ပိုးသတ်ဆေး ၂၄၅ မျိုး မှတ်ပုံတင်ခွင့်ပြုနိုင်ရန် ပိုးသတ်ဆေးနည်းပညာကော်မတီက ဆန်းစစ်နေ

ရန်ကုန်   အောက်တိုဘာ  ၁၇ 


စိုက်ပျိုးရေးကဏ္ဍတွင် အရည်အသွေး ပြည့်မီပြီး အန္တရာယ်ကင်းသော ပိုးသတ် ဆေးကို  ထိရောက်စွာအသုံးပြုလျက် သီးနှံအထွက်နှုန်းတိုးမှုဖြင့်   ပြည်တွင်း စားသုံးမှုသာမက   ဈေးကွက်ဝင်  ပြည်ပ ပို့ကုန်အဖြစ်တင်ပို့နိုင်ရန်  ပိုးသတ်ဆေး ၂၄၅ မျိုးအား  မှတ်ပုံတင်ခွင့်ပြုပေးနိုင်ရေးကို စိုက်ပျိုးရေး၊‌ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန      ပိုးသတ်ဆေးနည်းပညာ ကော်မတီက ဆန်းစစ်လျက်ရှိကြောင်း သိရသည်။


ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန် သီးနှံများ   စိုက်ပျိုးထုတ်လုပ်ရာတွင် အာဟာရပြည့်ဝပြီး ဘေးကင်းလုံခြုံမှုနှင့် စံချိန်စံညွှန်းနှင့်အညီ တိုးမြှင့်ထုတ်လုပ် နိုင်ရန် အန္တရာယ်ကင်းသော  ပိုးသတ်ဆေး များ   ထိရောက်စွာအသုံးပြုနိုင်ရေးကို စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ယနေ့အထိ ပိုးသတ်ဆေး ၃၈၈၉ မျိုးကို မှတ်ပုံတင်

ပြုထားပြီး ဖြစ်သည်။
“ပိုးသတ်ဆေး ၂၄၅ မျိုးကို မှတ်ပုံတင် ခွင့်ပြု/မပြုကို  ပိုးသတ်ဆေးနည်းပညာကော်မတီအစည်းအဝေး   လုပ်ပြီးပါပြီ။    အဲဒီအပေါ်မှာ  နည်းပညာကော်မတီကအကောင်းဆုံးဝေဖန်သုံးသပ်ပြီးတော့မှဘုတ်အဖွဲ့(PRP)ကို   တင်ပေးပါတယ်။ အတည်ပြုပြီးမှသာ မှတ်ပုံတင်နိုင်မှာပါ။လက်ရှိပိုးသတ်ဆေးစုစုပေါင်း ၃၈၈၉ မျိုး ကို       အသိအမှတ်ပြုထားပါတယ်”ဟု စိုက်ပျိုးရေး၊‌ မွေးမြူရေးနှင့်  ဆည်မြောင်း ဝန်ကြီးဌာနမှ     တာဝန်ရှိသူတစ်ဦးက   ပြောသည်။


ပိုးသတ်ဆေး   မှတ်ပုံတင်ခြင်းနှင့် လုပ်ငန်းလိုင်စင်  လျှောက်ထားခြင်းကို အွန်လိုင်းစနစ်ဖြင့်              ဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိပြီး သီးနှံစိုက်ပျိုး ရာ၌      ပိုးသတ်ဆေးနှင့်ပတ်သက်၍  လည်းကောင်း၊    အထွက်နှုန်းတိုးရန် ဆောင်ရွက်ရာ၌    သိရှိလိုသည်များကို လည်းကောင်း ဝန်ကြီးဌာနနှင့် သက်ဆိုင် ရာ  ပိုးသတ်ဆေးကုမ္ပဏီများက    ရုံး ပိတ်ရက်မှအပ တောင်သူများကို ဖြေကြား ပေးလျက်ရှိသည်။  


စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံ အနေဖြင့် တောင်သူတို့၏     လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုသည် စိုက်ပျိုးရေးကဏ္ဍ အောင်မြင်မှုပေါ်တွင်    အခြေခံသည့် အတွက်  သီးနှံအထွက်တိုးမှုနှင့် ခေတ် စနစ်နှင့်အညီ       ဘေးကင်းလုံခြုံသော   နည်းပညာကို အသုံးပြုနိုင်ရေး ဆောင်ရွက် ပေးလျက်ရှိရာ   အန္တရာယ်ကင်းသော ပိုးသတ်ဆေးများ တောင်သူများအသုံးပြု နိုင်ရေးအတွက်  ပိုးသတ်ဆေး၂၄၅ မျိုး အား   စိုက်ပျိုးရေး၊   မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ပိုးသတ်ဆေး နည်းပညာကော်မတီက  ဆန်းစစ်လျက်ရှိ ကြောင်း သိရသည်။ 


ညိမ်းသူ (သတင်းစဉ်)