
ပြည်သူများအနေဖြင့် အထူးသတိပြုရမည်မှာ မြန်မာနိုင်ငံ၌လည်း ပြည်တွင်းရှိ SARS-CoV-2 ဗိုင်းရပ်စ်ပိုးသည်
မျိုးဗီဇပြောင်းလဲမှုများရှိကာ ကူးစက်မြန်ဗီဇပြောင်းဗိုင်းရပ်စ်မျိုး ထွက်ပေါ်လာနိုင်
နေပြည်တော် ဇန်နဝါရီ ၁၆
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာမကြီးများ၏ ကိုဗစ်-၁၉ ကုသရေးဆိုင်ရာ အတွေ့အကြုံနှင့် ဆန်းစစ် သုံးသပ်တွေ့ရှိချက်များ တင်ပြဆွေးနွေးပွဲကို ယနေ့နံနက် ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ (ယာပုံ)
အထူးဂရုပြု၍ ကုသရ
ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်နေကြသည့် ဆေးတက္ကသိုလ်များနှင့် သူနာပြု တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆေးပညာ၊ အပူပိုင်းနှင့် ကူးစက်ရောဂါပညာ၊ မေ့ဆေးပညာ၊ အရေးပေါ်ကုသမှု ဆေးပညာ စသည့် ဆေးပညာဘာသာရပ်အသီးသီးမှ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် တိုင်းဒေသကြီး/ ပြည်နယ်များမှ ဆေးရုံအုပ်ကြီးများ၊ ဆရာဝန်များ၊ လူနာများကို ပြုစုကုသမှုပေးနေသော သူနာပြုဆရာမကြီးများ၊ သူနာပြုများ၊ စုစုပေါင်း ၇၀၀ ကျော်နှင့် တွေ့ဆုံပြီး လူနာများကုသရာ၌ ပိုမိုထိရောက် စေရန် ဝန်ကြီးဌာနမှ ပံ့ပိုးရမည့်ကိစ္စရပ်များကို ဆွေးနွေး မည်ဖြစ်သည့်အတွက် ယနေ့အစည်းအဝေးသည် အရေးကြီး ပါကြောင်း၊ ကိုဗစ်-၁၉ သည် အခြားရောဂါများနှင့်မတူဘဲ အဆုတ်ကိုသာမက ကိုယ်ခန္ဓာအင်္ဂါစနစ်မျိုးစုံကို ထိခိုက် ပျက်စီးစေသောရောဂါဖြစ်ပြီး ကုသမှုပေးရာတွင် ဆေးပညာ ဘာသာရပ်မျိုးစုံမှ ဆရာဝန်များ၊ ပညာရှင်များနှင့် သူနာပြု များ စုစည်းပူးပေါင်းကုသမှုပေးရသော ရောဂါဖြစ်သည့် အပြင် ရေရှည်တွင်လည်း နောက်ဆက်တွဲဆိုးကျိုးများ ရှိသည်ကို တွေ့ရှိရသဖြင့် အထူးဂရုပြု၍ ကုသရပါကြောင်း၊ မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်းတွင် လူနာ အရေအတွက် ရုတ်ခြည်းများပြားလာခဲ့ရာ ဆေးရုံအသီးသီးမှ ပါမောက္ခကြီးများ၊ ဆရာကြီးများ၊ ဆရာဝန်များ၊ ပညာရှင် များနှင့် သူနာပြုများသည် နေ့မအား၊ ညမနား စိတ်ရော၊ ကိုယ်ပါ ပင်ပန်းစွာ ဆောင်ရွက်ခဲ့ရပါကြောင်း၊ လူနာသယ်ယူ ပို့ဆောင်ရေး၊ ခုတင်နေရာချထားရေး၊ ကုသရေး စသည့် လုပ်ငန်းကိစ္စအဝဝကို စီမံခန့်ခွဲဆောင်ရွက်ပေးနေသည့် ပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆေးရုံအုပ်ကြီးများ၊ ဆရာဝန် ကြီးများ၊ သူနာပြုများနှင့် ကူညီပါဝင် ဆောင်ရွက်ပေး နေသည့် ပရဟိတစေတနာ့ဝန်ထမ်းများကိုလည်း ပြည်သူ များကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း။
ကူးစက်မှုကျဆင်းစေရန် လုပ်ဆောင်
အလားတူ ဆေးပညာဘာသာရပ်အလိုက် သော် လည်းကောင်း၊ ဆေးပညာဘာသာရပ်စုံအလိုက်သော် လည်းကောင်း ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြည်တွင်း/ ပြည်ပ ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ဆောင်ရွက် နေသည်များမှာ မိမိတို့နိုင်ငံ၏ ကုသရေးစနစ်အတွက် ကောင်းမွန်သောလက္ခဏာ ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ လုပ်ငန်းများဆောင်ရွက်ရာတွင် စီမံခန့်ခွဲအုပ်ချုပ်မှု၊ ချိတ်ဆက်ဆောင်ရွက်မှုနှင့် ဆေးဝါးနှင့် ဆေးပစ္စည်းများ အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းမှုတို့သည် လူနာကုသ သည့် ကိစ္စရပ်ကဲ့သို့ပင် အရေးကြီးပါကြောင်း၊ ပြည်သူ့ ကျန်းမာရေးပညာရှင်များအနေဖြင့်လည်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုနည်းပါးကာ ဆေးရုံများသို့ ရောက်ရှိသည့် ကိုဗစ်-၁၉ လူနာအရေအတွက် နည်းပါးစေရေးအတွက် ရောဂါကူးစက်မှု ကွင်းဆက်ဖြတ်တောက်ရေး လုပ်ငန်း များကို အားဖြည့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုသရေး ပညာရှင်များအနေဖြင့် လူနာအရေအတွက် နည်းပါးပါက ပိုမိုအရည်အသွေးကောင်းမွန်သော ကျန်းမာရေးစောင့် ရှောက်မှုကို ပေးအပ်နိုင်မည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကုသရေး ပညာရှင်များနှင့် ပြည်သူ့ကျန်းမာရေးပညာရှင်များ ပူးပေါင်း လက်တွဲကာ အမြင်ချင်းဖလှယ်ပြီး ဆောင်ရွက်လျက်ရှိမှု များကို တွေ့မြင်နေရသည့်အပေါ် မိမိအနေဖြင့် အထူးအားရ ပါကြောင်း၊ ယခုလက်ရှိကာလတွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်မှုမှာ ယခင်လများထက် အနည်းငယ်ကျဆင်း လာသော်လည်း ဆက်လက်၍ ပိုမိုကျဆင်းစေရန် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲအနေဖြင့် အသိပညာပေးစာစောင်များ၊ ပိုစတာများ၊ ရုပ်သံများအမျိုးမျိုး၊ လုပ်ငန်း/ဌာနများအတွက် လမ်းညွှန်များ၊ သိကောင်းစရာများ စုစုပေါင်း ၃၀၀ ခန့် တို့ကို ပြုစုဖြန့်ဝေခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပါးစပ်နှင့် နှာခေါင်းစည်း (mask) မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားစီမံချက်ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁၅ ရက်နှင့် ကိုဗစ်-၁၉ ရပ်တန့် ရေး အဝါရောင်လှုပ်ရှားမှုကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၂၅ ရက်တို့မှစတင်၍ အရှိန်အဟုန်ဖြင့် လုပ်ဆောင်ပြီး နောက်ပိုင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုသည် ယခင်လများထက် ကျဆင်းလာသည်ကို တွေ့ရှိရပါကြောင်း။
အမြန်ဆုံး ပံ့ပိုးဖြည့်ဆည်းသွားမည်
ထို့အပြင် ယခုအခါ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်း များကို မေ့လျော့မှုမရှိစေဘဲ ပိုမိုလိုက်နာကြစေရန်အတွက် မိသားစုအချင်းချင်း၊ မိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဖက် များအချင်းချင်း “တစ်ဦးကိုတစ်ဦး အသိပေးခြင်းနှင့် သတိပေးခြင်း စီမံချက်”ကိုလည်း စတင်လုပ်ဆောင်နေပြီ ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ ပါမောက္ခကြီးများ၊ အထူးကု ဆရာဝန်များ၊ ပညာရှင်များအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများမှ အတွေ့အကြုံများကို အသုံးချ၍ လည်းကောင်း၊ အသုံးချသုတေသနပြုလုပ်၍ လည်းကောင်း ကဏ္ဍအလိုက် ရေရှည်တွင် ကျန်းမာရေး စနစ်တစ်ခုလုံး ပိုမိုတိုးတက်ကောင်းမွန်စေရေး လုပ်ဆောင် ပေးကြစေလိုပါကြောင်း၊ ယနေ့ ဆွေးနွေးရာတွင်လည်း ထိုသို့ ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် အကြံပြုချက် များကို ပွင့်လင်းစွာ ပြောကြားစေလိုပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့်လည်း ဖြည့်ဆည်းဆောင်ရွက်ရမည့် ကိစ္စရပ်များ ကို အမြန်ဆုံး ပံ့ပိုးဖြည့်ဆည်းသွားမည် ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားကာ အသက်ဆုံးရှုံးမှု ၂၉၂၆ ဦး ရှိသကဲ့သို့ ဝန်ကြီးဌာနရှိ တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်း ၂၃၀၀ ကျော်တွင် ကိုဗစ်-၁၉ ကူးစက်မှုများရှိပြီး သုံးဦး သေဆုံးမှု ရှိပါကြောင်း၊ ထိုသို့ ထိခိုက်ဆုံးရှုံးမှုများသည် နိုင်ငံတော်နှင့် ဝန်ကြီးဌာနအတွက် ဝမ်းနည်းဖွယ်ရာ ဆုံးရှုံးမှုများဖြစ်ပြီး အနစ်နာခံဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများကို ဝန်ကြီးဌာနမှ အထူးလေးစားဂုဏ်ပြုပါကြောင်း၊ အသက် ဆုံးရှုံးခဲ့သူ ကျန်းမာရေးဝန်ထမ်း သုံးဦးအတွက် ပံ့ပိုးမှုများ ကိုလည်း ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံး ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ပံ့ပိုးမှု၊ အလှူရှင်များ၏ စေတနာ ထက်သန်လှူဒါန်းမှုနှင့် နိုင်ငံတကာချေးငွေနှင့် ရန်ပုံငွေများဖြင့် ဆေးရုံများ၊ အထူးကြပ်မတ် ကုသဆောင် များ၊ အောက်ဆီဂျင်ပိုက်လိုင်းများ တပ်ဆင်၍ အဆင့် မြှင့်တင်ခြင်း၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာများ ဝယ်ယူ ခြင်းတို့ကို လုပ်ဆောင်လျက်ရှိသဖြင့် ဆေးရုံများတွင် ကုသမှုပိုင်းဆိုင်ရာ၌ များစွာ အားဖြည့်ကောင်းမွန်လာပါ ကြောင်း၊ ဆေးရုံများမှ ဆေးရုံအုပ်ကြီးများ၊ သက်ဆိုင်ရာ ဆေးပညာ ပါမောက္ခများ၊ အထူးကုဆရာဝန်များအနေဖြင့် ပစ္စည်းကိရိယာများ၊ ဆေးဝါးများနှင့် ဆေးပစ္စည်းများ အသုံးပြုမှုအခြေအနေများနှင့် စာရင်းဇယားများကို ဆန်းစစ်ကာ ထပ်မံလိုအပ်မည်များကို မျှော်မှန်းတွက်ချက် ပြီး ဝန်ကြီးဌာနရှိ ဝယ်ယူဖြန့်ဖြူးရေးဌာနခွဲထံသို့ ပေးပို့ ပေးစေလိုပါကြောင်း။
မျိုးဗီဇပြောင်းလဲမှုသစ်များ ဖြစ်ပေါ်
ကိုဗစ်-၁၉ ကို ဖြစ်ပွားစေသော SARS-CoV-2 ဗိုင်းရပ်စ် ပိုးသည် ဗိုင်းရပ်စ်ပိုးတို့၏ သဘောသဘာဝအရ မျိုးဗီဇ ပြောင်းလဲမှုသစ်များ ဖြစ်ပေါ်ပါကြောင်း၊ ယခုလက်ရှိတွင် ထိုသို့ မျိုးဗီဇပြောင်းလဲရာတွင် ကူးစက်မြန် ဗီဇပြောင်း ဗိုင်းရပ်စ် မျိုးကွဲအသစ်များကြောင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်မှု အထူးများပြားနေသည်ကို တွေ့မြင်နေရပါ ကြောင်း၊ ယူကေနိုင်ငံတွင် စတင်တွေ့ရှိခဲ့သော ကိုဗစ်-၁၉ ကူးစက်မြန် ဗီဇပြောင်းဗိုင်းရပ်စ်သည် နိုင်ငံပေါင်း ၅၀ ကျော်နှင့် တောင်အာဖရိကနိုင်ငံတွင် စတင်တွေ့ရှိခဲ့သော ကိုဗစ်-၁၉ ကူးစက်မြန် ဗီဇပြောင်းဗိုင်းရပ်စ်သည် နိုင်ငံ ပေါင်း ၂၀ ကျော်သို့ ပျံ့နှံ့ရောက်ရှိနေပါကြောင်း၊ ဝန်ကြီး ဌာနအနေဖြင့် ထိုသို့ ကူးစက်မြန် ဗီဇပြောင်းဗိုင်းရပ်စ်မျိုးကွဲ အသစ်များ ဝင်ရောက်လာခြင်း မရှိစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ နိုင်ငံတကာမှ ဝင်ရောက်လာသူများအား အသွားအလာကန့်သတ်မှု နှစ်ပတ်ပြုလုပ်ကာ RT PCR စနစ်ဖြင့် နှစ်ကြိမ် ရောဂါပိုး စစ်ဆေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိပါကြောင်း၊ ပြည်သူ များအနေဖြင့် အထူးသတိပြုရမည်မှာ မြန်မာနိုင်ငံ၌လည်း ပြည်တွင်းရှိ SARS-CoV-2 ဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇ ပြောင်းလဲမှုများရှိကာ ကူးစက်မြန် ဗီဇပြောင်းဗိုင်းရပ်စ်မျိုး ထွက်ပေါ်လာနိုင်သည့် အချက်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ပြည်တွင်း၌ အချိန်တိုအတွင်း ကိုဗစ်-၁၉ ကူးစက်မှုများပြား သည့် နေရာဒေသများ ရှိ/မရှိကို အထူးသတိပြု စောင့်ကြပ် ကြည့်ရှုကာ အဆိုပါနေရာဒေသရှိ ကိုဗစ်-၁၉ လူနာများထံမှ ဗိုင်းရပ်စ်ပိုးကို “ဗိုင်းရပ်စ်မျိုးဗီဇတစ်ခုလုံး စစ်ဆေးမှုများ (Whole Genome Sequencing)”ကို ဆေးသုတေသန ဦးစီးဌာနတွင် ပြုလုပ်ရန် မိမိပြောကြားထားပြီး ဖြစ်ပါ ကြောင်း၊ ပြည်သူများအနေဖြင့်လည်း ကိုဗစ်-၁၉ ကူးစက်မှု နည်းပါးသော ကာလဖြစ်စေ၊ များပြားသောကာလ ဖြစ်စေ ပေါ့ဆမှု(လုံးဝ)မရှိဘဲ ရောဂါကာကွယ်ရေး စည်းကမ်းများကို အထူးသတိပြု၍ ဆက်လက်လိုက်နာ ရမည်ဖြစ်ပါကြောင်း၊ ဤရောဂါ၏ သဘောသဘာဝအရ ငုပ်လျှိုးနေသော လူနာများပြန်ပေါ်လာပြီး ရောဂါဖြစ်ပွားမှု များပြားလာနိုင်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် တင်ပြဆွေးနွေးချက်နှင့် အကြံပြုချက်များကို ဝန်ကြီး ဌာနအနေဖြင့် အလေးထားစဉ်းစားကာ ရှေ့လုပ်ငန်းစဉ် များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အကြံပြုတင်ပြ
ထို့နောက် ဆေးတက္ကသိုလ် (၁) အရေးပေါ်ကုသမှု ဆေးပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာ မော်မော်ဦးက ဆေးပညာဘာသာရပ်အသီးသီးမှ ပါမောက္ခ များသည် ပုံမှန်အစည်းအဝေးများ ပြုလုပ်တိုင်ပင်ဆောင် ရွက်နေမှု၊ ကိုဗစ်-၁၉ ကုသရေး လုပ်ငန်းကိစ္စအဝဝတွင် ပါဝင်ဆောင်ရွက်ခဲ့သူများနှင့် Videoconferencing စနစ် ဖြင့် ဆွေးနွေးထားရှိမှုနှင့် စစ်တမ်းပုံစံကောက်ခံတွေ့ရှိ ချက်များ၊ ထိုသို့တိုင်ပင်ဆွေးနွေးမှုများ၊ စစ်တမ်းတွေ့ရှိချက် များအရ ကိုဗစ်-၁၉ ကုသမှုဆိုင်ရာ လုပ်ငန်းစဉ်များတွင် အားသာချက်နှင့် အားနည်းချက်များ၊ ကျန်းမာရေးဝန်ထမ်း များ စိတ်ရော၊ ကိုယ်ပါ ပင်ပန်းနွမ်းနယ်နေမှု အခြေအနေ များ၊ ဆေးရုံများတွင် ကိုဗစ်-၁၉ လူနာဆောင်၊ အထူး ကြပ်မတ် ကုသဆောင်၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာ၊ အောက်ဆီဂျင်ပိုက်လိုင်းများအပါအဝင် နောင်ကာလများ အတွက် ကြိုတင်ပြင်ဆင်ထားရှိရန် အကြံပြုချက်များ၊ လူနာတင်ယာဉ်များဖြင့် သယ်ယူပို့ဆောင်ရေးနှင့် လွှဲပြောင်း ကုသရေးလုပ်ငန်းများအတွက် အကြံပြုချက်များ၊ လူနာ အား ဓာတ်ခွဲစစ်ဆေးပြီး လွှဲပြောင်းသည်မှ ကုသသည်အထိ လည်းကောင်း၊ လူနာခုတင်နေရာချထားမှုအတွက်လည်း ကောင်း ထိုသို့ကုသရာမှ ဆေးရုံဆင်းသည်အထိလည်း ကောင်း လူနာအား အဆင့်ဆင့် နေရာချထားမှု လမ်းကြောင်း (pathway) အတွက် အကြံပြုချက်များ၊ ဆေးရုံများတွင် ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ရေး (infection prevention and control) လုပ်ငန်းစဉ်များအား ဗဟိုအဆင့်ဆေးရုံကြီးများမှ မြို့နယ်၊ တိုက်နယ်အဆင့် ဆေးရုံများအထိ မွမ်းမံသင်တန်းများပေးခြင်းနှင့် အဆင့် မြှင့်တင်ဆောင်ရွက်ခြင်းများ ပြုလုပ်ရန်တို့ကို အသေးစိတ် အကြံပြုတင်ပြသည်။
ဆက်လက်၍ ဆေးတက္ကသိုလ် (၁)၊ အပူပိုင်းနှင့် ကူးစက်ရောဂါပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာမိုးမိုးစမ်းက ဆေးတက္ကသိုလ်(၁)၊ ဆေးတက္ကသိုလ် (၂)၊ ဆေးတက္ကသိုလ်(မန္တလေး)နှင့် ဆေးတက္ကသိုလ် (တောင်ကြီး)တို့မှ ဆေးပညာ၊ အပူပိုင်းနှင့် ကူးစက်ရောဂါ ပညာနှင့် ဟော်မုန်းဗေဒဆေးပညာဌာနများမှ ပါမောက္ခ/ ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ အစည်းအဝေး ပြုလုပ်ခဲ့မှုမှ ဆွေးနွေးအကြံပြုချက်များ၊ ကုသမှုဆိုင်ရာ လုပ်ငန်းလမ်းညွှန်များကို နောက်ဆုံးပေါ် တွေ့ရှိချက်များ နှင့်အညီ မွမ်းမံပြင်ဆင်သွားရန်နှင့် ကျန်းမာရေးပညာရှင် များ မွေးထုတ်မှုလုပ်ငန်းများ အဆက်မပြတ်စေရေးအတွက် အကြံပြုချက်များကို လည်းကောင်း၊ ဆေးတက္ကသိုလ် (၁)၊ မေ့ဆေးပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာမူမူနိုင်က အထူးကြပ်မတ် ကုသဆောင်တွင် ကိုဗစ်-၁၉ လူနာများ ကုသမှုဆိုင်ရာ အတွေ့အကြုံများ၊ ကုထုံးအလိုက် ဆန်းစစ်တွေ့ရှိချက်များနှင့် အထူးကြပ်မတ် ကုသမှုဆိုင်ရာ မွမ်းမံသင်တန်းများ ပြုလုပ်ရန်အတွက် အကြံပြုချက်များကို လည်းကောင်း၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး (သူနာပြု) ဒေါ်စန်းစန်းယဉ်က ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများတွင် သူနာပြုများက အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများနှင့် သူနာပြုများ အတွက် ဘွဲ့လွန်သင်တန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းများ ပိုမိုပေးအပ်နိုင်ရေး အကြံပြုချက်များကို လည်းကောင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး (သူနာပြု) ဒေါ်ဌေးဌေးလှိုင်က သူနာပြုများ သင်ကြားမွေးထုတ်မှုဆိုင်ရာ ရေတိုနှင့် ရေရှည် ကာလအတွက် အကြံပြုချက်များ၊ ပြည်တွင်း/ ပြည်ပ ဘွဲ့လွန်နှင့် စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းများ ပိုမိုတိုးမြှင့်တက်ရောက်နိုင်ရေး အကြံပြုချက်များ၊ လက်တွေ့ ကြုံတွေ့နိုင်သည့် အခြေအနေ၊ ဖြစ်စဉ် (scenario) များဖြင့် သင်ကြားလေ့ကျင့်ပေးနေမှုနှင့် လက်တွေ့သင်ကြား လေ့ကျင့်ခန်း (skill lab) များတွင် သင်ကြားလေ့ကျင့်ပေးနေမှုအခြေအနေနှင့် ပိုမိုကောင်းမွန်စေရေး အကြံပြုချက် များနှင့် ကျန်းမာရေးအသိပညာပေး လုပ်ငန်းများတွင် သူနာပြုသင်တန်း တက်ရောက်နေသူများက ပိုမိုအားဖြည့် ပါဝင်ကာ ဆောင်ရွက်မည်ကို လည်းကောင်း၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးက ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ လူနာများအား ထားရှိကုသနိုင်ရန် လူနာဆောင်များ၊ အထူးကြပ်မတ် ကုသဆောင်များ၊ အောက်ဆီဂျင်ပိုက်လိုင်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ ပြင်ဆင်မွမ်းမံဖြည့်ဆည်းခဲ့မှု၊ အလှူရှင် များ၊ ပရဟိတအဖွဲ့အစည်းများနှင့် စေတနာ့လုပ်သားများ၏ စေတနာထက်သန်စွာ ပါဝင်ကူညီနေမှုများဖြင့် ဆောင်ရွက် နေမှုများ၊လူနာများအတွက် ရေသန့်နှင့် အစားအသောက်များ အား အလှူရှင်များက ကူညီပံ့ပိုးပေးနေမှုများ၊ ဆေးရုံ အုပ်ကြီးများ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အပတ်စဉ်တွေ့ဆုံ ဆွေးနွေးမှု၊ အတွေ့အကြုံဖလှယ် အကြုံပြုမှုများနှင့် ဆေးရုံ များတွင် ယခင်အတွေ့အကြုံများကို အခြေခံ၍ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းဆိုင်ရာ အကြံပြုချက်များကို လည်းကောင်း၊ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ကုသရေး) ဒေါက်တာမိုးခိုင်က နိုင်ငံတစ်ဝန်းတွင် ဆောင် ရွက်နေသော ကိုဗစ်-၁၉ ကုသရေး လုပ်ငန်းများဆိုင်ရာ ခြုံငုံတင်ပြချက်များ၊ ဆန်းစစ်တွေ့ရှိချက်များ၊ ကိုဗစ်-၁၉ လူနာဆိုင်ရာ မှတ်တမ်း အချက်အလက်များကို အီလက်ထရောနစ်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ
မှတ်တမ်းဖြည့်သွင်းမှုအတွက် အထောက်အကူပြုအဖွဲ့ (data assistant) များ ထပ်မံလိုအပ်နေမှု၊ နိုင်ငံတစ်ဝန်းလုံးရှိ ဆေးရုံများမှ အထူးကြပ်မတ်ကုသဆောင်များ အဆင့် မြှင့်တင်ဆောင်ရွက်ရေး လုပ်ငန်းများအတွက် ရေတိုနှင့် ရေရှည်ကာလအတွက် အကြံပြုချက်များကို လည်းကောင်း အသီးသီးတင်ပြခဲ့ကြပြီး တက်ရောက်လာကြသည့် ပါမောက္ခချုပ်၊ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/ ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ မြို့နယ် ဆရာဝန်များ၊ သူနာပြုဆရာမကြီးများက ဝိုင်းဝန်းဆွေးနွေးမှု နှင့် အကြံပြုမှုတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အကြံပြုတင်ပြချက် များနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေးခြင်း၊ ဖြည့်ဆည်း ပံ့ပိုးခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ဆွေးနွေးအကြံပြုချက်များအား တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဆေးရုံများမှ ဆေးရုံ အုပ်ကြီးများထံ ပေးပို့ခြင်းဖြင့် ၎င်းတို့၏ ဆေးရုံများနှင့် ကိုက်ညီသည့်အချက်များအား မွမ်းမံပြင်ဆင်ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊ ယခု ပါမောက္ခဆရာဝန်ကြီးများနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များတွင် စာရင်းဇယား၊ ကိန်းဂဏန်းအချက်အလက်များ၊ စစ်တမ်းတွေ့ရှိချက်များ ကို စနစ်တကျ ဆန်းစစ်သုံးသပ်ထားသောကြောင့် လက်တွေ့အခြေအနေနှင့် နီးစပ်တူညီမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ယခုတင်ပြချက်များအပေါ်မူတည်၍ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ခြင်းနှင့် ထပ်မံလေ့ကျင့်သင်တန်းပေးခြင်းလုပ်ငန်းများကို အမြန်ဆုံး လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ သည် ကမ္ဘာ၌ ဖြစ်ပွားမှုအနည်းအများသာ ကွာခြားကာ ဆက်လက်ရှိနေဦးမည်ဖြစ်သဖြင့် ခေတ်မီသတင်းအချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုံး သင်ကြားပို့ချမှု များကို ဆေးနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၌ ပိုမို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် အထူးကြပ်မတ်ကုသမှုဆိုင်ရာ ဆေးပညာနှင့် အထူး ကြပ်မတ် သူနာပြုစုမှုပညာဆိုင်ရာ စွမ်းဆောင်ရည်မြှင့် သင်တန်းများကို ပိုမိုလုပ်ဆောင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရန်အတွက် မေ့ဆေးပညာပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများအား သင်ရိုးညွှန်းတမ်းကို သင်ခန်းစာကဏ္ဍအလိုက် တာဝန်ခွဲဝေယူကာ ရေးဆွဲစေလို ပြီး သင်ရိုးညွှန်းတမ်းအသစ်ဖြင့် အင်တာနက်မှတစ်ဆင့် သော်လည်းကောင်း၊ လက်တွေ့သင်ကြားရန် လိုအပ်သည် များကို လက်တွေ့သင်ကြားမှုများဖြင့် လည်းကောင်း အမြန်ဆုံး သင်ကြားဆောင်ရွက်စေလိုပါကြောင်း။
အလားတူ ပါမောက္ခ/ ဌာနမှူးများ၊ ပညာရှင်ကြီးများ အနေဖြင့် ဗိုင်းရပ်စ်ဗေဒ၊ ကိုယ်ခန္ဓာခုခံစွမ်းဗေဒ၊ သုတေသနပညာနှင့် ကျန်းမာရေးစာရင်းအင်းပညာဆိုင်ရာ မဟာသိပ္ပံဘွဲ့လွန်သင်တန်းသစ်များကိုလည်း ဖွင့်လှစ်နိုင်ရန် အမြန်ဆုံး ဝိုင်းဝန်းဆောင်ရွက်ကြစေလိုပါကြောင်း၊ သူနာပြုများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းအမျိုးမျိုး၊ ဘွဲ့လွန်သင်တန်းအမျိုးမျိုးအတွက် အကြံပြု ချက်များသည် ကောင်းမွန်သဖြင့် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အီလက်ထရောနစ်စနစ်ဖြင့် မှတ်တမ်းများ စတင်ဆောင် ရွက်လျက်ရှိသဖြင့် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ စာရင်းဇယား များ ပိုမိုပြည့်စုံလာမည်ဖြစ်ကာ ရှေ့လုပ်ငန်းများ ချမှတ် ရာ၌ မှန်ကန်ကောင်းမွန်မည်ဖြစ်ပါကြောင်း၊ ဆေးရုံများတွင် သူနာပြုများ ကုသမှုမှတ်တမ်းများကို စာရွက်များအသုံးပြု ရေးသားနေခြင်းမှ အီလက်ထရောနစ်စနစ်ဖြင့် မြန်ဆန် လွယ်ကူစွာ ဆောင်ရွက်နိုင်ရေး ကနဦးစမ်းသပ်မှုများ လုပ်ဆောင်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနရှိ ဦးစီးဌာန အားလုံးတွင် လိုအပ်သည့် လစ်လပ်နေရာများကို ဖြည့်တင်း နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်မှုဖြင့် ရေးဆွဲသည့် ဖွဲ့စည်းပုံ (functional organogram) ကိုလည်း အမြန်ဆုံး အပြီးသတ်ပြုစုကာ ဆောင်ရွက်တော့မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ နေထိုင်ရေးအတွက် အဆောက် အအုံများ ဆောက်လုပ်ခြင်းအပြင် ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ ဆောက်လုပ်ထားပြီးသော အဆောက်အအုံများကို ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ်၌ ဝယ်ယူခဲ့သကဲ့သို့ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ်တွင်လည်း လုပ်ဆောင်ရန် စီစဉ်လျက် ရှိပါကြောင်း၊ ဝန်ကြီးဌာနရှိ တက္ကသိုလ်များနှင့် သင်တန်း ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သင်တန်း သား/သူများ နေထိုင်ရေးအတွက်ကိုလည်း အထူးကိစ္စရပ် တစ်ခုအနေဖြင့် ကြိုတင်ပြင်ဆင်ထားရှိရမည် ဖြစ်ပါ ကြောင်း၊ ဆေးရုံများတွင် ရောဂါကူးစက်မှု ကာကွယ် ထိန်းချုပ်ရေး (infection prevention and control) လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ Videoconferencing စနစ် ဖြင့် ဆွေးနွေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခြင်းတို့ကို ပုံမှန်ဆက်လက် ပြုလုပ်စေလိုပါကြောင်း၊ သူနာပြု တက္ကသိုလ်(မန္တလေး)မှ အကြံပြုတင်ပြခဲ့သည့် ဆရာ၊ ဆရာမများနှင့် သင်တန်းသား/သူများက ဆောင်ရွက်သွား မည့် “ကိုဗစ်-၁၉ လူထုအခြေပြု ကျန်းမာရေးအသိပညာပေး စီမံချက်”သည် ကောင်းမွန်သဖြင့် စတင်လုပ်ဆောင်တော့မည်ဖြစ်ပါကြောင်း၊ ဆေးရုံအလိုက် ဆေးရုံများတွင်ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်ရေး (infection prevention and control) အတွက် အကဲဖြတ်စာရင်း (checklist) များဖြင့် ဆန်းစစ်ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင် ရွက်ထားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
သတင်းစဉ်