ပခုက္ကူဦးအုံးဖေတည်ထောင်သော (၂၈)ကြိမ်မြောက် ပခုက္ကူစာပေဆု

Type
99

 

မောင်ငြိမ်းသူ (ကြို့ပင်ကောက်) 

 

“စာဖတ်ပရိသတ်ပြည်သူများအတွက် အကျိုးပြုစာပေများ ရှင်သန်ထွန်းကားရေးနှင့် မြန်မာစာပေဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ရန်”ဟူသော ရည်ရွယ်ချက်ဖြင့် ပခုက္ကူမြို့ ဗိုလ်ချုပ်လမ်းနေ သိန်းတစ်ရာဆေးပေါင်းရုံပိုင်ရှင် ဦးအုံးဖေက သူ၏ စာပေဒါန  မတည်လှူဒါန်းငွေများဖြင့် ၁၉၉၄ ခုနှစ်မှ စ၍ ပခုက္ကူစာပေဆုကို နှစ်စဉ်ချီးမြှင့်ခဲ့ရာ ယခုနှစ်တွင် (၂၈)ကြိမ်မြောက်   ပခုက္ကူစာပေဆုချီးမြှင့်ပွဲကို  ဇူလိုင် ၈ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပရန် စီစဉ်နေကြလေပြီ။

 

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် (၂၇)ကြိမ် မြောက် ပခုက္ကူစာပေဆုချီးမြှင့်ပွဲကို ၂ဝ၂ဝ ပြည့်နှစ် တွင် ပုံမှန်အတိုင်း မကျင်းပနိုင်ခဲ့ဘဲ   ၂၀၂၁  ခုနှစ် ဧပြီ ၂  ရက်မှ ကျင်းပနိုင်ခဲ့သည်။ ထို့ကြောင့် ယခု (၂၈)ကြိမ်မြောက်    ပခုက္ကူစာပေဆုချီးမြှင့်ပွဲကို လည်း ပုံမှန်ကျင်းပရမည့်အချိန်ထက် နောက်ကျ ပြီးမှ ကျင်းပရခြင်းဖြစ်ပါသည်။

 


စာပေဒါန စာပေဆုအစ


သိန်းတစ်ရာဆေးပေါင်းရုံပိုင်ရှင်  ဦးအုံးဖေသည် ဘဝသံသရာခရီးတွင် လောကဓံ၏   အဖိအနှိပ် အထုအထောင်းဒဏ်ကို   အကြိမ်ကြိမ်ခံခဲ့ရရာမှ အခါအခွင့်သင့်တိုင်း    လက်လှမ်းမီရာစာများကို ဖတ်ရှုမှတ်သား လိုက်နာကျင့်သုံးခဲ့သည်။
ဦးအုံးဖေသည်  စာဖတ်ခြင်းအကျိုးကျေးဇူး ကြောင့် အသိအမြင်ကျယ်ပြန့်   ဗဟုသုတတိုးပွားလာ ပြီး ရိုးရိုးသားသားကြိုးစားလာခဲ့ရာ  သိန်းတစ်ရာ ဆေးပေါင်းရုံပိုင်ရှင်ကြီးဘဝသို့   ရောက်ရှိခဲ့သည်။ ဦးအုံးဖေသည် ကွယ်လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်အထိ  ကိုယ်ပိုင်ကားမစီးဘဲ စက်ဘီးဖြင့်သာ   သွားလာ နေခဲ့သည့်အပြင်   လမ်းလျှောက်သွားလာသင့်ပါက လမ်းလျှောက်သွားလာခဲ့သည်။ အသုံးနှင့်အဖြုန်းကို ခွဲခြားချင့်ချိန်သုံးသပ်ပြီး   သမ္မာအာဇီဝစီးပွားရေး လုပ်ငန်းကိုသာ စွဲစွဲမြဲမြဲ ဇွဲရှိစွာလုပ်ကိုင်ခဲ့သည်။ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားရှာဖွေ စုဆောင်း နိုင်ခဲ့သောကြောင့် ဆေးပေါင်းရုံပိုင်ရှင်ကြီး ဖြစ်လာ ခဲ့ပါသည်။

 


ငွေကြေးဓန ပြည့်စုံကြွယ်ဝလာသော ဦးအုံးဖေ သည် ဘဝ၏အတက်အကျကို ကိုယ်တွေ့ခံစားခဲ့ရ သောကြောင့်  ဘဝကို   မည်သည့်အခါမျှမမေ့ဘဲ ကြုံတွေ့ခဲ့ရသည်များကို စာနာကူညီလိုစိတ်များ ပေါ်ပေါက်နေလေ့ရှိသည်။ ထို့ကြောင့် လူမှုရေးကိစ္စ အဝဝတွင်လည်း စေတနာထက်သန်စွာ   လှူဒါန်း ခဲ့သည်။ ၁၉၆၁ ခုနှစ်မှစတင်၍ ၁၉၇၁ ခုနှစ်အထိ ပခုက္ကူမြို့တွင်     အနာကြီးရောဂါသည်များအား   လုံချည်တစ်ကွင်းစီ စတင်လှူဒါန်းခဲ့သည်။ ၁၉၈၁ ခုနှစ်က အသက် ၆၄ နှစ်မြောက် အထိမ်းအမှတ် အဖြစ်  ငွေကျပ်   ၆၄၀၀၀၀  တိတိကို   မီးဘေး ကယ်ဆယ်ရေးရန်ပုံငွေအဖြစ်    လှူဒါန်းခဲ့သည်။  ၁၉၉၅ ခုနှစ်တွင် ပခုက္ကူမြို့၌   ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်ကို ငွေကျပ်သိန်း ၆၀ ခန့် မတည် လှူဒါန်း၍ ဆောက်လုပ်ခဲ့သည်။

 


ဦးအုံးဖေသည်     အထက်တွင်ဖော်ပြခဲ့သော စာပေရည်ရွယ်ချက်ဖြင့် စာပေဒါနကို  ဆက်လက် ဆောင်ရွက်လိုသောကြောင့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ဥက္ကဋ္ဌ   ဦးစိုးညွန့်(ထီလာစစ်သူ)ထံသို့ ၁၉၉၁ ခုနှစ် နိုဝင်ဘာလတွင် နှုတ်ဖြင့်ရော၊ စာဖြင့်ပါ ကမ်းလှမ်းခဲ့သည်။  သူ၏ အသက် ၇၅ နှစ်မြောက်မွေးနေ့တွင် စာပေဆု မတည်ငွေသား ကျပ် ၇၅ သိန်း လှူဒါန်းလိုကြောင်း၊ စာပေဆုကို လည်း “ပခုက္ကူစာပေဆု”ဟု ခေါ်တွင်စေလိုကြောင်း၊ စာပေဆုရန်ပုံငွေကို ထိန်းသိမ်းကြီးကြပ်စီမံခန့်ခွဲ ရန် ကော်မတီတစ်ရပ်ကို   ဖွဲ့စည်းစေလိုကြောင်း၊ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ကပင် စာပေ ဆု စိစစ်ရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်းကာ စာပေဆု စည်းမျဉ်းများ ရေးဆွဲသတ်မှတ် ပြဋ္ဌာန်းပေးစေလို ကြောင်း မေတ္တာရပ်ခံ အကူအညီတောင်းခဲ့သည်။

 


ဦးအုံးဖေ၏ မေတ္တာရပ်ခံချက်အရ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ကလည်း    လိုအပ်သည် များကို ပံ့ပိုးကူညီပေးခဲ့ရာ ဦးအုံးဖေက  ငွေကျပ် ၇၆ဝ၁၂၇၉  လွှဲအပ်လှူဒါန်းပွဲကို   ၁၉၉၂  ခုနှစ် မေ ၃၁ ရက်တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ်   မြို့မကျောင်း လမ်းရှိ အမျိုးသားဇာတ်ရုံကြီး၌ ကျင်းပခဲ့သည်။

 


ပခုက္ကူစာပေဆုပြိုင်ပွဲကိုလည်း ၁၉၉၃ ခုနှစ် တွင် စတင်ဖိတ်ခေါ်ခဲ့ပြီး ပထမဆုံးအကြိမ် ပခုက္ကူ စာပေဆုချီးမြှင့်ပွဲကို ၁၉၉၄ ခုနှစ်တွင် ကျင်းပနိုင်ခဲ့ သည်။ မူလက (၇၅)နှစ်ပြည့်အထိမ်းအမှတ် ၇၅ သိန်း လှူဒါန်းရန် ရည်မှန်းထားသော်လည်း ၇၆  နှစ်ထဲ ရောက်သွားသဖြင့် ငွေကျပ် ၇၆ သိန်းအပြင် သူ၏ မွေးသက္ကရာဇ် ၁၂၇၉ ကိုပါ ရည်စူးကာ   လှူဒါန်း သမျှတွင် ၁၂၇၉ ကျပ်ကိုပါ အမြဲတမ်းထည့်သွင်းလှူဒါန်းနေကြောင်း သိရသည်။ ထိုမျှသာမကသေးဘဲ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က ကျင်းပခဲ့သော (၁၀) ကြိမ်မြောက် ပခုက္ကူစာပေဆု ချီးမြှင့်ပွဲတွင် ငွေကျပ်သိန်း ၅၀ ကို ထပ်မံလှူဒါန်းခဲ့သည်။

 


စာပေဆုအလှူရှင်   ဦးအုံးဖေက သူ မတည် လှူဒါန်းထားသော  အလှူငွေများကို    ရန်ပုံငွေ စည်းကမ်းအရ ဘဏ်တွင်အပ်နှံထားပြီး အတိုးငွေ တန်ဖိုးစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကို စာပေဆုအဖြစ် နှစ်စဉ်ခွဲဝေပေးရန်၊ ၃ဝ ရာခိုင်နှုန်းကို အသုံးစရိတ် အဖြစ် သုံးစွဲရန်၊ ၁ဝ ရာခိုင်နှုန်းကို အရင်းအနှီးတိုးပွား စေရန်အတွက်  ဘဏ်တွင်    ဆက်လက်ထားရှိရန် သတ်မှတ်ထားခဲ့သည်။     ဆိုလိုသည့်သဘောမှာ နှစ်စဉ် ဘဏ်တိုး၏ ၉၀ ရာခိုင်နှုန်းကိုသာ သုံးစွဲခွင့် ပြုခဲ့ခြင်းဖြစ်သည်။

 


ပခုက္ကူစာပေဆုကို အမျိုးအစား   ခြောက်မျိုး သတ်မှတ်ထားရာ (၁)ဝတ္ထုရှည်ဆု၊ (၂) ဝတ္ထုတို ပေါင်းချုပ်ဆု၊ (၃) ကဗျာပေါင်းချုပ်ဆု၊ (၄) ကျမ်း စာပေဆု၊ (၅)သုတေသနစာပေဆုနှင့် (၆)တစ်သက် တာ စာပေဆုများဖြစ်သည်။ စာပေဆုများအတွက် ဘာသာရပ်တစ်ခုချင်းစီအလိုက်        စာမူများကို ဖိတ်ခေါ်ယှဉ်ပြိုင်စေခြင်းဖြစ်ပြီး    တစ်သက်တာ စာပေဆုအတွက် ဘဝတစ်သက်တာလုံး  စာပေ အကျိုးကို  ရွပ်ရွပ်ချွံချွံ   သယ်ပိုးထမ်းရွက်ခဲ့သူ၊ စာပေလောကသား သက်ရှိပုဂ္ဂိုလ်များထဲမှ စိစစ် ရွေးချယ်စေခြင်းဖြစ်သည်။ 

 


စာပေဆုအပြင် ၁၉၉၄ ခုနှစ်မှစ၍ ပညာသင် ဆုအဖြစ် အမျိုးသားယဉ်ကျေးမှုနှင့်  အနုပညာ တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ နှစ်ဦးစီကို ချီးမြှင့်ခဲ့သည်။ ထို့ပြင် စာပေဆုကိုလည်း ဘာသာရပ် တစ်ခုချင်းတွင် တစ်ဆုစီသာ ချီးမြှင့်ခဲ့ရာမှ ၁၉၉၄ ခုနှစ်တွင် ဒုတိယဆုများ၊ ၁၉၉၆ ခုနှစ်တွင် တတိယ ဆုများ တိုးမြှင့်ချီးမြှင့်ခဲ့ပါသည်။

 


မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့၏အမွေ ကို ဆက်ခံခဲ့သော မြန်မာနိုင်ငံစာရေးဆရာအသင်း အနေဖြင့်လည်း ပခုက္ကူစာပေဆု စိစစ်ရွေးချယ်ခြင်း ရန်ပုံငွေကြီးကြပ်ထိန်းသိမ်းခြင်းလုပ်ငန်းများကို နှစ်စဉ်မပျက် ကြိုးပမ်းထမ်းရွက်နေပြီး ဆုချီးမြှင့်ပွဲ များကို ပြန်ကြားရေးဝန်ကြီးဌာန    ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်မှ   တာဝန်ရှိသူ များနှင့် ပူးတွဲလျက် အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်ခဲ့ကြသည်။ 

 


ဦးအုံးဖေကွယ်လွန်သွားပြီးနောက် ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပခဲ့သည့်   ပခုက္ကူ ဦးအုံးဖေ စာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီက ရန်ပုံငွေတိုးပွားလာစေရေးနှင့်       ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးအတွက်   စာပေဆုအမည်ကို “ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေ ဆု”ဟူ၍ အမည်ပြောင်းလဲသတ်မှတ်ခဲ့သည်။

 


အလှူရှင်သတ်မှတ်ခဲ့သော ဘဏ်တိုးထဲတွင် ၆ဝ ရာခိုင်နှုန်းကို (စာပေဆုများအတွက်   လည်း ကောင်း)၊ ၃ဝ ရာခိုင်နှုန်းကို (အသုံးစရိတ်အတွက် လည်းကောင်း) စုစုပေါင်း ဘဏ်တိုးထဲမှ ၉၀ ရာခိုင် နှုန်း သုံးစွဲခွင့်မှာ ခေတ်အခြေအနေအရ လုံလောက် မျှတစွာ သုံးစွဲနိုင်ခြင်းမရှိသဖြင့်  စာပေဆုရန်ပုံငွေ ကြီးကြပ်ရေးကော်မတီက အလှူရှင်များကို နှစ်စဉ် ရှာဖွေ ဖြည့်ဆည်းပေးခဲ့ရသည်။ အထူးသဖြင့် စာပေ ဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီဝင် ဒုဥက္ကဋ္ဌ (၁)ဖြစ်သော ဦးတင့်ဆွေ(ယခုကွယ်လွန်)သည် စာပေ ဆုအတွက်ရော ပခုက္ကူမြို့ရှိ ဦးအုံးဖေစာကြည့်တိုက် အတွက်ပါ နှစ်စဉ်အလှူခံပေးခဲ့ရာ    အထူးပင် ကျေးဇူးကြီးမားလှပါပေသည်။ အလှူရှင် ဦးအုံးဖေ အတွက် ဦးတင့်ဆွေက  အစွမ်းကုန်အကျိုးဆောင် ပေးခဲ့လေရာ ပခုက္ကူစာပေဆုနှင့် ပခုက္ကူမြို့ ဦးအုံးဖေ စာကြည့်တိုက်ဆုအတွက်        ဂုဏ်တက်စေခဲ့ပါ သည်။

 


ပခုက္ကူစာပေဆုကို ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့ရာမှ မြန်မာနိုင်ငံ  စာရေး ဆရာအသင်းသို့ ၂၀၁၃ ခုနှစ်တွင် လွှဲပြောင်းပေးခဲ့ မှုအခြေအနေကို  တင်ပြလိုပါသည်။ ထိုအချိန်က လွှဲပြောင်းပေးခဲ့သော   ပခုက္ကူဦးအုံးဖေစာပေဆု ရန်ပုံငွေမှာ ငွေကျပ် ၃၆၈ သိန်းကျော်သာ   ရှိခဲ့ပါ သည်။ ဘဏ်တိုးနှုန်းမှာ တစ်နှစ်လျှင် ငွေကျပ်သိန်း ၄၀ ခန့်သာရခဲ့ရာ မြန်မာနိုင်ငံစာရေးဆရာအသင်းက စာပေစေတနာရှင်၊ အလှူရှင်များကို နှစ်စဉ်ရှာဖွေ အကူအညီတောင်းခံခဲ့ရပါသည်။ စာပေဆုချီးမြှင့်ပွဲ ကုန်ကျစရိတ်က နှစ်စဉ် ငွေကျပ်သိန်း ၆၀  ကျော်၊ ၇၀ ကျော်ခန့် ကုန်ကျခဲ့ပါသည်။ ယခုဆိုလျှင် ငွေကျပ် သိန်း ၁၀၀ ကျော် ကုန်ကျနေပါသည်။   ထိုက်သင့် သော စာပေဆုချီးမြှင့်ငွေ တိုးမြှင့်ပေးခြင်းနှင့်  ကုန်ကျ စရိတ် မြင့်တက်လာခြင်းကြောင့် စာပေဆုရန်ပုံငွေကို နှစ်စဉ် စိစစ်ချွေတာ သုံးစွဲနေခဲ့ရသလို အလှူရှင်များ ကိုလည်း ရှာဖွေနေခဲ့ရပါသည်။ ထိုသို့  ကုန်ကျငွေ များပြားသည့်ကြားမှ ရန်ပုံငွေမလျော့နည်းအောင် မြန်မာနိုင်ငံစာရေးဆရာအသင်းက စွမ်းဆောင်နိုင် သမျှ ကြိုးပမ်းခဲ့ရာ ယခုဆိုလျှင် ရန်ပုံငွေ ထိုက်သင့် အားလျော်စွာ ရရှိနေပါသေးသည်။

 


“ပခုက္ကူဦးအုံးဖေတည်ထောင်သော    ပခုက္ကူ စာပေဆု”ချီးမြှင့်မှု (၂၈)ကြိမ်အတွင်း တစ်သက်တာ စာပေဆုရှင် ၃၃ ဦး ပေါ်ထွက်ခဲ့ပြီး စာပေဆုပေါင်း ၃၃၆ ဆုကို ချီးမြှင့်နိုင်ခဲ့ပြီးဖြစ်ပါသည်။    ပခုက္ကူ စာပေဆုချီးမြှင့်ပွဲတွင် ပခုက္ကူဦးအုံးဖေ စာကြည့် တိုက်ဆုကိုပါ ၂၀၀၃ ခုနှစ်မှစတင်၍ ပူးတွဲချီးမြှင့်ခဲ့ရာ ယခုအကြိမ်အထိ ဆုရသူ ၄၀ အား  ချီးမြှင့်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

 


ပခုက္ကူဦးအုံးဖေ       တစ်သက်တာစာပေဆု ရရှိသူများကို မှတ်တမ်းတင်ထားရာ
     ၁။     ၁၉၉၄ ခုနှစ်တွင် ဆရာကြီး   ဦးထင်ဖတ် (မောင်ထင်)နှင့် ဆရာကြီး   ဦးတင်မြင့် (သင်္ခါ) (နှစ်ဦး) 
     ၂။     ၁၉၉၅ ခုနှစ် ဇန်နဝါရီလတွင် ဦးရန်အောင် (ရန်အောင်)နှင့်      ဦးသိန်းမောင်(သုခ)(နှစ်ဦး)
    ၃။     ၁၉၉၅ ခုနှစ် ဒီဇင်ဘာလတွင် ဦးကိုလေး (ဇေယျာမောင်)
       ၄။     ၁၉၉၇ ခုနှစ်တွင် ဦးထင်ကြီး  (တက္ကသိုလ် ထင်ကြီး)
    ၅။    ၁၉၉၈  ခုနှစ်တွင် ဦးအုန်းဖေ (တက်တိုး)
     ၆။     ၁၉၉၉ ခုနှစ်တွင်    ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)
    ၇။    ၂၀၀၀  ပြည့်နှစ်တွင်    ဦးသန်းထွတ် (တိုက်စိုး)
    ၈။     ၂၀၀၁ ခုနှစ်တွင် ဦးဌေးမြိုင် (ဒဂုန်တာရာ)
     ၉။     ၂၀၀၂ ခုနှစ်တွင် ဦးလှကြိုင်(ပါရဂူ)
    ၁၀။    ၂၀၀၃ ခုနှစ်တွင် ဦးမျိုးသန့်(မောင်ဆုရှင်)
    ၁၁။     ၂၀၀၄ ခုနှစ်တွင် ဒေါ်ရင်ရင်(စောမုံညင်း)
    ၁၂။    ၂၀၀၅ ခုနှစ်တွင် ဦးကြည်အေး (ဆင်ဖြူကျွန်း အောင်သိန်း)နှင့် ဒေါ်ကြန်(မကြန်)(နှစ်ဦး)
    ၁၃။      ၂၀၀၆   ခုနှစ်တွင် ဒေါ်သိန်းဆိုင်(မမြတ်လေး)
    ၁၄။     ၂၀၀၇ ခုနှစ်တွင် ဒေါ်ခင်ဆွေဦး(ခင်ဆွေဦး)
    ၁၅။     ၂၀၀၈   ခုနှစ်တွင် ဒေါက်တာသော်ကောင်း (ဦးသော်ကောင်း)
    ၁၆။     ၂၀၀၉ ခုနှစ်တွင်    ဒေါက်တာကျော်စိန် (ဒေါက်တာကျော်စိန်)
    ၁၇။    ၂၀၁၀  ပြည့်နှစ်တွင်   ဒေါက်တာ ဦးသိန်း ညွန့် (ညွန့်ဝေ-ကသာ)
    ၁၈။    ၂၀၁၁ ခုနှစ်တွင် ဦးမြင့်ကြွယ် (မောင်မြင့် ကြွယ်)
     ၁၉။     ၂၀၁၂ ခုနှစ်တွင်     ဦးမောင်မောင်ခင်  (တက္ကသိုလ် မောင်မောင်ခင်)
     ၂၀။     ၂၀၁၃ ခုနှစ်တွင် ဦးဘသန်း(မဟာဝိဇ္ဇာ)
    ၂၁။    ၂၀၁၄ ခုနှစ်တွင် ဦးတင်ခ (တက္ကသိုလ် တင်ခ)
    ၂၂။      ၂၀၁၅ ခုနှစ်တွင် ဦးညိုဝင်းနှင့် ဒေါက်တာ ချစ် (နှစ်ဦး)
     ၂၃။      ၂၀၁၆  ခုနှစ်တွင်    ဦးမောင်ကလေး (သောကြာမောင်ကလေး)
      ၂၄။     ၂၀၁၇ ခုနှစ်တွင်  ဦးချစ်လွင် (တောသား ကြီး လူနိုင်) 
    ၂၅။     ၂၀၁၈  ခုနှစ်တွင်   ဒေါက်တာသန်းဦး (ပြည်စိုးမင်း) 
    ၂၆။    ၂၀၁၉   ခုနှစ်တွင် ဦးမြတ်သူ(တက္ကသိုလ် မြတ်သူ) 
    ၂၇။    ၂၀၂၁   ခုနှစ်တွင်    ဒေါ်ကြွယ်ကြွယ် (မကြွယ်ကြွယ်)
     ၂၈။     ၂၀၂၂ ခုနှစ်တွင် ဒေါက်တာမျိုးသန့်တင်နှင့်       ဦးညွန့်ဆွေ (မောင်ဆွေသက်) (နှစ်ဦး) စုစုပေါင်း ၃၃ ဦး ဖြစ်ပါသည်။

 


အလှူရှင် ဦးအုံးဖေသည် စာပေဆုများအပြင် ပညာရေးအတွက်ပါ လှူဒါန်းခဲ့ရာ ၁၉၉၇ ဇန်နဝါရီ ၉ ရက်က ရန်ကုန်မြို့    အမျိုးသားဇာတ်ရုံ၌ ကျင်းပ ခဲ့သော ပခုက္ကူဦးအုံးဖေစာပေဆု ဆုပေးပွဲအခမ်း အနားတွင် ပညာရေးရန်ပုံငွေအဖြစ် ငွေ ၅၂၀၁၂၇၉ ကျပ်ကို နိုင်ငံတော်သို့ လှူဒါန်းခဲ့ပါသည်။ ထိုလှူဒါန်း ငွေကို ရင်းနှီးမြှုပ်နှံရာမှရရှိသော အတိုးအညွန့်များ ဖြင့် အခြေခံပညာအထက်တန်းတွင်  ဘာသာရပ် တစ်ခုချင်းအလိုက်    အမှတ်အများဆုံးရရှိသော ကျောင်းသား   ကျောင်းသူ   သုံးဦးစီကို ချီးမြှင့်စေခဲ့ပါ သည်။ နှစ်စဉ်ကျင်းပခဲ့သော ပခုက္ကူစာပေဆုချီးမြှင့် ပွဲများတွင် ပညာရေးဝန်ကြီးဌာနက  စိစစ်ရွေးချယ် ပေးခဲ့ကြသော  ထူးချွန်ကျောင်းသား ကျောင်းသူများ ကို အလှူရှင်  ဦးအုံးဖေ၏ဆန္ဒနှင့်အညီ နှစ်စဉ် ချီးမြှင့်နိုင်ခဲ့ကြသော်လည်း   ကိုဗစ်-၁၉  ရောဂါ ကြောင့်  ပညာရည်ချွန်ဆုများကို    ချီးမြှင့်နိုင်ခြင်း မရှိဘဲ ရပ်နားထားကြရပါသည်။

 


စေတနာရှင်ဦးအုံးဖေသည် သူနေထိုင်ကြီးပြင်း ခဲ့ရာ ဇာတိကျေးရွာ “ထနောင်းကုန်းရွာ အသိပညာ  စာကြည့်တိုက်”သို့လည်း ငွေကျပ် ၂၄ သိန်း မတည် လှူဒါန်းခဲ့သေးသည်။ 

 


ဦးအုံးဖေသည် ၁၉၈၁ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ဘာသာရေးနှင့် လူမှုရေးအတွက် ငွေကျပ် ၄၇၈ သိန်း ကျော် လှူဒါန်းခဲ့ပါသည်။ ထိုခေတ်ထိုအခါကာလက လှူဒါန်းခဲ့သော စုစုပေါင်းအလှူငွေကျပ် ၄၇၈ သိန်း ကျော်မှာ    လွန်စွာတန်ဖိုးရှိ  ထူးမြတ်လှပါပေ သည်။

 


လှူဒါန်းမှုရက်ရော      စေတနာဖြူစင်သော ဦးအုံးဖေသည် စာပေဒါနအဖြစ်    စာပေဆုများ၊ စာကြည့်တိုက်များ၊     ပညာရည်ချွန်ဆုများကို လှူဒါန်းရုံဖြင့်   အားမရသေးဘဲ   သူကိုယ်တိုင် တွေ့ကြုံခဲ့ရသော   ဘဝအတွေ့အကြုံအဖုံဖုံထဲမှ ကောင်းတာရောဆိုးတာပါ မခြွင်းမချန်ဘဲ  သူ၏ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်များကို     ရေးသား ထုတ်ဝေခဲ့ရာ  စာချစ်သူများကို  ဆွဲဆောင်နိုင်စွမ်း ရှိခဲ့ပါသည်။     မျိုးဆက်သစ်လူငယ်များအတွက် သင်ခန်းစာရယူဖွယ်၊ သံဝေဂရဖွယ်၊ အားကျအတု ယူဖွယ်များ ပါဝင်ပါသည်။  သူ့ဘဝအတွေ့အကြုံ စာပေဒါန  ပေးဝေမျှခဲ့သည့်   စာအုပ်သုံးအုပ်မှာ တွေ့ရကြုံရကျွန်တော့်ဘဝ (ပထမအတွဲ)၊ (ဒုတိယ အတွဲ)(တတိယအတွဲ)များ ဖြစ်ကြပါသည်။

 


ဦးအုံးဖေ၏       ဘဝအစိတ်အပိုင်းမှန်များကို ဦးအုံးဖေ၏ဆန္ဒနှင့်အညီ ဆရာတက္ကသိုလ် စိန်တင် က  “ပခုက္ကူဦးအုံးဖေ ဘဝခရီးနှင့် အောင်မြင်နည်း အတွေ့အကြုံများ”  စာအုပ်ကို   ရေးသားထုတ်ဝေ ခဲ့ရာ ၁၉၉၃ ခုနှစ်တွင် အမျိုးသားစာပေဆုကို  ရရှိခဲ့ ပါသည်။ ထိုနည်းတူ   ဦးအုံးဖေကလည်း သူရေးသား ခဲ့သည့်  တွေ့ရကြုံရ ကျွန်တော့်ဘဝ စာအုပ်များ ဖြင့်  ၂၀၀၁ ခုနှစ်   ဆရာဝန်တင်ရွှေ    စာပေဆုကို ထိုက်တန်စွာရရှိခဲ့ပါသည်။ မြန်မာနိုင်ငံ စာရေးဆရာ အသင်း၏ သက်ကြီးကန်တော့ခံ  စာပေပညာရှင် ကြီးလည်း ဖြစ်ခဲ့ပါသည်။ 

 


အသက် ၈၁ နှစ်အရွယ်တွင် ကွယ်လွန်သွားရှာ သော သူ၏မိခင်ကို တမ်းတပြီး “ကျုပ်အမေလောက် အသက်ရှည်ရင် ကျေနပ်ပါပြီဗျာ။   လုပ်စရာရှိတဲ့ စာပေတာဝန်ကလေးတွေ ပြီးပြတ်အောင်လုပ်သွား ချင်လို့ပါ။ လှူချင်တာလေးတွေလှူပြီးရင်   သေဆို သေပါ့မယ်ဗျာ။ အဆင်သင့်ပါပဲ”ဟု ဆရာတက္ကသိုလ် စိန်ဝင်းအား ပြောကြားခဲ့သော    ဦးအုံးဖေသည် မြန်မာသက္ကရာဇ် ၁၂၇၉    ခုနှစ်တွင်   ပခုက္ကူမြို့ ထနောင်းကုန်း    ရှားတောကျေးရွာ၌  မွေးဖွားခဲ့ပြီး ၂၀၀၈ ခုနှစ် ဧပြီ ၁၃ ရက် (မြန်မာသက္ကရာဇ် ၁၃၇ဝ ပြည့်နှစ်) အသက် ၉၁ နှစ်အရွယ်တွင် ပခုက္ကူမြို့၌ ကွယ်လွန်သွားခဲ့ပါသည်။

 


ဦးအုံးဖေအား နိုင်ငံတော်က ၁၉၉၃ ခုနှစ်တွင်“လူမှုထူးချွန်(ပထမအဆင့်)”  ပေးအပ်ချီးမြှင့်ခဲ့ပါ သည်။ ကွယ်လွန်သွားရှာသော    ဦးအုံးဖေသည် မြန်မာစာပေနှင့်အတူ ဘယ်သောအခါမျှ နာမည် မသေဘဲ သားအစဉ် မြေးအဆက် မြစ်အညွန့် အဓွန့် ရှည်ကြာ  တည်တံ့ခိုင်မြဲနေမည်မှာ   မလွဲဧကန်ပါ တည်း။ 

 


ပခုက္ကူဦးအုံးဖေ စာပေဆုသည် သူ၏ရည်ရွယ် ချက်နှင့်အညီ မြန်မာစာပေတိုးတက်မြင့်မားရေး နှင့် အကျိုးပြုစာပေများ    ရှင်သန်ထွန်းကားရေး အတွက် စံပြုအတုယူထိုက်သည့် စာပေဆုပင်ဖြစ် သည်။ မြန်မာနိုင်ငံစာရေးဆရာအသင်း၏ ရည်ရွယ် ချက်များနှင့်လည်း ကိုက်ညီနေလေရာ မြန်မာနိုင်ငံ စာရေးဆရာအသင်းအနေဖြင့်လည်း   အခြေအနေ ပေးလျှင်ပေးသည့်အလျောက် “ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆု”     ဆက်လက် ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းမျိုးစုံ ဖြင့် ကြိုးပမ်းထမ်းရွက်သွားရန်   သန္နိဋ္ဌာန်ချမှတ် ထားပါသည်။
 

ကိုးကား
    -        တက္ကသိုလ်စိန်တင်၏ ပခုက္ကူဦးအုံးဖေဘဝ ခရီးနှင့် အောင်မြင်နည်း      အတွေ့အကြုံများ စာအုပ်၊
    -    ဆုချီးမြှင့်ပွဲတိုင်းတွင် ဖြန့်ဝေခဲ့သော    ပခုက္ကူ စာပေဆုအကြောင်းအရာစာအုပ်များ၊