ပလတ်စတစ်ညစ်ညမ်းမှု  (သို့မဟုတ်) လူသားမျိုးဆက်အတွက် သံချောင်းခေါက်သံ

Type
88

 

 

သီဟစည်သူ

 

လူ့သွေးအတွင်း  မိုက်ခရိုပလတ်စတစ် အမှုန်အမွှားများကို သိပ္ပံပညာရှင်များက  ပထမဆုံး   စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပတ်ဝန်းကျင်    ထိန်းသိမ်းရေးဆိုင်ရာ   ဂျာနယ်တစ်စောင်ကို     ကိုးကားဖော်ပြ ထားသည့် သတင်းတစ်ပုဒ်ကို ဖတ်ရှုလိုက် ရသည်။ 
သုတေသနပြု လေ့လာ
မိုက်ခရိုပလတ်စတစ်နှင့် ပတ်သက်၍ အရွယ်ရောက်ပြီး ကျန်းမာသန်စွမ်းသူ ၂၂ ဦး၏ သွေးနမူများအနက် ၁၇ ဦးတို့၏ သွေး များထဲတွင်  ပလတ်စတစ်အမှုန်အမွှားများ ကို   စစ်ဆေးတွေ့ရှိခဲ့ခြင်း     ဖြစ်သည်။ ထိုသွေးနမူနာများအနက် ထက်ဝက်ခန့် တွင် PET ဟုခေါ်သည့်  ပလတ်စတစ်အမှုန် အမွှားများ ပါရှိနေကြောင်း စစ်ဆေးမှုရလဒ် များက ဖော်ပြသည်။ အဆိုပါ PET ပလတ် စတစ်အမှုန်အမွှားများသည်  လူအများ နေ့စဉ်အသုံးပြုနေသည့် တစ်ခါသုံးခွက် များ၊ ပလတ်စတစ် ရေဘူးများ၊ အစားအစာ ထုပ်ပိုးသော အိတ်များပြုလုပ်သည့် ပိုလီ အီသိုင်လင်းပါဝင်သည့်   ပလတ်စတစ် ပစ္စည်းများကို အဓိကထား သုတေသနပြု လေ့လာစစ်ဆေးခဲ့ခြင်းဖြစ်သည်။
“ပထမဆုံး သွေးနမူနာထဲမှာ စစ်ဆေး တွေ့ရှိခဲ့တာကတော့  ပိုလီမာအမှုန်တွေ ဖြစ်ပါတယ်၊ သွေးထဲမှာ ဒီလို အမှုန်အမွှား တွေ   တွေ့ရှိတဲ့    အကျိုးဆက်ကိုတော့ နောက်ထပ်    လေ့လာဆန်းစစ်မှုတွေ အများကြီး ဆက်လုပ်နေဆဲပါ၊ ဒီအကျိုး ဆက်ဟာ ဖြေရှင်းလို့မရနိုင်သေးတဲ့ ပုစ္ဆာ တွေပါပဲ၊ ဆက်လက်လေ့လာဖို့ အများကြီး ကျန်ပါသေး”ဟု မိုက်ခရိုနှင့် နာနိုပလတ်စတစ်အမှုန်အမွှားများနှင့်  ပတ်သက်၍ လေ့လာရေးအစီအစဉ်ကို   ဦးဆောင်သူ နယ်သာလန်နိုင်ငံ အမ်စတာဒန်မြို့ရှိ Vrjie တက္ကသိုလ်မှ ဂေဟဗေဒပညာရှင် ပါမောက္ခ ဒစ်ခ်ဗက်သက်ခ်က ဆိုသည်။  
အဆိုပါ  သေးငယ်လှသည့်   ပလတ် စတစ်အမှုန်အမွှားများသည်   ညစ်ညမ်း သောလေကို ရှူရှိုက်မိခြင်းနှင့်   အစား အစာ၊    သောက်သုံးရေတို့မှတစ်ဆင့် လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများ အတွင်း သို့ ပျံ့နှံ့ရောက်ရှိ သွားပြီးနောက်  ယင်း ပလတ်စတစ် အမှုန်အမွှားများကြောင့်  လူ့ခန္ဓာကိုယ်ဆဲလ်များကို  ပျက်စီးစေ ခြင်းများ ဖြစ်ပေါ်စေနိုင်ခြင်း နှင့် ယင်း၏  အကျိုးဆက်ကြောင့်   နှစ်စဉ်  နှစ်တိုင်း သန်းပေါင်းများစွာသော လူသားတို့သည် အချိန်မတိုင်မီ  သေဆုံးမှုများ   ဖြစ်ပေါ် နေခြင်းဖြစ်နိုင်ကြောင်း လေ့လာသူများက ‌ထောက်ခံအတည်ပြုထားသည်။  
ထုထည်ကြီးမားလှသည့်   ပလတ် စတစ်  ညစ်ညမ်းမှုများသည်   သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများကို  ဖြစ်ပေါ်စေသည့်အပြင် ယခုအခါ သေးငယ် လှသည့်  ပလတ်စတစ်အမှုန်အမွှားများ သည် ဧဝရတ်တောင်ထိပ်မှအစ သမုဒ္ဒရာ အဆုံး ဤဘဒ္ဒကမ္ဘာမြေကြီးနှင့်  သက်ရှိ သက်မဲ့ဇီဝမျိုးစုံမျိုးကွဲများနှင့်   သတ္တဝါ အပေါင်းကို ဆိုးရွားစွာဒုက္ခပေးနေပြီဖြစ် သည်။  အဆိုပါ   ပလတ်စတစ်အမှုန် အမွှားများသည် မွေးကင်းစကလေးငယ် ကအစ   အရွယ်ရောက်သူ   လူကြီးအဆုံး   ၎င်းတို့၏  မျက်နှာနှင့်  ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့ရောက်ရှိ လျက်ရှိကြောင်း လေ့လာမှု ရလဒ်များက ဆိုသည်။ 
ဗြိတိန်နိုင်ငံ၊ ပို့စ်မောက် တက္ကသိုလ်မှ  ဒေါက်တာ ဖေးကော်ချယ်ရို ဦးဆောင် သည့်  မိုက်ခရိုပလတ်စတစ် များဆိုင်ရာ အဖွဲ့သစ်ကလည်း ပလတ်စတစ်ညစ်ညမ်း မှု၏   ကျန်းမာရေးဆိုင်ရာ    အကျိုး သက်ရောက်မှုများကို သုတေသနစတင် နေပြီဖြစ်သည်။  ၎င်းတို့၏  ပထမဆုံး ပရောဂျက်သည် ပို့စ်မောက်တက္ကသိုလ် NHS ဆေးရုံနှင့် ပူးပေါင်း၍ နာတာရှည် အဆုတ်ရောဂါ  (COPD)  နှင့်   ပန်းနာ ရင်ကျပ်ဝေဒနာရှင်များ၏    အဆုတ် အတွင်း မိုက်ခရိုပလတ်စတစ်များပါဝင် မှုကို စုံစမ်းစစ်ဆေးခဲ့သည်။ ဒေါက်တာ ဖေးကော်ချယ်ရို ဦးဆောင်သော သုတေ သနပြုချက်များအရ   လူသားများသည် ၎င်းတို့၏  နေအိမ်အတွင်းမှ   နေ့စဉ် မိုက်ခရိုပလတ်စတစ် ၂၀၀၀ နှင့်  ၇၀၀၀ ကြား ရှူရှိုက်၊ မျိုချနေကြကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။
သွေးကြောများကို ပိတ်ဆို့
လေ့လာမှုများအရ သွေးများထဲတွင် ရောက်ရှိနေသည့် မိုက်ခရိုပလတ်စတစ် အမှုန်အမွှားများက  လူ့သွေးကြောများ ကို ပိတ်ဆို့ပျက်စီးမှုများ ဖြစ်ပွားစေနိုင် ကြောင်း သုံးသပ်ထားသည်။ ထို့အတူ မိုက်ခရိုနှင့်    နာနိုပလတ်စတစ်အမှုန် အမွှားများသည် ကိုယ်ဝန်ဆောင်မိခင်၏ ခန္ဓာကိုယ်ဆဲလ်များ၊    အချင်းတိုင်နှင့် အချင်းအတွင်း၌     တွေ့ရှိနေရသဖြင့် နောင်မွေးဖွားလာမည့် လူသားမျိုးဆက် အတွက်ပါ အန္တရာယ်ရှိလာပြီဖြစ်ကြောင်း သုတေသီများက ဆိုသည်။
ပို့စ်မောက် ဆေးရုံကောလိပ်မှ NHS အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျွမ်းကျင် သူ ပါမောက္ခ  အန်နွတ်ဂျီဗင်ချော်ဟန် က  ဤစစ်ဆေးတွေ့ရှိချက်သည်   အမှန် တကယ်ပင် တုန်လှုပ်ဖွယ်ဖြစ်ပြီး ကျွန်ုပ် တို့  နှစ်စဉ် မိုက်ခရိုပလတ်စတစ်  အမှုန် အမွှားတစ်သန်းကနေ    ရှစ်သန်းခန့် ရှူသွင်းခြင်း  သို့မဟုတ်  မျိုချမိခြင်းများ ဖြစ်နိုင်ပြီး  ယင်းအမှုန်အမွှားများသည် လူ့ခန္ဓာကိုယ်အတွက် မည်မျှထိခိုက်နိုင် မည်ဆိုသည်ကို တွေးကြည့်ရန်ပင် ခက်ခဲ သည်ဟု မှတ်ချက်ပြုသည်။
၂၀၂၀ ပြည့်နှစ်အတွင်းက အိန္ဒိယ နိုင်ငံ    အမျိုးသားစံချိန်စံညွန်းနှင့်   နည်း ပညာအင်စတီကျုမှ       ပြုလုပ်သည့် လေ့လာမှုတစ်ရပ်တွင်လည်း တစ်ခါသုံး အပူခံခွက်တစ်ခွက်တွင် မိုက်ခရိုပလတ် စတစ်အမှုန် ၂၅၀၀၀ ခန့်၊ ဇင့်၊ ခဲနှင့် ခရို မီယံဓာတ်များ ပါဝင်ကြောင်း၊ အဆိုပါ ခွက်များမှ  ၁၀၀   ဒီဂရီဆဲလ်စီးယပ် အပူချိန်တွင် တစ်လီတာ ပမာဏလျှင် သန်းပေါင်းများစွာသော   နာနိုပလတ် စတစ်အမှုန်အမွှား     များစွာပျော်ဝင်  ထွက်ရှိကြောင်း    သုတေသနပြုစစ်ဆေး တွေ့ရှိခဲ့သည်ဟု     အိန္ဒိယတိုင်းမ်၏ သတင်းတစ်ပုဒ်တွင်  ဖော်ပြထားသည်။ 
မြန်မာနိုင်ငံတွင်   နေ့စဉ်   အမှိုက် တန်ချိန် ၂၀၀၀၀ ထွက်ရှိနေပြီး ရန်ကုန် တစ်မြို့တည်း၌ပင်      တစ်ရက်လျှင်  အမှိုက်တန်ချိန် ၂၃၀၀ မှ ၂၅၀၀ ထွက်ရှိ နေမှုမှ တန်ချိန် ၂၃၀၀ မျှသာ  သိမ်းဆည်း နိုင်သေးကြောင်း     နယ်သာလန်နိုင်ငံမှ လေ့လာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။    အလားတူ   မန္တလေးမြို့မှ  နေ့စဉ်   အမှိုက်   ၉၅၅    တန်နှင့်  နေပြည်တော်မှ  နေ့စဉ် အမှိုက်တန်ချိန်    ၂၀၀   စွန့်ထုတ်လျက် ရှိသည်။   ထိုသို့သော   မြို့ကြီးများ၌ပင်             စည်းကမ်းမဲ့  အမှိုက်စွန့်ပစ်မှုများအတွက် ထိရောက်စွာ   အရေးယူခြင်း   မပြုလုပ် နိုင်သေးသဖြင့်   အမှိုက်ခွဲခြား   စွန့်ပစ်မှု အတွက် စည်းမျဉ်း၊ စည်းကမ်းများ ချမှတ်မှု နှင့် အရေးယူမှုများ ပြုလုပ်ရန်မှာ    အလှမ်းဝေးလျက်ရှိနေ သေးသည်။  ထိုသို့သော စွန့်ပစ်အမှိုက်များ ထဲတွင်    ပလတ်စတစ်အမှိုက်များမှာ ၁၃ ရာခိုင်နှုန်းနှင့်အထက်     ပါဝင်နေကြောင်း အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု ဆိုင်ရာ    မဟာဗျူဟာထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တန်ချိန် သန်း ၃၈၀ ကျော် စွန့်ပစ်
ကမ္ဘာပေါ်တွင် နှစ်စဉ်နှစ်တိုင်း ပလတ် စတစ်တန်ချိန် သန်း ၃၈၀ ကျော် စွန့်ပစ် လျက်ရှိရာ ပလတ်စတစ်    ညစ်ညမ်းမှုသည် ကုန်းမြေနှင့်     ပင်လယ်သမုဒ္ဒရာအတွင်းရှိ  ရေနေသက်ရှိ   သတ္တဝါများ ထိခိုက်ပျက်စီး စေခြင်း၊ သဘာဝပတ်ဝန်း ကျင်ညစ်ညမ်းမှု များနှင့် ရေထုညစ်ညမ်းမှုများ   ဖြစ်ပေါ် စေသည့်အပြင်   မိုက်ခရိုနှင့်     နာနို ပလတ်စတစ်   အမှုန်အမွှားများကြောင့် လူသားတို့၏ ကျန်းမာရေးကိုပါ တိုက်ရိုက် ဆိုးကျိုး  သက်ရောက်မှုများကိုပါ ဖြစ်ပေါ် စေလျက်ရှိသဖြင့်  လူသား မျိုးဆက်အတွက် အန္တရာယ်သံချောင်း       ခေါက်သံပေး လိုက်ခြင်းပင်    ဖြစ်သည်။     ထို့ကြောင့် ပလတ်စတစ်ကို        လျှော့ချသုံးစွဲခြင်း၊  ပြန်လည်တီထွင်           အသုံးပြုခြင်းနှင့် စနစ်တကျစွန့်ပစ်ခြင်းတို့ကို           တစ်ဦး တစ်ယောက်ချင်းစီက   လိုက်နာဆောင် ရွက်ကြပါစို့။