ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်း ထောင်ဒဏ်သုံးနှစ်ချမှတ်ခံရ

 

အစ္စလာမ္မာဘတ်  ဩဂုတ်  ၅


ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်း ကို    ပြည်တွင်းတရားရုံးတစ်ရုံးက    ဩဂုတ်  ၅ ရက်တွင်   ထောင်ဒဏ်သုံးနှစ်   ချမှတ်ခဲ့ သည်ဟု    သိရသည်။    ၎င်း၏ဘဏ္ဍာရေး ဆိုင်ရာပိုင်ဆိုင်မှုများကို   ဖုံးကွယ်ထားမှုဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ 


အစိုးရလက်ဆောင်ပစ္စည်းများကို တရား မဝင်ရောင်းချမှုနှင့်ပတ်သက်ပြီး       ယခင် အာဏာရပါတီ      ပီတီအိုင်၏       ဥက္ကဋ္ဌဖြစ်သူ အင်မရန်ခန်းကို    ထောင်ဒဏ်ချမှတ်ခြင်းဖြစ် ကြောင်း ပြည်တွင်းတရားရုံးမှ တရားသူကြီး က ကြေညာခဲ့သည်။ 


တရားရုံးဆုံးဖြတ်ချက်နှင့်   ပတ်သက်၍ အသေးစိတ်       အချက်အလက်များကို   နောက်ပိုင်းတွင်  မျှဝေပေးသွားမည်ဟု  တရား သူကြီးက ပြောသည်။    ထို့ပြင် အင်မရန်ခန်း ကို   ရူပီး  ၁၀၀၀၀၀  ဒဏ်ရိုက်ခဲ့သည်။ အဆိုပါ ဒဏ်ကြေးငွေကို     မပေးဆောင်ပါက   နောက် ထပ်   ထောင်ဒဏ်   ခြောက်လကျခံရမည်ဟု သိရသည်။ 


အင်မရန်ခန်းကို ဖမ်းဆီးရန်အတွက်လည်း  တရားရုံးက  အမိန့်ထုတ်ခဲ့သည်။    တရားရုံး စီရင်ချက်ချစဉ်က       ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းမှာ တရားရုံးတွင် မရှိပေ။ ခန်းမှာ လာဟိုးမြို့အရှေ့ပိုင်း ၎င်း၏နေအိမ်၌ရှိနေပြီး   ဖမ်းဆီးရန်  ရဲများက နေအိမ်ကို   ပိတ်ဆို့ထား ကြောင်း   ပြည်တွင်းမီဒီယာများတွင်   ဖော်ပြ ကြသည်။      


ဆင်ဟွာ