ပိုင်ဆိုင်ခွင့်ကို သတ်မှတ်ပေးသည့်  စာချုပ်စာတမ်း  (Documents Creating Title) နှင့်  ပိုင်ဆိုင်ခွင့်ကို သက်သေခံအထောက်အထားပြုသည့် စာချုပ်စာတမ်း (Documents Evidencing Title)

Type

 

 

ဦးကျော်ကျော် (တရားရေး)

 

“စာတမ်းအမှတ်အသား” (Document) ဆိုသည်မှာ အကြောင်းတစ်စုံ တစ်ရာကို မှတ်သားရန်သုံးစွဲနိုင်သော သို့မဟုတ် သုံးစွဲရန် ကြံရွယ်ထား သော အက္ခရာ၊ ဂဏန်း သို့မဟုတ် တစ်ခုထက်ပိုသော ယင်းနည်းများ ဖြင့် မည်သည့်ဝတ္ထုပေါ်တွင်မဆို ရေးမှတ်ထားသည့်အရာတစ်ခုခုကိုဆိုသည်။ ယင်းစကားရပ်တွင်အီလက်ထရောနစ်မှတ်တမ်းနှင့် သတင်း အချက်အလက်များလည်း ပါဝင်သည်။
“စာချုပ်စာတမ်း (Instrument)”ဆိုသည်မှာ သေတမ်းစာမဟုတ် သည့် စာချုပ်စာတမ်းများကို ဆိုလိုသည်။
“ငွေပေးကတိစာချုပ် (Promissory Note)” ဆိုသည်မှာ ချုပ်ဆို သူက အတိအကျဖော်ပြထားသောငွေကို သူတစ်ပါးအား အတိအကျ ကန့်သတ်ထားသည့်အချိန်တွင်ဖြစ်စေ၊ တောင်းဆိုသည့်အခါဖြစ်စေ၊ ငွေပေးကတိစာချုပ်တင်ပြသည့်အခါဖြစ်စေ ပေးဆပ်ရန် ခြွင်းချက် မရှိ ဝန်ခံသောစာချုပ်ကို ဆိုသည်။ 
“ခံဝန်ချုပ်”ဆိုသည်မှာ သတ်မှတ်ထားသော ပြုလုပ်မှုတစ်ခုကိုဆောင်ရွက်လျှင်   သို့တည်းမဟုတ်   မဆောင်ရွက်လျှင်   ချုပ်ဆိုထား သောခံဝန်  ပျက်ပြားရမည်ဟူသော  စည်းကမ်းချက်အရ  တစ်ဦး တစ်ယောက်သောသူက သူတစ်ပါးအား ငွေပေးရန် ခံဝန်ပြုသော စာချုပ်ပါဝင်သည်။
ကုန်စည်ပိုင်ဆိုင်ကြောင်း စာချုပ်စာတမ်းအထောက်အထား ဆိုသည့် စကားရပ်တွင် ကုန်တင်လက်မှတ်၊ ဆိပ်ကမ်းကုန်ရုံမှ ပစ္စည်း ထုတ်ယူရန်   ပိုင်ရှင်အားပေးသည့်လက်မှတ်၊   ကုန်လှောင်ရုံပိုင် လက်မှတ်၊  ဆိပ်ခံတံတားပိုင်ရှင်များလက်မှတ်၊  မီးရထားတန်ဆာ၊ ကုန်စည်လက်ရောက်ပေးအပ်ရန် လက်မှတ်  သို့မဟုတ်  အမိန့်စာ၊ ထို့ပြင်   သာမန်အရောင်းအဝယ်  လုပ်ရိုးလုပ်စဉ်၌ အသုံးပြုသော ကုန်စည်လက်ရှိဖြစ်ကြောင်းကိုဖြစ်စေ၊   ကုန်စည်ကို   စီမံအုပ်ချုပ် ကြောင်းကိုဖြစ်စေ၊ သက်သေထင်ရှားစေသည့် သို့မဟုတ် စာချုပ် စာတမ်း လက်မှတ်လက်ရှိဖြစ်သူအား အဆိုပါလက်မှတ်၌ ဖော်ပြသည့် ကုန်စည်ကို   လွှဲပြောင်းပေးရန်ဖြစ်စေ၊  လက်ခံရန်ဖြစ်စေ၊ တစ်ဆင့် ရေးမှတ်ချက်ဖြင့်သော်လည်းကောင်း၊ ပေးအပ်ခြင်း ဖြင့်သော်လည်း ကောင်း၊ အခွင့်အပ်နှင်းသည့် သို့မဟုတ် အခွင့်အပ်နှင်းရာရောက်သည့် အခြားစာချုပ်စာတမ်း လက်မှတ်တစ်စုံတစ်ရာလည်း ပါဝင်သည်။
မြေကိုလက်ရှိထားခြင်းနှင့် ပိုင်ဆိုင်ခြင်း
လူတစ်ဦးတစ်ယောက်သည်    အနှောင့်အယှက်မရှိ     ကာလ အတန်ကြာနေထိုင်ရုံမျှဖြင့်  အလိုအလျောက်  မြေပိုင်ရှင်အဖြစ်သို့ ရောက်ရှိသွားကြောင်း ဥပဒေပြဋ္ဌာန်းချက်မရှိပေ။ မြေကိုလက်ရှိထား ခြင်းနှင့် ပိုင်ဆိုင်ခြင်းတို့သည် သီးခြားအကြောင်းအရာများ ဖြစ်သည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို မှတ်ပုံတင်စာချုပ်စာတမ်းဖြင့် ဝယ်ယူခဲ့ခြင်းမရှိလျှင်   တရားဝင်ပိုင်ဆိုင်ခွင့်    မရရှိသောကြောင့် လက်ရောက်ရထိုက်သည့် သက်သာခွင့်ကိုရရန်အကြောင်းမရှိပေ။
စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေအရ မှတ်ပုံတင်ပြီးဖြစ်သော စာချုပ်စာတမ်းသည်   စာချုပ်ချုပ်ဆိုသည့် နေ့ရက်မှစ၍   အကျိုး သက်ရောက်မှုရှိရမည်။ ရွှေ့ပြောင်းနိုင်သောပစ္စည်း သို့မဟုတ် မရွှေ့ မပြောင်းနိုင်သောပစ္စည်းများနှင့် သက်ဆိုင်လျှင် ယင်းပစ္စည်းများနှင့် စပ်လျဉ်း၍ စာချုပ်စာတမ်းပါ စည်းကမ်းချက်များနှင့် ဆန့်ကျင်သော နှုတ်ကတိ သို့မဟုတ် အကြောင်းကြားကြေညာချက်ကို လွှမ်းမိုး၍ အကျိုးသက်ရောက်မှုရှိစေရမည်။  
စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေ ပုဒ်မ ၁၆၊ ပုဒ်မခွဲ(က)၊ (ခ)၊ (ဂ)၊ (ဃ) နှင့် (င) တို့ပါစာချုပ်စာတမ်းများနှင့် ပုဒ်မ ၁၇၊ ပုဒ်မခွဲ(က)၊ (ခ) နှင့် (ဂ)တို့ပါ စာချုပ်စာတမ်းများကို မှတ်ပုံတင်ထားလျှင်  ယင်း စာချုပ်စာတမ်းပါပစ္စည်းနှင့်   သက်ဆိုင်သော   ကတိပြုချက်နှင့် စည်းကမ်းချက်များသည် တရားဝင်ဖြစ်သည်။
မှတ်ပုံတင်စာချုပ်ဖြစ်မှသာ
ပိုင်ဆိုင်ခွင့်ရှိကြောင်း   အထောက်အထားအဖြစ်တင်ပြလျှင် စာချုပ်သည် စာချုပ်စာတမ်းမှတ်ပုံတင်အက်ဥပဒေ ပုဒ်မ ၄၉ (ဂ) အရ မှတ်ပုံတင်စာချုပ်ဖြစ်မှသာ သက်သေခံအဖြစ် လက်ခံရမည် ဖြစ်သည်။ ပစ္စည်းအပေါ်  မည်သို့မည်ပုံ  လက်ရှိဖြစ်ခဲ့သည်ဆိုသောအချက်အလက်များအတွက်   မှတ်ပုံမတင်သောအရောင်းစာချုပ်ကို စာချုပ်စာတမ်းမှတ်ပုံတင်   အက်ဥပဒေပုဒ်မ  ၄၉  ၏ ခြွင်းချက်အရ သက်သေခံအဖြစ်လက်ခံခွင့်ပြုနိုင်သည်။ 
အမှုတွင် အရေးကြီးသောငြင်းချက်ဖြစ်သည့်  အချင်းဖြစ်မြေကို ပိုင်မပိုင်ဟူသည့်အချက်နှင့်  ပတ်သက်၍  အယူခံတရားလိုဘက်မှ တင်ပြသည်မှာ  သက်သေခံမြေပုံနှင့်  သက်သေခံမြေ  အတ္ထုပ္ပတ္တိတို့ ဖြစ်သည့်အပြင် အချင်းဖြစ်မြေကို လေလံတင်ရောင်းစဉ်အခါကရှိနေ၍ သိရှိသူ၏ သက်သေထွက်ချက်ဖြစ်သည့် သက်သေခံစာများမှာ ပိုင်ဆိုင် ခွင့်ပေးနိုင်သော  စာရွက်စာတမ်း  (document creating a title) မဟုတ်ဘဲ၊ ပိုင်ဆိုင်ကြောင်းကိုပြသရာတွင် တန်ဖိုးရှိသော စာရွက် စာတမ်း (document evidencing title) ဟု ယူဆသည်။
ပစ္စည်းလွှဲပြောင်းခြင်းဥပဒေပုဒ်မ ၅၈(စ)တွင်  “ပိုင်ဆိုင်မှုနှင့် ပတ်သက်သောစာချုပ်စာတမ်း” (Documents of Title) ဟုပါရှိသည်။ ယင်းကဲ့သို့ဖော်ပြထားသည့် စကားရပ်တွင် စာချုပ်စာတမ်းအမျိုးအစား နှစ်မျိုးရှိသည်။ တစ်မျိုးမှာ “ပိုင်ဆိုင်ခွင့်ကို သတ်မှတ်ပေးသည့်စာချုပ် စာတမ်း(Documents Creating Title) နှင့် နောက်တစ်မျိုးမှာ“ပိုင်ဆိုင် ခွင့်ကို   သက်သေခံအထောက်အထားပြုသည့်   စာချုပ်စာတမ်း” (Documents Evidencing Title) တို့ဖြစ်သည်။ ဦးပိုင်ရာဇဝင်
မှတ်တမ်းမှာ “ပိုင်ဆိုင်ခွင့်ကို သက်သေခံအထောက်အထားပြုသည့် စာချုပ်စာတမ်း” အမျိုးအစားတွင် ပါဝင်သည်။
It is necessary to distinguish between documents creating a title and documents evidencing title; it seems desirable to restrict as far as possible to the former category, deeds the deposit of which can validly create a mortgage by deposit of title deeds.
ဂရန်ချထားခြင်းနှင့်စပ်လျဉ်းသည့် လုပ်ပိုင်ခွင့်
ဂရန်ချထားခြင်းနှင့်စပ်လျဉ်းသည့်   လုပ်ပိုင်ခွင့်ကို   ဥပဒေအရ ပြဋ္ဌာန်းထားရှိသည်။     အောက်မြန်မာပြည်ရှိ      မြေများသည် အောက်မြန်မာပြည် မြို့နှင့် ကျေးရွာမြေများ အက်ဥပဒေနှင့်သက်ဆိုင် ပြီး အထက်မြန်မာပြည်ရှိ  မြေများမှာ  အထက်မြန်မာပြည်မြေနှင့် အခွန်တော်စည်းမျဉ်းဥပဒေတွင် အကျုံးဝင်သည်။ အဆိုပါ ဥပဒေများ အရ အစိုးရက ချထားပိုင်ခွင့်ရှိသည့်မြေများတွင် လူနေထိုင်ရန်အတွက် ဖြစ်စေ၊ စက်မှုလက်မှုလုပ်ငန်းများအတွက်ဖြစ်စေ၊ အဆောက်အအုံ ဆောက်လုပ်အသုံးပြုရန်အတွက်ဖြစ်စေ ဂရန်၊ အငှားဂရန်နှင့် လိုင်စင် များချထားပေးသည်။ မြို့မြေအဖြစ်   အမိန့်ကြော်ငြာစာ  ထုတ်ပြန် ပြီးသော မြို့များတွင် လူနေထိုင်ရန်နှင့် စက်မှုလက်မှုလုပ်ငန်းများလုပ်ကိုင်ရန် အငှားသက်တမ်း အနှစ် ၃၀ ခွင့်ပြုပြီး အနှစ် ၃၀ ကုန်ဆုံး တိုင်း နောက်ထပ်အနှစ် ၃၀ စီနှင့် စုစုပေါင်း အနှစ် ၉၀ အထိ လဲလှယ် ခွင့်ရှိသည့် မြေငှားစာချုပ်ကို ဂရန်ဟု ခေါ်ဆိုသည်။ 
အစိုးရဂရန်ရရှိထားသူသည် ကျူးကျော်သူအား ဂရန်သက်တမ်း အတွင်းတွင် တရားစွဲဆိုရာ အမှုအတောအတွင်း ဂရန်သက်တမ်း ကုန်ဆုံးသွားစေကာမူ လက်ရောက်ရခွင့်ရှိသည်ဟု ပြဆိုသည်။
မြေဂရန်ဆိုသည်မှာ  မြေအသုံးပြုနိုင်သော အခွင့်အရေးဖြစ်သည်။ အဆိုပါအခွင့်အရေးသည် ဂရန်စာချုပ်တွင် ခွင့်ပြုထားသည့်သက်တမ်း အတွင်းသာ အကျိုးခံစားခွင့်ရရှိနိုင်သည်။
အချင်းဖြစ်မြေသည်   အစိုးရပိုင်မြေဖြစ်ကြောင်း   ဦးလှရွှေ၏ အစစ်ခံချက်အရ အငြင်းပွားမှုမရှိချေ။ ဦးလှရွှေက အချင်းဖြစ်မြေကို ပိုင်ဆိုင်ကြောင်း (Title) အား  အခြေပြုစွဲဆိုခြင်းဖြစ်ရာ  မူလရုံးက သုံးသပ်သည့်အတိုင်း အစိုးရမြေကို ဦးလှရွှေက ပိုင်ဆိုင်ခွင့် မရရှိ နိုင်ချေ။ (ဦးလှရွှေနှင့် ဒေါ်အုံးမြင့်၊ ၁၉၉၂ ခုနှစ်၊ မြန်မာနိုင်ငံ တရား စီရင်ထုံး၊ စာမျက်နှာ-၁၃၇)
ပိုင်ဆိုင်မှု (TITLE) အတွက်  တရားမကြီးမှုများ  စွဲဆိုနေခြင်း ရှိသည့်အချက်မှာ ပိုင်ဆိုင်မှုကို တရားမ တရားရုံးများက  စိစစ်ဆုံးဖြတ် ရပြီး တစ်ဦးတစ်ယောက်၏ ပြုမူဆောင်ရွက်မှုသည် ပြစ်မှုနှင့်ငြိစွန်း ခြင်းရှိ မရှိကို ပြစ်မှုဆိုင်ရာ တရားရုံးကသာ စီရင်ဆုံးဖြတ်ရသည်။
အာမခံတာဝန်ယူထားသည့် ပိုင်ဆိုင်ခွင့် 
ပစ္စည်းပိုင်ရှင်သည် မိမိ၏ပစ္စည်းကိုအခြားသူအား ရောင်းလိုက် သောအခါ ပစ္စည်းတွင် ပိုင်ဆိုင်ခွင့် (ownership)မရှိတော့သည်မှာ မှန်သော်လည်း ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ ပုဒ်မ ၅၅(၂)အရ ရောင်းလိုက်သည့်ပစ္စည်းနှင့် စပ်လျဉ်းပြီး အာမခံတာဝန်ယူထားသော ပိုင်ဆိုင်ခွင့် (warranty of title) ရှိနေသေးသည်ဟု ယူဆရန်ဖြစ်၍ ထိုသို့သော အာမခံတာဝန်ယူထားသည့် ပိုင်ဆိုင်ခွင့် (warranty of title) သည် ရောင်းချလိုက်သော ပစ္စည်းနှင့်စပ်လျဉ်းပြီး (in relation to the property) ရှိနေသေးသည်ဟု ဆိုရပေမည်။  ထိုသို့သော (warranty of title) ရှိနေသောကြောင့်သာလျှင် ပစ္စည်းဝယ်ယူသူက ၎င်းဝယ်ယူသော   ပစ္စည်းများတွင်   ပစ္စည်းရောင်းချသူ ပိုင်ဆိုင်ခွင့် မရှိကြောင်းကို သိရှိခဲ့လျှင် ပစ္စည်းရောင်းချသူအား ဝယ်ယူသောပစ္စည်း အဖိုးငွေကိုသော်လည်းကောင်း သို့မဟုတ် လျော်ကြေးကိုသော်လည်း
ကောင်းရရှိရန် တရားစွဲဆိုခြင်းပြုနိုင်ပေသည်။
လက်ရှိထားပိုင်ခွင့်
မြန်မာနိုင်ငံရှိ တရားရုံးများသည် လက်ရှိထားပိုင်ခွင့် (Poss-essory title) ကို  တညီတညွတ်တည်း အသိအမှတ်ပြု ဆုံးဖြတ်ခဲ့ သည်။ ပိုင်ဆိုင်ခွင့်တစ်စုံတစ်ရာမရှိဘဲ  ပစ္စည်းလက်ရှိဖြစ်သူသည် ထိုပစ္စည်းတွင် ဆိုင်ရေးဆိုင်ခွင့် (interest) ရှိ၍ ထိုဆိုင်ရေးဆိုင်ခွင့်ကို အမွေဆက်ခံရရှိသည်။ ထိုဆိုင်ရေးဆိုင်ခွင့်မှာ ပိုင်ရှင်အစစ်မှတစ်ပါး ခပ်သိမ်းကုန်သောသူတို့အပေါ်     ခိုင်မာသည်။   ပိုင်ရှင်အသွင်ဖြင့် မြေလက်ရှိဖြစ်ပြီး ပိုင်ရှင်၏  သာမန်အခွင့်အရေးကို  သုံးစွဲနေထိုင်သူ တစ်ဦးသည်     ပိုင်ရှင်အစစ်မှတစ်ပါး  ခပ်သိမ်းကုန်သောသူတို့နှင့် စပ်လျဉ်း၍   ပိုင်ဆိုင်ခွင့်  အခိုင်အမာရှိသည်။    ပိုင်ရှင်မဟုတ်သော အခြားသူက ထိုသို့လက်ရှိထားခြင်းကို အနှောင့်အယှက်ပြုလာလျှင် လက်ရှိထားသူသည် သီးခြားသက်သာခွင့် အက်ဥပဒေအရလက်ရောက် ရလိုကြောင်း စွဲဆိုနိုင်သည်။
အခွန်မြေပုံတွင် နာမည်ပေါက်ရုံမျှဖြင့် နာမည်ပေါက်သူသည် မြေ၏ပိုင်ရှင်ဖြစ်သည်ဟု ယူဆခြင်းမပြုနိုင်ပေ။
ထွက်ဆိုချက်များအရ အချင်းဖြစ်မြေမှာ လယ်ယာမြေမဟုတ်ဘဲ ရွာမြေဖြစ်ကြောင်း  ပေါ်ပေါက်သည်။  ရွာဘုံမြေဖြစ်၍  ဦးပိုင်မထွက် ချေ။ ယင်းမြေမှာ ဂရန်  သို့မဟုတ်  လိုင်စင်အငှားချထားနိုင်သည့် မြေမျိုးလည်း မဟုတ်ချေ။ အစိုးရပိုင် ရွာမြေသာဖြစ်သည်။ 
ဂရန်သက်တမ်း
အထက်မြန်မာပြည် မြေနှင့် အခွန်စည်းမျဉ်းဥပဒေပုဒ်မ ၂၅(က) ပြဋ္ဌာန်းချက်အရ  အစိုးရက  ဂရန်ထုတ်ပေးထားခြင်းမျိုး  မရှိသော အစိုးရပိုင်မြေပေါ်တွင် နေထိုင်သူသည် အမွေဆက်ခံခွင့်၊ လွှဲပြောင်း ပိုင်ခွင့်မရှိပေ။ အစိုးရက ဂရန်ထုတ်ပေးမှသာလျှင် ထိုမြေနှင့်စပ်လျဉ်း၍ အမွေဆက်ခံခွင့်၊ လွှဲပြောင်းပိုင်ခွင့်ရရှိသည်။ အချင်းဖြစ်မြေမှာ မူလ က ဖခင်  ဦးမြတ်စံအမည်ဖြင့်  ဂရန်ရရှိခဲ့ရာ  ဂရန်သက်တမ်းကာလ အတွင်း ဦးမြတ်စံသည် လွှဲပြောင်းပိုင်ခွင့်ရှိသည်။  သို့ရာတွင် ၁၂-၇-၁၉၇၅ နေ့တွင် ဒေါ်ခင်ဌေးမြင့် အမည်ဖြင့် ဂရန်ချထားလိုက်သည်နှင့် တစ်ပြိုင်နက် ဂရန်မြေနှင့် စပ်လျဉ်းသည့် ဦးမြတ်စံ၏ အခွင့်အရေးများ ကုန်ဆုံးသွားပြီးဖြစ်သည်။                        
ထို့ပြင်   ၁၂-၇-၁၉၇၅   နေ့မှစတင်၍ ဒေါ်ခင်ဌေးမြင့်ရရှိခဲ့သည့် ဂရန်သက်တမ်းသည်လည်း ၂၀၀၅ ခုနှစ်တွင် ကုန်ဆုံးခဲ့ပြီးဖြစ်သည်။ ဂရန်သက်တမ်း ကုန်သည်နှင့် နောက်ထပ်ဂရန် ထုတ်ပေးခြင်းမရှိပါက ဂရန်မြေမှာ အစိုးရမြေအဖြစ် ပြန်လည်ရောက်ရှိ သွားပြီဖြစ်သည်။ (ဦးမျိုးမင်းသိန်း(ကွယ်လွန်သူ ဦးခင်မောင်ရင်၏ တရားဝင်ကိုယ်စား လှယ်) နှင့် ဒေါ်ခင်ဌေးမြင့်ပါ ၆၊ ၂၀၁၃  မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ-၈၇၊ ၈၉)
အမွေဆက်ခံရရှိခြင်းသည် တရားဥပဒေအရ ဖြစ်ပေါ်လာသည့် လွှဲပြောင်းခြင်းဖြစ်သည်။ ပစ္စည်းကိုရောင်းချခြင်း၊ ပေးကမ်းခြင်း၊ ငှားရမ်းခြင်း၊ ပေါင်နှံခြင်း၊ လဲလှယ်ခြင်း စသည့်လွှဲပြောင်းခြင်းသည် ပစ္စည်းကို အမွေဆက်ခံခြင်းနှင့်  သဘာဝအားဖြင့် မတူပေ။ အမွေ ဆက်ခံရရှိခြင်းမှာ အပြီးအပိုင်ရရှိသည့် အကျိုးခံစားခွင့်ဖြစ်သည်။
အပျောက်စနစ်ဖြင့်  ရောင်းချခြင်းသည် လွှဲပြောင်းပိုင်ခွင့်ဖြင့် ငှားရမ်းခြင်း ဖြစ်သည်။ လွှဲပြောင်းပိုင်ခွင့်ဖြင့် ငှားရမ်းခြင်းဆိုသည်မှာ ငှားရမ်းသည့်ကာလ   သတ်မှတ်ချက်မရှိဘဲ အိမ်ငှားက ဥပစာလက်ဝယ် ထားပိုင်ခွင့်ကို ဝယ်ယူ၍   အိမ်ရှင်အား  ငှားရမ်းခကိုသာပေးသည့် ငှားရမ်းခြင်းကိုဆိုသည်။
အမွေဆက်ခံပိုင်ခွင့်
အချင်းဖြစ်မြေမှာ   အစိုးရမြေဖြစ်ပြီး   ဒေါ်မြိုင်၏အမည်ဖြင့် နေခွင့်လက်မှတ် (Permit)ကို အိုးအိမ်ပြန်လည်ထူထောင်ရေးအဖွဲ့က ထုတ်ပေးထားကြောင်း အငြင်းမထွက်ချေ။ နေခွင့်လက်မှတ် (Permit) ဖြင့်ရရှိခဲ့သည့် မြေဖြစ်သဖြင့် ဒေါ်မြိုင် ကွယ်လွန်ပြီးနောက် ယင်းမြေ ကို ဒေါ်ကြိုင်၏ အမွေစားအမွေခံများက အမွေဆက်ခံပိုင်ခွင့်မရှိ။ (မရင်နုနှင့် မအေးမြင့်ပါ ၂၊ ၁၉၇၅ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ-၈၇)
စည်ပင်သာယာဈေးဆိုင်ခန်းများ၏ပိုင်ရှင်မှာ စည်ပင်သာယာ အဖွဲ့ဖြစ်သည်။ သို့သော် စည်ပင်သာယာအဖွဲ့၏ တရားဝင်ချထားပေးမှု အရ ဆိုင်ခန်းရရှိသူများသည် စည်းကမ်းနှင့်အညီ အခွန်ထမ်းဆောင်၍ ဆိုင်ခန်းကို  လက်ရှိထားလျက်   ဈေးရောင်းချခွင့်ရရှိသည်။    ထိုသို့ ချထားခြင်းခံရသော   ဆိုင်ရှင်တစ်ဦး သေဆုံးပါက   ထိုဆိုင်ခန်းကို ၎င်း၏ ဇနီး၊  ခင်ပွန်း၊  သားသမီးများအနေဖြင့်  ဆက်ခံခွင့်ရရှိသည်။ စည်းကမ်းနှင့်အညီ  အခွန်ထမ်းဆောင်၍  ဆိုင်ခန်းအား  လက်၌
ထားပြီးဈေးရောင်းချခွင့်ရရှိသည်။
လိုင်စင်စီတစ်ဦးအားပေးခဲ့သည့် ခွင့်ပြုချက်ကို ခွင့်ပြုသူအနေဖြင့် အချိန်မရွေး   ပြန်လည်ရုပ်သိမ်းခွင့်   ရှိပေသည်။  လိုင်စင်စီသည် ခွင့်ပြုချက်ထက်ပို၍ အခွင့်အရေးတစ်စုံတစ်ရာမရှိသဖြင့် ခွင့်ပြုချက် ကို ရုပ်သိမ်းလိုက်သည်နှင့်တစ်ပြိုင်နက် ယခင်ခွင့်ပြုချက်နှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာ အကျိုးခံစားခွင့်မရှိနိုင်ပေ။ ခွင့်ပြုချက်ကို ပြန်လည် ရုပ်သိမ်းစဉ် လိုင်စင်စီအားထွက်ခွာသွားရန် တရားစွဲဆိုဖို့ လိုကောင်း လိုမည်ဖြစ်သော်လည်း လက်မဲ့ဖြစ်နေပါက မြူနီစီပါယ်အဖွဲ့အနေ ဖြင့် အခြားသူတစ်ဦးအား  ခွင့်ပြုချက်အသစ်   မထုတ်ပေးနိုင်စရာ အကြောင်းမရှိပေ။
သက်သေအထောက်အထားများအရ အချင်းဖြစ်မြေနှင့်အိမ်မှာ သထုံမြို့ နန်စဲရပ်  လူနေရပ်ကွက်နယ်နိမိတ်အတွင်း တည်ရှိနေ ကြောင်း တွေ့ရသည်။ လယ်ယာလုပ်ကိုင်မှုအတွက် အသုံးပြုသည့် အိမ်မဟုတ်ပေ။ သို့ဖြစ်၍   ၁၉၆၃  ခုနှစ်  တောင်သူလယ်သမား အခွင့်အရေးကာကွယ်သည့်ဥပဒေနှင့် အကျုံးမဝင်ပေ။ (ဒေါ်စိန်မေနှင့် ဦးချစ်ခိုင်(ကွယ်လွန်) ၎င်း၏ တရားဝင်ကိုယ်စားလှယ် (၁) မနှင်းငွေ (၂) မခင်သန်း၊ ၁၉၇၇ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက် နှာ-၂၆)
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ ၇)
လယ်ယာမြေလုပ်ပိုင်ခွင့် ဆိုသည်မှာ နိုင်ငံတော်သည် မြေယာ အားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်၍ လယ်ယာမြေကို စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရန်အလို့ငှာ ဤဥပဒေ၊ ဤဥပဒေအရထုတ်ပြန် သည့် နည်းဥပဒေ၊ စည်းမျဉ်း၊  စည်းကမ်းများနှင့်အညီ လက်ဝယ် ထားရှိ၍ စိုက်ပျိုးလုပ်ကိုင်အသုံးချခွင့်ပြုခြင်းကို ဆိုသည်။
မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ အကြောင်းကြားချက်နှင့်အညီ လယ်ယာမြေလုပ်ပိုင် ခွင့်ရရှိသူအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ ၇)ထုတ်ပေး ရမည်။
မြေရှင်ဆိုသည်မှာ   မြေယာစီမံခန့်ခွဲမှုနှင့်    သက်ဆိုင်သော တည်ဆဲဥပဒေများအရ  အပိုင်ဂရန် သို့မဟုတ် အငှားချထားခြင်းခံရသူ၊ မြေပိုင် အခွင့်အရေးရရှိထားသူ၊  ဆိုင်ရာဆိုင်ခွင့်ကို   ဥပဒေနှင့်အညီ ခံစားခွင့်ရှိသူတို့ကို ဆိုသည်။
အာမခံစာချုပ်
အမှုတွင်တင်သွင်းသော  မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းတွင် အကျိုးသက်ရောက်စေသည့်    အာမခံစာချုပ်သည်   မှတ်ပုံတင် အက်ဥပဒေနှင့်   အခြားဆီလျော်သော    ဥပဒေပြဋ္ဌာန်းချက်တို့နှင့် ကိုက်ညီမှသာ တရားဝင်သည်ဟု မြန်မာနိုင်ငံတရားရုံးများက ကျင့်သုံး လာခဲ့ခြင်းသည်  ဥပဒေနှင့်ကိုက်ညီသည်။ မရွှေ့မပြောင်းနိုင်သော ပစ္စည်း တန်ဖိုးငွေကျပ် ၁၀၀ (ယခုကျပ်တစ်သိန်း)အထက်နှင့်ပတ်သက် သော အရောင်းအပေါင်စသော  စာချုပ်ကို   မှတ်ပုံတင်စေခြင်းဖြင့် ပို၍လေးနက်စေသည်။ ပစ္စည်းနှင့် ပတ်သက်သူတို့သည် မှတ်ပုံတင်ရုံး တွင်  သွားရောက်၍   စစ်ဆေးကြည့်ရှုနိုင်စေသည်။  ယင်းပစ္စည်း
နှင့်ပတ်သက်၍ ရောင်းဝယ်ဆက်သွယ်ခြင်းသည် ရှင်းလင်းနိုင်သည်။ သတ်မှတ်သောတံဆိပ်ခွန်ဖိုး ပြည်သူ့ဘဏ္ဍာတွင် တိုးသည်။ ယင်းသို့ မပြုမူဘဲ ဤအမှုမှာကဲ့သို့ စာရွက်ပေါ်တွင် ခံဝန်ပြုကြောင်းရေးသားကာ တရားရုံးတွင်တင်သွင်းလျှင် တရားမဝင်၊ သို့ရာတွင် ခံဝန်ပြုသူတို့၏ အာမခံစာချုပ်သည်   တရားမဝင်ကာမျှနှင့်   ၎င်းခံဝန်ပြုသူတို့တွင် ပေးချေရန် ယခင်တာဝန်ကို ဥပဒေအကာအကွယ်ယူ၍ ရှောင်တိမ်း ခြင်း မပြုစေအပ်ချေ။
မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်း
၂၀၁၈ ခုနှစ် စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေအရ ကျပ် တစ်သိန်းနှင့်အထက် တန်ဖိုးရှိသော မရွှေ့မပြောင်းနိုင်သောပစ္စည်းကို    မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်းမရှိပါက    တရားဝင်ပိုင်ဆိုင်ခွင့်မရနိုင် သဖြင့် တရားလိုဘက်မှ တင်ပြသကဲ့သို့ မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်း မပြုဘဲ လက်ရောက်ပေးအပ်ရန် ဒီကရီတောင်းဆိုနိုင်မည်မဟုတ်ပေ။ မှတ်ပုံတင်စာချုပ်ပြုလုပ်၍ မဝယ်လျှင်  တရားဝင်ပိုင်ဆိုင်ခွင့်မရနိုင် ပေ။ တရားဝင်မပိုင်ဆိုင်သည့် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းအား လက်ရောက်ပေးအပ်ရန် တောင်းဆိုနိုင်မည်မဟုတ်သဖြင့် ဥပဒေနှင့် အညီ အခွင့်အရေးများရရှိခံစားနိုင်စေရန် ဥပဒေပါပြဋ္ဌာန်းချက်များကို တိကျစွာ သိရှိလိုက်နာရန် လိုအပ်မည်ဖြစ်သည်။ 
ပြည်သူများအနေဖြင့်  ပိုင်ဆိုင်ခွင့်ကို သတ်မှတ်ပေးသည့် စာချုပ် စာတမ်း  (Documents Creating Title) နှင့် ပိုင်ဆိုင်ခွင့်ကို သက်သေခံ အထောက်အထားပြုသည့် စာချုပ်စာတမ်း (Documents Evidencing Title) များကို နည်းလမ်းတကျချုပ်ဆိုကြခြင်းဖြင့် မိမိတို့၏ပိုင်ဆိုင်မှုကို တရားဝင်အောင် ဆောင်ရွက်နိုင်ကြစေရန်၊ တရားဝင်ပိုင်ဆိုင်မှု စာရွက် စာတမ်းများချုပ်ဆိုဆောင်ရွက်ခြင်းဖြင့် ပိုင်ဆိုင်ခွင့်အငြင်းပွားသောမှုခင်းများလျော့နည်းကျဆင်းလာကာ ကုန်ထုတ်လုပ်မှု၊ တီထွင်မှု လုပ်ငန်းများကို အာရုံစိုက်ဆောင်ရွက်နိုင်ကြစေရန် ဆက်စပ်ရာရာ ကောက်နုတ်စုဆောင်း တင်ပြအပ်ပါသည်။             ။