ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်လက်မှတ် ပိတ်သိမ်းခံရသူများ အသစ်ပြန်လည်လျှောက်ထားနိုင်ရန် လုပ်ငန်းစဉ်အသိပေး

 

နေပြည်တော်   မေ   ၂၆


ပြီးခဲ့သည့်နှစ်ကုန်ပိုင်းအတွင်း ပို့ကုန်တင်ပို့ထားပြီး ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့် ကုမ္ပဏီ ၃၀၀ ကျော်ကို သတ်မှတ် ကာလအတွင်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်မှုမရှိသဖြင့်  ပို့ကုန် သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်      ပိတ်သိမ်းထားခဲ့ရာ ယင်းကုမ္ပဏီများနှင့်ပတ်သက်၍ ကုန်သွယ်ရေးဦးစီးဌာနက အသိပေး ကြေညာချက်တစ်စောင်ကို မေ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။ 

 


၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၀ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အတွင်း ပို့ကုန် ရငွေပြန်လည်ဝင်ရောက်မှုမရှိသည့် ကုမ္ပဏီပေါင်း ၃၄၆ ခုရှိပြီး ယင်းတို့ အနက် ပို့ကုန်ရငွေ ယခင်က ဝင်ရောက်ပြီးဖြစ်၍ ထပ်မံဝင်ရောက်မည် မဟုတ်ကြောင်း   စာရင်းရှင်းလင်းသည့်    ကုမ္ပဏီများနှင့် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်မည့်ကိစ္စမဟုတ်ကြောင်း သက်သေအထောက် အထားများဖြင့်  စာရင်းရှင်းလင်းတင်ပြသည့်  ကုမ္ပဏီများအနေဖြင့် သတ်မှတ်ထားသော   အခကြေးငွေပေးဆောင်၍   ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်အသစ် ပြန်လည်လျှောက်ထားနိုင် ကြောင်း သိရသည်။

 


ထို့ပြင်     ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်     မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းပြီးနောက်ပိုင်းမှသာ ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်လာသည့် ကုမ္ပဏီများအနေဖြင့် သက်ဆိုင်ရာဘဏ်မှ စာရင်းရှင်းလင်းပြီးကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ သတင်းပို့ခဲ့သောနေ့၏နောက် ၁၄  ရက် ပြည့်သည့်အချိန်မှသာ သတ်မှတ်ထားသော အခကြေးငွေပေးဆောင်၍ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်အသစ် ပြန်လည် လျှောက်ထားရမည် ဖြစ်ကြောင်း အသိပေးကြေညာထားသည်။ 

ကိုရိုး