ပါလက်စတိုင်းဆက်သွယ်ရေးကွန်ရက်ကို အမေရိကန်က တိုးတက်ကောင်းမွန်အောင် ကူညီမည်ဟုဆို

 

ရာမယ်လာ    ဇူလိုင်   ၁၆


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ပါလက်စတိုင်းသမ္မတ မာမွတ် အက်ဘာစ်နှင့် တွေ့ဆုံခဲ့ပြီး အမေရိကန် ဒေါ်လာ သန်း ၃၀၀ ကျော် ကူညီထောက်ပံ့ပေးရန် ကတိပြုခဲ့ကြောင်း အင်န်အိတ်ချ်ကေသတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။ 

 


သမ္မတ ဂျိုးဘိုင်ဒင်သည် အရှေ့အလယ်ပိုင်းခရီးစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် အနောက်ဘက်ကမ်းဒေသရှိ ဘက်သလင်ဟမ်မြို့တော်သို့   သောကြာနေ့က   ရောက်ရှိခဲ့ကြောင်း  သိရသည်။  အမေရိကန်နိုင်ငံသည် ပါလက်စတိုင်း ဒုက္ခသည်များကို ကူညီထောက်ပံ့ပေးသည့် ကုလသမဂ္ဂအဖွဲ့အစည်းများကို ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်းနှင့်  ပါလက်စတိုင်း၏  ဆက်သွယ်ရေးကွန်ရက်ကိုလည်း  တိုးတက်ကောင်းမွန်အောင် ကူညီပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ 

 


ဘိုင်ဒင်သည်   သမ္မတဟောင်း   ဒေါ်နယ်ထရန့်  အစိုးရလက်ထက်က  ဆက်ဆံရေးယိုယွင်းလာသည့် ပါလက်စတိုင်းနှင့်  ဆက်ဆံရေးကို တိုးတက်ကောင်းမွန်အောင်  ရည်ရွယ်ထားကြောင်း  ပြောသည်။    

 
အင်န်အိတ်ချ်ကေ