
မောင်ချိန်ခွင်
မြန်မာနိုင်ငံဟာ ရေ၊ မြေ၊ တောတောင်၊ သဘာဝသယံဇာတ ပေါကြွယ်လှတဲ့ နိုင်ငံတစ်ခုအဖြစ် ကမ္ဘာက အသိအမှတ် ပြုရတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါဟာ မြန်မာ နိုင်ငံသားတိုင်းအတွက် မွေးဖွားလာ ကတည်းက မတောင်းဘဲရခဲ့တဲ့ မွေးရာပါ ဆုလာဘ်ကြီးလည်း ဖြစ်ပါတယ်။ ဒီကံကောင်းခြင်း လက်ဆောင်ကို ထိရောက်အကျိုးရှိစွာ အသုံးချပြီး ဒီနိုင်ငံ ကြီး တိုးတက်ဖွံ့ဖြိုးအောင် တက်ညီ လက်ညီ ကြိုးပမ်းစွမ်းဆောင်ကြဖို့ဟာ နိုင်ငံသားအားလုံးအတွက် မွေးရာပါ တာဝန်ဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။
နိုင်ငံ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်ကိုအခြေခံပြီး စိုက်ပျိုးရေး လုပ်ငန်းကို အဓိက လုပ်ကိုင်ကြပါတယ်။ စိုက်ပျိုးရေးနှင့်အတူ မွေးမြူရေးလုပ်ငန်း ကိုလည်း တွဲဖက်လုပ်ကိုင်ကြပါတယ်။ ဒီစိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန် တွေဟာ ပြည်တွင်းစားသုံးမှု ဖူလုံရုံ သာမက ပြည်ပကိုပင် ထုနဲ့ ထည်နဲ့ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေ ရရှိမှုကို များစွာအထောက်အကူပြုနိုင်ခဲ့ပါတယ်။ ဒီနေ့ကာလအထိလည်း စိုက်ပျိုး မွေးမြူရေးကဏ္ဍဟာ မြန်မာနိုင်ငံ၏ အဓိက ကုန်ထုတ်မှုကဏ္ဍအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ထဲမှာ နံပါတ်(၂) အချက်အနေနဲ့ “တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွား ဘဝမြင့်မားရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်” ဆိုပြီး သန္နိဋ္ဌာန်ချ ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ နိုင်ငံတော် ဝန်ကြီးချုပ်အနေနဲ့ နိုင်ငံတော်ရဲ့ ရေရှည်အကျိုးစီးပွားများကို မျှော်ကိုးပြီး “မိမိတို့နိုင်ငံ၏ ဘဏ်များ၌ ငွေကြေး ပိုင်ဆိုင်မှုစာရင်းများအရ ပုဂ္ဂလိက ပိုင်ဆိုင်မှုများပြားကြောင်း၊ ၎င်းပိုင်ဆိုင် မှုများကို နိုင်ငံနှင့်ပြည်သူလူထုအတွက် အကျိုးရှိပြီး ရေရှည်အာမခံချက်ရှိသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ပါက လုပ်ငန်းရှင်၊ အလုပ် သမား၊ နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးများစွာရှိကြောင်း၊ ထို့ကြောင့် ထိုကဲ့သို့ ရင်းနှီးမြှုပ်နှံနိုင်ရေးအားပေးခြင်း၊ အခွင့်အလမ်းရှာဖွေခြင်းတို့ကို တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အင်တိုက်အားတိုက် ဆောင်ရွက်ရန် လိုကြောင်း” မကြာသေးမီက အစည်း အဝေးတစ်ခုမှာ တိုက်တွန်းမှာကြားခဲ့ တာကိုလည်း သတိပြုမိပါတယ်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးပမ်းတည်ဆောက်ရာမှာ နိုင်ငံခြား ငွေကြေး တောင့်တင်းခိုင်မာမှုကလည်း အရေးကြီးပါတယ်။ ဒါကြောင့် နိုင်ငံ အစိုးရတိုင်းဟာ နိုင်ငံခြားငွေကြေး တောင့်တင်းခိုင်မာဖို့ကို အလေးအနက် ထားပြီး ကြိုးပမ်းဖော်ဆောင်လေ့ရှိကြပါတယ်။ မြန်မာနိုင်ငံမှာတော့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ စတင် တာဝန်ယူချိန်ကစပြီး ဆန့်ကျင်ဘက် နိုင်ငံအုပ်စုက နိုင်ငံရေးကို အကြောင်း ပြကာ နိုင်ငံတကာချေးငွေနဲ့ ထောက်ပံ့ ငွေအားလုံး ရပ်ဆိုင်းခဲ့တာ၊ နိုင်ငံခြားငွေနဲ့ ပတ်သက်ပြီး အခက်အခဲတွေဖြစ်ပေါ် အောင်၊ ဘဏ်စနစ် ထိခိုက်အောင် အဘက်ဘက်ကပိတ်ဆို့မှုတွေ လုပ် ဆောင်ခဲ့တာကို အားလုံးအသိပဲ ဖြစ်ပါ တယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေ နဲ့ နိုင်ငံခြားငွေရရှိရေးအတွက် ပြည်ပ ပို့ကုန် (Export) တိုးမြှင့်နိုင်အောင်၊ အဲဒီလို ပို့ကုန်တိုးမြှင့်နိုင်ရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးတက် လာအောင် အစဉ်တစိုက် တွန်းအားပေး ကြိုးပမ်းဆောင်ရွက်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ နည်းလမ်းတစ်ရပ်အနေနဲ့ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုများ ဆောင်ရွက်ရာမှာ တိုက်ရိုက်ငွေပေးချေ တဲ့စနစ်ကို ကျင့်သုံးဆောင်ရွက်ခဲ့ရာ မှာ အကျိုးဖြစ်ထွန်းမှုရှိခဲ့တာကိုလည်း တွေ့ရပါတယ်။ ကုန်သွယ်မှုမှာ တစ်ဖက် က Border Trade ကို အားပေးဆောင်ရွက် ခဲ့သလို Normal Trade တိုးတက်ရေး အတွက်လည်း အလေးထားဆောင်ရွက်ဖို့ လိုပါတယ်။ တစ်ဖက်ကလည်း ပြည်တွင်း လုပ်ငန်းရှင်များအနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ငွေကြေးလည်ပတ်မှု ကောင်းမွန်နေအောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့လိုသလို အကျိုးအမြတ်အများကြီး မရှိနိုင်သော်လည်း နိုင်ငံနှင့်ပြည်သူ့ မျက်နှာကြည့်ပြီး ဆောင်ရွက်သင့်တဲ့ လုပ်ငန်းများအားလုံး ပုံမှန်လည်ပတ် နေအောင် ရင်းနှီးမြှုပ်နှံဆောင်ရွက်ပေးကြဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။
လက်ရှိအစိုးရအနေနဲ့ နိုင်ငံတော် တာဝန်ကို စတင်ထမ်းဆောင်ချိန်ကစပြီး ပြည်ပပို့ကုန်များနှင့်ပတ်သက်လို့ ပို့ကုန် ဝင်ငွေ(Export Earning)အပေါ် သင့်လျော် တဲ့ အချိုးများနှင့် ထိန်းသိမ်းပေးခဲ့တာကို တွေ့ရပါတယ်။ ဒါကလည်း နိုင်ငံနှင့် ပြည်သူရဲ့ အဓိကလိုအပ်ချက်များကို ဖြည့်ဆည်းပံ့ပိုးပေးနိုင်အောင်၊ နိုင်ငံခြား ငွေကြေး ခိုင်မာတောင့်တင်းရအောင် အစိုးရတစ်ရပ်အနေနဲ့ ကောင်းတဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့် ဆောင်ရွက်ခဲ့တာဖြစ်လို့ အားလုံးက ကြည်ဖြူစွာ ဝိုင်းဝန်းဆောင်ရွက်ကြရ မယ့် ကိစ္စရပ်သာဖြစ်ပါတယ်။ ဒီလို ပို့ကုန် ဝင်ငွေအပေါ် အချိုးတစ်ရပ်နဲ့ ထိန်းသိမ်း ပေးခဲ့လို့လည်း ပြည်တွင်းမှာ စက်သုံးဆီ၊ စားသုံးဆီဈေးနှုန်းများ မတန်တဆ ကြီးမြင့်မသွားရအောင် ထိန်းသိမ်း နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါတောင် မသမာ သူအုပ်စုအချို့က စားသုံးဆီဈေးနှုန်းတွေ ကြီးမြင့်အောင် နည်းလမ်းစုံသုံးပြီး ဆွဲတင်ခဲ့တဲ့အတွက် ပြည်သူအများစု ထိခိုက်နစ်နာမှုတွေရှိခဲ့တာ၊ နိုင်ငံတော် အနေနဲ့ အဲဒီမသမာသူတွေကို ဥပဒေနဲ့ အညီ ထိရောက်တဲ့ ပြစ်ဒဏ်တွေချမှတ်ပြီး အချိန်တိုအတွင်း စားသုံးဆီဈေးနှုန်းတွေ တည်ငြိမ်လျော့ကျလာအောင် ထိန်းသိမ်း ပေးနိုင်ခဲ့တာကို အားလုံးအသိပဲ ဖြစ်ပါ တယ်။
ဒါတောင်မှ လက်ရှိကာလမှာ Export လုပ်ကိုင်သူတွေက အနစ်နာခံ ပြီး ဆောင်ရွက်နေရပေမယ့် Import လုပ်ကိုင်သူတွေကတော့ သာသာယာယာ နဲ့ အကျိုးဖြစ်ထွန်းနေပါတယ်ဆိုတဲ့ အသံတွေလည်းရှိနေပါသေးတယ်။ ဘာပဲ ဖြစ်ဖြစ် နိုင်ငံတော်အနေနဲ့ Export သမားတွေအတွက် တတ်နိုင်သမျှ ဖြေလျှော့ပေးနိုင်ဖို့ ကြိုးစားခဲ့တာကို အထင်အရှားတွေ့ရမှာဖြစ်ပါတယ်။
ဒီဇင်ဘာလ ၇ ရက်နေ့က မြန်မာ့ အလင်းသတင်းစာ စာမျက်နှာ - ၂ မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပို့ကုန် တင်ပို့သူများ (Exporters) အတွက် သတင်းကောင်းဖြစ်တဲ့ အမိန့်ကြော်ငြာစာ တစ်ခု ထုတ်ပြန်ကြေညာခဲ့တာကို ဖတ်လိုက်ရပါတယ်။ အမိန့်ကြော်ငြာစာ ရဲ့ အဓိကသတင်းကောင်းကတော့ “အပိုဒ် ၃။ ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ပို့ကုန်ရငွေ ပမာဏ၏ ၅၀ ရာခိုင်နှုန်းအစား ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာ အမှတ်(၁၂/၂၀၂၂)ပါ သတ်မှတ်ညွှန်ကြား ချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ် ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြင်ဆင် သတ်မှတ်ပါသည် ” ဆိုတဲ့အချက် ဖြစ် ပါတယ်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အမိန့်ကြော်ငြာစာအမှတ် (၁၅/၂၀၂၃)မှာ “ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းအစား ၅၀ ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက် ရန်ဖြစ်ကြောင်း ” လျှော့ချပြင်ဆင် သတ်မှတ်ပေးခဲ့ပြီး ယခုတစ်ဖန် ထပ်မံ လျှော့ချပေးခဲ့တာဖြစ်လို့ နိုင်ငံတော် အနေနဲ့ ပို့ကုန်တင်ပို့သူများ (Exporters)ကို ပို့ကုန်များပိုမိုတင်ပို့နိုင်ရေးအတွက် စဉ်းစားဖြေလျှော့ဆောင်ရွက်ခဲ့တဲ့ အချက် ကို အထင်းသားမြင်တွေ့ရမှာ ဖြစ် ပါတယ်။
အခုဆိုရင် ပို့ကုန်ရငွေရဲ့ ၃၅ ရာခိုင် နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း လဲလှယ် ရတော့မှာဖြစ်ပြီး ကျန် ၆၅ ရာခိုင်နှုန်းကို ပြင်ပ ဈေးကွက်ပေါက်ဈေးအတိုင်း လဲလှယ်ဆောင်ရွက်နိုင်တော့မှာ ဖြစ်တဲ့ အတွက် ပို့ကုန်ပစ္စည်းအမယ်များ မြန်မြန်ဆန်ဆန်၊ လွယ်လွယ်ကူကူ၊ ချောချောမွေ့မွေ့ ပိုမိုတင်ပို့နိုင်ဖို့ အခွင့် အလမ်းကောင်းဖြစ်ပါတယ်။ ဒါ့အပြင် ဒီသတင်းနှင့်ဆက်စပ်ပြီး ပို့ကုန်တင်ပို့သူများ(Exporters) အတွက်သာမကဘဲ ပို့ကုန်ရငွေကို ပြန်လည်အသုံးချပြီး သွင်းကုန်တင်သွင်းလိုတဲ့ တင်သွင်းသူ (Importers) များအတွက်လည်း ဈေးကွက်ပေါက်ဈေးနဲ့ နိုင်ငံခြားငွေကို လွယ်လွယ်ကူကူ စီမံဆောင်ရွက်နိုင်တော့မှာဖြစ်ပါတယ်။
နိုင်ငံတော်အနေနဲ့ ပြည်တွင်းမှာ သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်ငန်း များကို အထူးအားပေးဆောင်ရွက်နေတာ အားလုံးအသိအမြင်ပဲ ဖြစ်ပါတယ်။ Non-Trade Income များ ပိုမိုရရှိနိုင် အောင် ကြိုးပမ်းနိုင်မှသာ ကုန်သွယ်မှုအပေါ်မှီခိုနေရမှုတွေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ သို့သော် မြန်မာနိုင်ငံ မှာ ဖြစ်နေတာက အကျိုးအမြတ်တစ်ခု တည်းကြည့်ပြီး ကုန်ထုတ်လုပ်ငန်းလုပ်ဖို့ စိတ်ဝင်စားမှုအားနည်းတဲ့ လုပ်ငန်းရှင် က အများစုဖြစ်နေတာပါပဲ။ ဒါကြောင့် နိုင်ငံတော်က အကျိုးအမြတ်နည်းပေမယ့် များများထုတ်လုပ်၊ များများလည်ပတ် နိုင်မယ်ဆိုရင် အကျိုးရှိမှာဖြစ်ပြီး ရေရှည် တည်တံ့ခိုင်မာတဲ့ အကျိုးဖြစ်ထွန်းမှုရှိမှာ ဖြစ်လို့ ကုန်ထုတ်လုပ်ငန်းတွေမှာ ရင်းနှီး မြှုပ်နှံလုပ်ကိုင်ကြဖို့ စည်းရုံးတိုက်တွန်း နေရတာ ဖြစ်ပါတယ်။
ပို့ကုန်ရငွေ မူဝါဒအပြောင်းအလဲပေါ် အမှီပြုပြီး ထုတ်ကုန်တွေ များများ ထုတ်လုပ်၊ များများတိုးတက်တင်ပို့လာ နိုင်တာနဲ့အမျှ နိုင်ငံတော်အတွင်းကို နိုင်ငံခြားသုံးငွေကြေးများ ပိုမိုတိုးတက် စီးဆင်းဝင်ရောက်လာမှာ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း နိုင်ငံခြားသုံးငွေများ အကျိုးမဲ့သုံးစွဲမှုမဖြစ်ရအောင် သွင်းကုန် ပစ္စည်းအမယ်များကို ဦးစားပေး(၁)၊ (၂)၊ (၃)၊ (၄)၊ (၅) စသည်ဖြင့် ပြည်တွင်း လိုအပ်ချက်အပေါ်မူတည်ပြီး နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီရဲ့ စိစစ်မှုနဲ့ ပုံမှန်တင်သွင်းခွင့်ပြုလျက် ရှိပါတယ်။ ဒီကော်မတီက ဒီလိုအစဉ်တစိုက် စိစစ် ထိန်းသိမ်းပေးနေမှုကြောင့်သာ ရှေ့မှာ ပြောခဲ့တဲ့ စက်သုံးဆီ၊ စားသုံးဆီအပါ အဝင် နိုင်ငံနဲ့ပြည်သူအတွက် မရှိမဖြစ် လိုအပ်တဲ့ အရေးကြီးကုန်စည်တွေကို သက်သာလွယ်ကူအဆင်ပြေစွာ ဝယ်ယူ သုံးစွဲနိုင်ခြင်းဖြစ်လို့ ရင်ထဲက ကျေးဇူး စကားဆိုမိပါတယ်။
ဒီရက်ပိုင်းအတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေက စက်သုံး ဆီဆိုင်တွေမှာ ကားတွေ၊ ဆိုင်ကယ်တွေ တန်းစီပြီး စက်သုံးဆီဝယ်ယူနေရတာ ကို အကြောင်းပြကာ စက်သုံးဆီတွေ ပြတ်လပ်နေပြီ၊ နိုင်ငံခြားသုံးငွေပြတ်လပ် နေပြီဆိုတဲ့ ကောလာဟလသတင်းတွေ ပလူပျံလာတာကို အားလုံးမြင်တွေ့ ကြားသိရမှာဖြစ်ပါတယ်။ အမှန်တော့ နိုင်ငံနဲ့ ပြည်သူအကျိုးကို မလိုလားတဲ့၊ နိုင်ငံတည်ငြိမ်အေးချမ်း ဖွံ့ဖြိုးမှုကို မရှုဆိတ်နိုင်တဲ့ ပြည်ပဩဇာခံ ပြည်ဖျက် မီဒီယာများရဲ့ လုပ်လေ့လုပ်ထရှိတဲ့ ဝါဒဖြန့် ထိုးနှက်တိုက်ခိုက်မှုသာ ဖြစ်ပါ တယ်။ ဒီလိုပဲ အကြိမ်ကြိမ်လုပ်ကြံ ဝါဒဖြန့် ခြောက်လှန့်ခဲ့ကြတာ ရိုးပဲမရိုးနိုင်ကြ သလို ပြည်သူအချို့အတွက်လည်း အကြိမ်ကြိမ်အလိမ်ခံရပေမယ့် သင်ခန်းစာ ယူပြီး အမှန်မမြင်နိုင်ကြသေးတာ ဝမ်းနည်းစရာပါပဲ။ ဒီလိုလုပ်ကြံ အမှောင့် အဆိပ်အတောက် သတင်းမှားတွေကို ခွဲခြားသိမြင် ဆင်ခြင်နိုင်ဖို့အတွက် နိုင်ငံတော်က ထုတ်ပြန်တဲ့ တရားဝင် သတင်းမှန်များကို ရွေးချယ်လက်ခံတတ် ဖို့ လိုအပ်မှာဖြစ်ပါတယ်။
စက်သုံးဆီဆိုတာ နိုင်ငံတိုင်းအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်ပါတယ်။ နိုင်ငံနဲ့ပြည်သူရဲ့ ကုန်သွယ်ရေး၊ သယ်ယူ ပို့ဆောင်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးမှသည် နိုင်ငံရေး၊စစ်ရေးအထိ စက်သုံးဆီက အရေးပါပါတယ်။ နိုင်ငံရဲ့ ယန္တရားကြီး ပုံမှန်လည်ပတ်နိုင်ဖို့ စက်သုံးဆီဟာ အရေးကြီးလိုအပ်ချက် ဖြစ်တဲ့အတွက် နိုင်ငံတော်အပိုင်းက သွင်းကုန်ပစ္စည်းများ အနက် ဦးစားပေး(၁)အနေနဲ့ သတ်မှတ်ပြီး တင်သွင်းခွင့်ပြုနေတာ ပြည်သူအားလုံး သိနားလည်စေချင်ပါတယ်။
နိုင်ငံတော်အနေနဲ့ စက်သုံးဆီကို ပြည်သူတွေ သက်သာတဲ့ဈေးနှုန်းနဲ့ ဝယ်ယူသုံးစွဲအောင် စနစ်တကျကြီးကြပ် စီမံဆောင်ရွက်ပေးခဲ့တာ စတင်တာဝန်ယူ ချိန်ကနေ ယနေ့အချိန်ထိပဲဖြစ်ပါတယ်။ အခုလည်း ထိန်းသိမ်းဆောင်ရွက်ပေး နေသလို နောင်လည်း အလေးထား ဖြည့်ဆည်းဆောင်ရွက်နေဦးမှာပဲ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံရဲ့ စက်သုံးဆီဈေးနှုန်း ဟာ ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်ရင် အသက်သာဆုံး ဖြစ်တယ်ဆိုတာလည်း တာဝန်ရှိသူတွေက အကြိမ်ကြိမ် ရှင်းလင်းပြောကြားခဲ့လို့ အားလုံးသိပြီးဖြစ်ပါတယ်။ အစိုးရက တစ်နိုင်ငံလုံး သက်သက်သာသာနဲ့ လုံလုံ လောက်လောက် သုံးနိုင်အောင် ရရှိတဲ့ နိုင်ငံခြားငွေကြေးကနေ အတတ်နိုင်ဆုံး စိုက်ထုတ်ကျခံသုံးစွဲပြီး စီမံဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်။
နိုင်ငံတော်က တရားဝင်ထုတ်ပြန်ထား တဲ့ သတင်းများအရ ရန်ကုန်တိုင်းဒေသ ကြီးအပါအဝင် နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင်ပေါင်း ၃၃၉၁ ဆိုင်ကို ဆီသယ်ယာဉ်(Bowser) များနဲ့ 92 Ron ၊ 95 Ron ၊ ဒီဇယ်ဆီ၊ ပရီမီယမ် ဒီဇယ်ဆီတွေကို မြန်ဆန်စွာပို့ဆောင် ဖြန့်ဖြူးနိုင်ခဲ့ပြီး ဆိပ်ကမ်းမှာရှိတဲ့ Terminal တွေကနေ ဆီတင်ယာဉ်များနဲ့ အဆက်မပြတ် ဖြည့်တင်းပို့ဆောင်ပေးလျက်ရှိကြောင်း သိရှိရပါတယ်။ ဒါ့အပြင် ပြည်ပက ဆီတင်သင်္ဘော ၁၀ စင်းဟာ ပင်လယ်ဝမှာ လည်းကောင်း၊ ဆီတင် သင်္ဘောသုံးစင်းဟာ သီလဝါဆိပ်ကမ်းဒေသ မှာရှိတဲ့ Jetty တွေမှာလည်းကောင်း အသင့်စောင့်ဆိုင်းလျက်ရှိပြီး သက်ဆိုင်ရာ Terminal များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်တင်းနိုင်ရေး စီမံဆောင်ရွက်လျက် ရှိကြောင်းလည်း မှတ်သားမိပါတယ်။
ဒါကြောင့် လက်ရှိအခြေအနေမှာ ပြည်သူများအနေနဲ့ ကောလာဟလ သတင်းများကြောင့် စက်သုံးဆီပြတ်လပ်မှုနဲ့ ဈေးနှုန်းကြီးမြင့်လာမှာကို စိုးရိမ်ပူပန်မှုများ ကို လျှော့ချပြီး ပုံမှန်အတိုင်းသာဝယ်ယူသုံးစွဲမှုပြုသင့်ကြပါတယ်။ ပုံမှန်ပြည်တွင်း သုံးစွဲမှုပမာဏထက် ပိုမိုများပြားစွာ ဝယ်ယူနေကြခြင်းဟာ နိုင်ငံ့စီးပွားတည်ငြိမ် မှုနှင့် နိုင်ငံခြားငွေကြေးဈေးနှုန်းအပေါ် ဆိုးကျိုးသက်ရောက်နိုင်တာကို နားလည် သဘောပေါက်သင့်ပါတယ်။ ဒါကြောင့် ပြည်သူများအနေနဲ့ စက်သုံးဆီအရောင်း ဆိုင်များရဲ့ ဖြည့်တင်းပေးနိုင်မှုစွမ်းအားနှင့်အညီ ပုံမှန်သုံးစွဲမှုပမာဏအတိုင်း စဉ်ဆက်မပြတ် စိတ်အေးချမ်းသာစွာ ဝယ်ယူနိုင်ပါကြောင်းနဲ့ မိမိတို့လိုအပ် သည်ထက် ပိုမိုဝယ်ယူစုဆောင်းရန် မလိုအပ်ပါကြောင်း လေးစားစွာအသိပေး လိုပါတယ်။
ပြန်ချုပ်ရရင်တော့ ပို့ကုန်တင်ပို့သူတွေ (Exporters) အတွက် ပို့ကုန်ရငွေကနေ ၃၅ ရာခိုင်နှုန်းသာ နိုင်ငံတော်ဗဟိုဘဏ်ဈေး သတ်မှတ်ချက်အတိုင်း လဲလှယ်ဆောင်ရွက် ရမှာဖြစ်ပြီး ကျန် ၆၅ ရာခိုင်နှုန်းကို ပြင်ပ ဈေးကွက်ပေါက်ဈေးအတိုင်း ဆောင်ရွက် နိုင်တော့မှာဖြစ်တာကြောင့် ပို့ကုန်များပိုမိုတင်ပို့နိုင်မယ့် အခွင့်အရေးကောင်းဖြစ်ပါ ကြောင်း၊ ပို့ကုန်ရငွေကို ပြန်လည်အသုံးပြု ပြီး နိုင်ငံအတွက် အရေးကြီးလိုအပ်တဲ့ သွင်းကုန်များကို တင်သွင်းနိုင်ဖို့အတွက် လည်း နိုင်ငံခြားငွေကို ဈေးကွက်ပေါက်ဈေး နဲ့ လွယ်လွယ်ကူကူ စီမံဆောင်ရွက်နိုင် ခွင့်ရှိမှာဖြစ်ပါကြောင်း၊ ဒီလိုတင်သွင်း နိုင်ခြင်းအားဖြင့် ဒီနေ့ရေးကြီးခွင့်ကျယ် လုပ်နေတဲ့ စက်သုံးဆီပြတ်လပ်မှုဆိုတဲ့ ကောလာဟလတွေဟာ နေလာနှင်းပျောက် ဆိုသလို အချိန်တိုအတွင်း လွင့်စဉ် ကွယ်ပျောက်ပြီး ပုံမှန်အခြေအနေကို ရောက်ရှိတော့မှာဖြစ်ပါကြောင်း နိုင်ငံ အကျိုး၊ ပြည်သူ့အကျိုး မျှော်ကိုးပြီး ကြေညာ မောင်းခတ်လိုက်ရကြောင်းပါ ခင်ဗျာ။ ။
- Log in to post comments