ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကို ဦးတည်ဆောင်ရွက်နေသည့် နေပြည်တော်မှ မိုးသီရိအထည်ချုပ်နှင့် ဖြန့်ချိရေးလုပ်ငန်း

 

နေပြည်တော်  ဒီဇင်ဘာ  ၁
One Region One Product (OROP) အစီအစဉ် သည် ဒေသအလိုက် အဓိက ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ရေးနှင့်အသေးစား၊ အငယ်စား နှင့် အလတ်စား  စီးပွားရေး(MSME)   လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကို ဦးတည်ဆောင်ရွက်နေ ခြင်းဖြစ်သည်။ ဒေသတွင်း  စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တွင် မှတ်ပုံတင်ထားသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) လုပ်ငန်း အရေအတွက်မှာ ၁၂၂ ခုရှိပြီး မိုးသီရိအထည်ချုပ်နှင့်  ဖြန့်ချိရေးလုပ်ငန်း သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ 
မိုးသီရိအထည်ချုပ်လုပ်ငန်းကို ၂၀၁၅ ခုနှစ် မေ ၁ ရက်တွင်   ဝန်ထမ်း  သုံးဦးဖြင့် ပျဉ်းမနားမြို့တွင် အပ်ချုပ်ဆိုင် အဖြစ်  စတင်လုပ်ကိုင်ခဲ့သည်။  အပ်ချုပ်ဆိုင်အဖြစ်    စတင်ဆောင်ရွက်စဉ်ကပင်   အထည်ချုပ်နှင့်   ဖြန့်ချိ ရေးလုပ်ငန်းကြီးအဖြစ်သို့      ကူးပြောင်းနိုင်ရန် ရည်ရွယ်၍ အမှတ်တံဆိပ် (ကုပ်တံဆိပ်)ဖြင့် စတင်ခဲ့ ပြီး၂၀၁၈ ခုနှစ်တွင်  ဝန်ထမ်းအင်အား    ၄၀   ဖြင့် မိုးသီရိအထည်ချုပ်နှင့်   ဖြန့်ချိရေးလုပ်ငန်းအဖြစ် ကူးပြောင်းခဲ့ရာ ယခု ၂၀၂၃ ခုနှစ်တွင် ဝန်ထမ်းအင်အား  ၃၃၀   ဖြင့်  လုပ်ငန်းများလည်ပတ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
“မိုးသီရိရဲ့ အဓိက ထုတ်ကုန်တွေကတော့ အမျိုး သမီးဝတ် မြန်မာပုံစံ ဝမ်းဆက်အမျိုးမျိုး၊ ဂါဝန်အမျိုး မျိုး၊ အင်္ကျီအမျိုးမျိုး၊ စကတ်အမျိုးမျိုးနဲ့ ကလေး(မ)ဝတ်အမျိုးမျိုးကို ကိုယ်ပိုင်ဒီဇိုင်းနာ သုံးဦးတို့က ဒီဇိုင်း ရေးဆွဲပေးပြီး အထည်ချုပ်ဖို့ ကုန်ကြမ်းပိတ်စများကို ကိုရီးယားနိုင်ငံနှင့်   တရုတ်နိုင်ငံတို့က  တင်သွင်းတဲ့ ဆွဲသားပိတ်စများကို အဓိကထား အသုံးပြုပါတယ်။ ဒါ့အပြင် အမှာစာရရှိတဲ့ အခြေအနေပေါ်မူတည်ပြီး  ချည်ဖွန်ပိတ်စနဲ့ စပန့်သားအမျိုးအစား ပိတ်စများ ကိုလည်း အသုံးပြုချုပ်လုပ်ပါတယ်” ဟု လုပ်ငန်းရှင် က ရှင်းပြသည်။    
ဖြန့်ချိရေးအနေဖြင့် နေပြည်တော်(ပင်ရင်း)ဆိုင် နှင့်  ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့များတွင် ဆိုင်ခွဲ ပေါင်း ၁၂ ဆိုင်တို့မှ လက်လီလက်ကားဖြန့်ချိခြင်း အပြင် Online စနစ်ဖြင့်လည်း မြန်မာတစ်နိုင်ငံလုံးတွင် သာမက USA, Singapore, Thailand, Malaysia နိုင်ငံများသို့လည်း လက်လီတင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ 
“ဝန်ထမ်း သုံးဦးနဲ့ အပ်ချုပ်ဆိုင်အဖြစ်စတင်ခဲ့ပြီး အခုလက်ရှိ အထည်ချုပ်နဲ့ ဖြန့်ချိရေးပိုင်းမှာ လုပ်သား အင်အား ၃၃၀ အပါအဝင် အခြားလုပ်ငန်းခွဲများက ဝန်ထမ်းများနဲ့ဆိုရင် ဝန်ထမ်း ၄၀၀ နီးပါးကို အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးထားပါတယ်။ လုပ်သားများအတွက်  လုပ်ခလစာကို   အနိမ့်ဆုံး တစ်သိန်းရှစ်သောင်းမှ ငါးသိန်းအထိ တာဝန်ယူထား ရတဲ့အလုပ်ပေါ်    မူတည်ပြီး  ပေးပါတယ်။   ဒါ့အပြင် အဆောင်နေဝန်ထမ်းများအတွက်     အဆင့်မြင့် အဆောင်များ   အခမဲ့စီစဉ်ပေးထားခြင်း၊   ဝန်ထမ်း အားလုံးအတွက် နေ့စဉ်(နေ့/ည)အလှူအဖြစ် ထမင်း/ ဟင်း  ကျွေးမွေးခြင်း၊ သာရေး/နာရေးများ ရှိပါက သတ်မှတ်ချက်များဖြင့် ထောက်ပံ့ခြင်း၊ လူမှုဖူလုံရေး အပြင် အာမခံကုမ္ပဏီများမှာ အာမခံများထားပေး ခြင်း၊ တက္ကသိုလ်တက်ရောက်ဆဲ ဝန်ထမ်းများကို ထောက်ပံ့ခြင်း၊ ဝန်ထမ်းသားသမီးများကို ပညာသင် ထောက်ပံ့ခြင်း၊ လုပ်ငန်းခွင်အရည်အသွေး တိုးတက်စေ ဖို့  သင်တန်းများအား  အခမဲ့စရိတ်ငြိမ်း တက်ရောက် စေခြင်းနဲ့     သဘာဝဘေးဒဏ်ကြောင့်    ထိခိုက် မှုများအတွက်   ပြန်လည်ထူထောင်ရေး    ထောက်ပံ့ ကြေးများ   ထိရောက်စွာ   ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဝန်ထမ်းများပျော်ရွှင် စေဖို့ နှစ်သစ်ကူးပွဲနဲ့  အခါကြီး   ရက်ကြီးတွေမှာ ပျော်ပွဲရွှင်ပွဲတွေလုပ်ပေးပြီး ဂုဏ်ပြုချီးမြှင့်ပွဲများကို လည်း  ထိုက်ထိုက်တန်တန်  လုပ်ပေးပါတယ်”  ဟု ဝန်ထမ်းများအလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးထားမှုအခြေအနေနှင့် စပ်လျဉ်းပြီး ရှင်းပြသည်။
မိုးသီရိအထည်ချုပ်နှင့်   ဖြန့်ချိရေးလုပ်ငန်းကို ၂၀၁၈ ခုနှစ်တွင် စက်မှုဝန်ကြီးဌာန၊ SME အဖွဲ့ဝင် အဖြစ် လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် နေပြည်တော် MSME အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၂၀၂၃ ခုနှစ်တွင် မန္တလေးတိုင်း အထည်ချုပ်လုပ်ငန်းရှင်များအသင်း သို့လည်းကောင်း  ဝင်ရောက်ခဲ့ပြီး လုပ်ငန်းစတင်ချိန် ကပင် စည်ပင်လိုင်စင်ဖြင့်  လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး ပြည်တွင်းအခွန်များ  ဦးစီးဌာနသို့ နှစ်စဉ်ကုန်သွယ်ခွန် နှင့် ဝင်ငွေခွန်များ ပေးဆောင်လျက်ရှိကြောင်း သိရ သည်။ 
မိုးသီရိအထည်ချုပ်နှင့်   ဖြန့်ချိရေးလုပ်ငန်း၏ ၂၀၁၅ ခုနှစ်မှ စတင်လျှောက်လှမ်းလာသည့် ရှစ်နှစ် တာ အချိန်တိုကာလအတွင်း   အောင်မြင်မှုများရရှိနေ ခြင်းနှင့်စပ်လျဉ်း၍  “ဒီဇိုင်းထူးခြားဆန်းသစ်အောင် အမြဲကြိုးစားပြီး အရည်အသွေးမြင့်မားတဲ့ ထုတ်ကုန် များကို  ဝယ်သူစိတ်ကျေနပ်မှု   ရာနှုန်းပြည့်ရရှိတဲ့ ဝန်ဆောင်မှုဖြင့်    ရောင်းချနိုင်ဖို့နဲ့     ပြည်တွင်း သာမက ပြည်ပဈေးကွက်ကိုပါ ထိုးဖောက်နိုင်မယ့် မြန်မာပြည်တွင်းထုတ်   High Quality Product ဖြစ်စေဖို့   ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်” ဟု လုပ်ငန်းရှင်က   သူ၏လုပ်ငန်းအပေါ်ထားရှိသည့် သဘောထားများကို ပြောကြားသည်။
ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် “ပြည်တွင်းထုတ်ကုန်အားပေးရန်၊ သွင်းကုန်အစား ထိုးရန်၊ ပို့ကုန်ရရှိစေရန်” အချက်(၃)ချက်ကို ရည်ရွယ် ၍ MSME လုပ်ငန်းများအား မြှင့်တင်ဆောင်ရွက်ပြီး ပြည်တွင်းဈေးကွက်ကိုသာမက   ပြည်ပဈေးကွက် ကိုပါ   လက်လှမ်းမီ၍   ပို့ကုန်ကဏ္ဍမြှင့်တင်ရေး   ဦးတည်ဆောင်ရွက်နိုင်ပါရန်       ရေးသားတင်ပြ အပ်ပါသည်။
မေစု(ပြန်/ဆက်)
ဓာတ်ပုံ- မျိုးသီဟ