ပခုက္ကူစာပေဆုများ ထုတ်ပြန်ကြေညာ တစ်သက်တာစာပေဆုကို ဆရာကြီး ဒေါက်တာမျိုးသန့်တင်၊ ဆရာကြီး ဦးညွန့်ဆွေ(မောင်ဆွေသက်)တို့ ရရှိ

 

ရန်ကုန်   ဧပြီ    ၂၈


ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆုကို နှစ်စဉ်ချီးမြှင့်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်အတွက် ပခုက္ကူစာပေဆုရရှိသူများ၏အမည်စာရင်းကို ပခုက္ကူစာပေဆုရန်ပုံငွေ ကြီးကြပ်ရေးကော်မတီက ယနေ့ ထုတ်ပြန်ကြေညာသည်။

 


ကဗျာပေါင်းချုပ်ဆုတွင် ပထမဆုကို ကိုလေးပြည့် ရေးဖွဲ့သည့် “အမေကဗျာ ဆရာမ နှင့် အခြား ကဗျာများ”၊ ဒုတိယဆုကို သမီးပျို ရေးဖွဲ့သည့် “မုဒိတာရနံ့နှင့် အခြားကဗျာများ”၊ တတိယဆုကို ကြည်သိန်းဇော် ရေးဖွဲ့သည့် “ခေတ်ဆန်းချိန်ကဗျာ ပေါင်းချုပ်” စာမူတို့က လည်းကောင်း၊ ဝတ္ထုရှည် ဆုတွင်  ပထမဆုကို တင်တော်ရေးသားသည့် “အလင်းမီးတိုင် နေလပြိုင်၍  ထွန်းလင်းပြလိုက်ချင်”၊ ဒုတိယဆုကို မျှဝေ(ဥက္ကံ) ရေးသားသည့် “ကုသိုလ်တစ်ပဲအတွက် အရင်းအနှီး”၊ တတိယဆုကို မေသနပ်ခါး ရေးသားသည့် “ပျော်ရွှင်မှုဆိုတဲ့ ပူဖောင်းလေးတွေ” စာမူတို့ကလည်းကောင်း၊ ဝတ္ထုတိုပေါင်းချုပ်ဆုတွင် ပထမဆုကို ရွှေညောင်မြေမောင်စန်းမြင့် ရေးသားသည့် “ဥယျာဉ်မှူးနှင့် ပန်းပွင့်များ”၊ ဒုတိယဆုကို စံဝင်းအောင် (မြန်အောင်) ရေးသားသည့် “ယူဇနာနှင့် သိန်းလေးသောင်းနှင့် အခြားဝတ္ထုတိုများ”၊ တတိယဆုကို ထက်ဝေအောင် (စစ်ကိုင်း) ရေးသားသည့် “မေတ္တာမိုးရေနှင့် အခြားဝတ္ထုတိုများ” စာမူ တို့က လည်းကောင်း၊ ကျမ်းစာပေဆုတွင် ဒုတိယဆုကို မောင်အောင် ရေးသားသည့် “ကျေးဇူးရှင်အဖေနှင့် ပတ်သက်သည့် စာစုများ”၊ သုတေသနစာပေဆုတွင် ပထမဆုကို ဆွေဇင်ညွန့်(ACPE) ရေးသားသည့် “တစ်ပိုင်တစ်နိုင် ဝမ်းစာကြိတ် ဆန်စက်ငယ်အခြေခံ”၊ ဒုတိယဆုကို ဘိုးရာဇာ ရေးသားသည့် “စိုက်ပျိုး ရေးရာ ပြဿနာအဖြေရှာ”၊ တတိယဆုကို ကျော်ဝင်း(စက်မှုအင်ဂျင်နီယာ) ရေးသားသည့် “ သံနှင့်သတ္တု များ ထုတ်လုပ်ခြင်းနှင့် သံမဏိအမျိုးမျိုးဖြင့် ပြောင်းလဲအသုံးပြုခြင်း အတတ်ပညာ”   စာမူတို့က လည်းကောင်း အသီးသီးရရှိကြသည်။ 

 


၂ဝ၂ဝပြည့်နှစ်အတွက် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆု၊ တစ်သက်တာစာပေဆုကို ဆရာကြီး ဒေါက်တာမျိုးသန့်တင်နှင့် ဆရာကြီး ဦးညွန့်ဆွေ (မောင်ဆွေသက်)တို့ ရရှိသည်။

 


 ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆု ပညာသင်ဆုကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှ မသဇင်ထက် ဒုတိယနှစ် (သဘင်ပညာဌာန)နှင့် အမျိုးသားယဉ်ကျေး မှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ မောင်ထင်ရှားအောင် ဘွဲ့ကြိုတန်း(ဒုတိယနှစ်)အနုပညာဌာနခွဲ (ပန်းချီ)တို့က ရရှိကြသည်။

 


၂ဝ၂ဝပြည့်နှစ်အတွက် ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်စာအုပ်ဆုကို ကြည်ထွန်းမော် ရေးသားသည့် “ရွှေဝယ်သူတွေ မသိသေးတဲ့ ရွှေလောက မသမာမှုများ” စာအုပ်၊ ဒေါက်တာညိုအောင်ရေးသားသည့် “သမိုင်းမြစ်ဖျား” စာအုပ်တို့က ရရှိကြသည်။
ပခုက္ကူဦးအုံးဖေတစ်သက်တာဆုကို ယခင် ခြောက်သိန်းချီးမြှင့်ရာမှ ယခုနှစ်တွင် ၁၀ သိန်း ချီးမြှင့် မည်ဖြစ်ပြီး ပခုက္ကူဦးအုံးဖေစာမူဆု ပထမဆုကို ယခင် လေးသိန်းမှ ယခု ခုနစ်သိန်း၊ ဒုတိယဆုကို ယခင် သုံးသိန်းမှ ယခု ငါးသိန်း၊ တတိယဆုကို ယခင် နှစ်သိန်းမှ ယခု လေးသိန်း ချီးမြှင့်သွားမည်ဖြစ် ကြောင်း သိရသည်။

 


ပခုက္ကူစာပေဆု ဆုရရှိသူများသည် စာတည်းမှူးချုပ်၊ စာပေဗိမာန် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည် လမ်း ရန်ကုန်မြို့ စာတည်းမှူးချုပ် ၀၁-၂၄၀၀၄၈ နှင့် စီမံရေးရာဌာန ၀၁-၃၈၁၄၄၉ သို့ ဆက်သွယ် ကြရန်နှင့် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆု ချီးမြှင့်ပွဲအခမ်းအနားတွင် ပညာရည်ချွန် ဆုနှင့် စာကြည့်တိုက်စာအုပ်ဆုပါ ချီးမြှင့်သွားမည်ဖြစ်ပြီး ကျင်းပမည့်အချိန်၊ နေရာ၊ ရက်တို့ကို ထပ်မံ ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။                                                              

 သတင်းစဉ်