှယ်ခဲ့ကြသည်။ ၂၀၀၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ဂျပန်နိုင်ငံ Asian Lacquer Craft Exchange Research Project နှင့် ပူးပေါင်း၍ နိုင်ငံတကာယွန်းပြပွဲများ ကျင်းပခြင်း၊ နည်းပညာ ဖလှယ်ခြင်းများ ပြုလုပ်ခဲ့သည်။ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ယွန်းပညာကောလိပ်(ပုဂံ)နှင့် ဂျပန်နိုင်ငံ Tokyo National Research Institute for Cultural Properties (TNRICP) တို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး၍ ယွန်းပြတိုက်အတွင်းမှ ရှေးဟောင်းယွန်းထည်ပစ္စည်းများ သုတေသန ပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြသည်။ ၂၀၁၅ ခုနှစ်တွင် ကုလသမဂ္ဂစက်မှုဖွံ့ဖြိုးရေးအဖွဲ့(UNIDO) နှင့် ပူးပေါင်း၍ အီတလီနိုင်ငံမှ ဒီဇိုင်းပညာရှင် Ms. Daniela Bulgarelli က ယွန်းဒီဇိုင်းနှင့် ကုန်ထုတ်ဖွံ့ဖြိုးမှုသင်တန်းကို ကောလိပ်ဝန်ထမ်း များနှင့် ပုဂံဒေသ ယွန်းလုပ်ငန်းရှင်များအား ဖွင့်လှစ် ပို့ချပေးခဲ့သည်။ ၂၀၁၇ ခုနှစ်ထဲမှာပင် အီတလီနိုင်ငံ အနုပညာတက္ကသိုလ်၊ ဂျပန်နိုင်ငံ တိုကျိုအနုပညာ တက္ကသိုလ်များနှင့် ပူးပေါင်း၍ ယွန်းအနုပညာ ဖလှယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ကြ ပါသည်။
ယွန်းထည်လုပ်ငန်း အတတ်သင်ကျောင်းအဖြစ် ဖွင့်လှစ်သင်ကြားနေစဉ်ကာလအတွင်း ၁၉၈၇-၈၉ နှစ်များ၌ပင် အန်းမင်းသမီးနှင့် ကြင်ယာတော်တို့ အပြင် ထိုင်းနိုင်ငံ တော်ဝင်မင်းသား (ယခုထိုင်းဘုရင် မင်းမြတ်) မဟာဗာဂျီရာ လောင်ကွန်၊ မလေးရှား နိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာ မဟာသီယာနှင့် ဇနီး တို့ လာရောက်လေ့လာခဲ့ကြကြောင်းလည်း သိရ သည်။
ဖိတ်ခေါ်ပါသည် ယွန်းပညာကောလိပ်ဆီ
ယွန်းပညာကောလိပ်(ပုဂံ)သည် လူငယ်လူရွယ် များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက်သာမက ဒေသတွင်း ယွန်းလုပ်ငန်းရှင်များ ကိုပါ အကျိုးပြုနေသော ကျောင်းတော်မဟာတစ်ခု ဖြစ်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာ ကောင်းများ ပျောက်ပျက်မသွားရလေအောင် ထိန်းသိမ်းစောင့်ရှောက်ပေးနေသော နေရာဌာန တစ်ခုလည်းဖြစ်ပေသည်။ မြန်မာမှု အနုလက်ရာများ ကို တန်ဖိုးထားသော နိုင်ငံခြားခရီးသွားဧည့်သည် များအတွက်လည်း မဖြစ်မနေ ရောက်သင့်သော၊ ကြည့်ရှုလေ့လာသင့်သော နေရာတစ်ခုဟုဆိုလျှင် မမှားပေ။ မြန်မာနိုင်ငံတွင် တစ်ကျောင်းတည်း ရှိသကဲ့သို့ အရှေ့တောင်အာရှတွင်လည်း တစ်ကျောင်း တည်းသော ယွန်းလက်မှုအတတ်သင်ကျောင်းအဖြစ် ရပ်တည်လျက်ရှိသည်။ အားလုံးရဲ့ ပုဂံဆိုသည့် အတိုင်း မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ စုဝေးရာ ပုဂံ/ ညောင်ဦးဒေသသို့ အလည်တစ်ခေါက် ရောက်ခဲ့ပါလျှင် ပုဂံမြို့ဟောင်းရှိ ယွန်းပညာ ကောလိပ်နှင့် ပြတိုက်သို့ ကြည့်ရှုလေ့လာကာ သစ္စာရှင်ဘုရားအား ဖူးမြော်နိုင်ပါကြောင်း ဖိတ်မန္တကပြုလိုက်ရပါသည်။ ။
- Log in to post comments