ပို့ဆောင်ရေးယန္တရားအမျိုးအစားများနှင့် ရထားပို့ဆောင်ရေးကဏ္ဍ

Type
4

 

ညီညီ(ရထား)

ကမ္ဘာဦးအစ လူမှုအသိုက်အဝန်းများအတွင်း ယဉ်ကျေးမှုထွန်းကားလာမှုနှင့်အတူ  လူနှင့်ကုန်ပစ္စည်းများကို  လိုအပ်ချက်အရ  တစ်နေရာမှ   တစ်နေရာသို့  ရွှေ့ပြောင်းသယ်ယူပို့ဆောင်လိုခြင်းကြောင့် ပိုမိုလွယ်ကူအဆင်ပြေချောမွေ့စေရန်အလို့ငှာ ဝန်ဆောင်မှုပြုကြရသည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတစ်ရပ် ပေါ်ထွန်းလာခဲ့ရပေသည်။ 
သယ်ယူပို့ဆောင်ရေးလုပ်ငန်းသည်   အလွန် ရှေးကျသောခေတ်ကပင် စတင်ဖြစ်ထွန်းခဲ့ကြောင်း၊ လူသားများသည်     မိမိတို့ဝန်ထုပ်ဝန်ပိုးများကို ကျောထက်၌   သယ်ဆောင်ကာ    တစ်နေရာမှ တစ်နေရာသို့ ခြေကျင်ခရီးဖြင့် ရွှေ့ပြောင်းခဲ့ကြသည့် နည်းကား ထိုစဉ်ခေတ်ကာလ၏ သယ်ယူပို့ဆောင် ရေးတစ်မျိုးပင်ဖြစ်ကြောင်း၊ ထို့နောက်တွင် စွတ်ဖား၊ လှည်းများ၊ ဘီးတပ်ယာဉ်ကြမ်းများပေါ်လာ၍ နွား၊ မြည်း၊ မြင်း၊ ကုလားအုတ်၊ ဆင် စသည့် တိရစ္ဆာန် တို့ဖြင့် ဆွဲယူခြင်း၊ ကျောထက်တင်၍ သယ်ဆောင် ခြင်းများဖြင့် ရေမြေတောတောင်၊ နေရာ၊ ဒေသ၊  ဥတုရာသီအလျောက်         သင့်လျော်ရာကိုသုံး၍ ရွှေ့ပြောင်းသယ်ယူပို့ဆောင်ခဲ့ကြကြောင်း လေ့လာ တွေ့ရှိရပါသည်။ 
ရေကြောင်းခရီးအတွက်      ဝါး/သစ်ဖောင်၊ သစ်လုံးထွင်းလှေကြမ်းများ အသုံးပြုခဲ့ကြခြင်းမှ လှေချော၊  ရွက်လှေ၊   စက်လှေ၊  သင်္ဘောကြီးများ စသည်ဖြင့် အဆင့်ဆင့်တိုးတက် တီထွင်လာကြခြင်း ဖြင့်  ခေတ်တစ်ခေတ်မှ တစ်ခေတ်သို့ ကူးပြောင်း လာတိုင်း လူတို့၏ ကြံစည်တီထွင်အားထုတ်နိုင်မှု များနှင့်အတူ   သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာ လည်း ခေတ်၏လိုအပ်ချက်များနှင့်အညီ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာသည်ကို တွေ့ရမည်ဖြစ်ပါ သည်။ 
နောင်အနာဂတ်ခေတ်၌ အဘယ်မျှ တိုးတက် လာဦးမည်ကို ကျွန်ုပ်တို့မခန့်မှန်းနိုင်ပေ။ ခရီးသည် နှင့် ကုန်စည်များအား တစ်နေရာမှ တစ်နေရာသို့ ကုန်ကျစရိတ်သက်သာစွာနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိဘဲ  လွယ်ကူသည်ထက်  လွယ်ကူစွာ သွားလာပို့ဆောင်   ရွှေ့ပြောင်းသယ်ယူနိုင်စေရန် လိုအပ်ချက်ပေါ်မူတည်၍ တီထွင်ဆန်းသစ်တိုးတက် ပြောင်းလဲနေဦးမည်သာဖြစ်ပါသည်။ 
လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် သယ်ယူပို့ဆောင်ရေး၏ အရေးပါမှု
သယ်ယူပို့ဆောင်ရေးကဏ္ဍသည်    ပြည်သူ တစ်ဦးချင်း၏ စားဝတ်နေရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍ အသီးသီးနှင့်  ဆက်စပ်နေသကဲ့သို့  နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများအားလုံး ၏ စည်းလုံးညီညွတ်မှု၊  ငြိမ်းချမ်းသာယာဝပြောမှု များအပါအဝင်   လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု များနှင့် ဆက်စပ်လျက်ရှိနေသည်ကို လေ့လာတွေ့ရှိ ရပါသည်။  ထို့ကြောင့်  သယ်ယူပို့ဆောင်ရေးကဏ္ဍ အားနည်းလျှင် အခြားသောကဏ္ဍများကိုပါ ထိခိုက် စေနိုင်ပြီး    နိုင်ငံ၏  ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အားနည်းချည့်နဲ့သွားစေနိုင်သည်ကို    သတိချပ်မိပါ သည်။
တစ်နေရာမှတစ်နေရာသို့     သွားနိုင်သော လမ်းများ၊  ပို့ဆောင်ရေး၌ အသုံးပြုရမည့် ယာဉ်/ ရထားများ     ရှိလာခြင်းကြောင့်    ကျွန်ုပ်တို့၏ လူမှုဆက်ဆံရေး၊   စားဝတ်နေရေး၊    ကူးသန်း ရောင်းဝယ်ရေးတို့အား   အထောက်အကူဖြစ်စေ ပါသည်။ ကုန်စည်ဖလှယ်၍၊ ယဉ်ကျေးမှုဖလှယ်၍၊ အတတ်ပညာဖလှယ်၍ များလှစွာသော ဖလှယ်မှု မျိုးစုံကို ပြုလုပ်လာနိုင်ကြသည်။ 
ထိုသို့ ဖလှယ်ကြ၍ စီးပွားရေးတိုးတက်လာခဲ့ကြ သည်။ လူနေမှုစနစ်လည်း နေ့စဉ်နှင့်အမျှ မြင့်မား လာခဲ့ကြသည်။  ခန္ဓာကိုယ်အတွင်း၌   သွေးလွှတ် ကြောတို့သည်   သွေးကို  ခန္ဓာကိုယ်အစိတ်အပိုင်း အသီးသီးသို့ရောက်အောင်  ပို့ဆောင်ပေးသကဲ့သို့ သယ်ယူပို့ဆောင်မှု  လမ်းကြောင်းများပေါ်မှသည် နိုင်ငံတွင်းသာမက တစ်ကမ္ဘာလုံးဒေသအသီးသီးသို့ လူနှင့်ကုန်ပစ္စည်းမျိုးစုံကို ပို့ဆောင်ပေးလျက်ရှိနေ သည်။ 
သယ်ယူပို့ဆောင်ရေး    ဝန်ဆောင်မှုလုပ်ငန်း များကြောင့် လူမှုစီးပွားဘဝတို့သည်လည်း ပြေပြစ် ချောမွေ့စွာ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာကြောင်း သိသာလှပေသည်။ သို့ဖြစ်၍ တိုးတက်လျက်ရှိသော နိုင်ငံတိုင်းသည်    မီးရထားလမ်း၊    ကားလမ်း၊ တူးမြောင်းများ၊ ဘူတာရုံများ၊ ဆိပ်ကမ်းများ စသည့် ခေတ်မီပြည့်စုံကောင်းမွန်သော သယ်ယူပို့ဆောင် ရေးဆိုင်ရာ   အခြေခံအဆောက်အဦများ ပိုင်ဆိုင် ထားကြသည်ကို မြင်တွေ့ရပါမည်။ 
စက်မှုတော်လှန်ရေးကာလတွင် ရေနွေးငွေ့သုံးစက်ကိရိယာများကြောင့် ကုန်ထုတ်လုပ်မှုစွမ်းအားမြင့်မားလာသည့်  အကျိုးဆက်အရ   ကုန်ထုတ် လုပ်ရာနေရာများ၌ လုပ်သားများ စုဝေးရောက်ရှိ လာခြင်း၊ ကူးသန်းရောင်းဝယ်ရေးဗဟိုချက်မများ၌ သိုလှောင်စခန်းများ ဖြစ်ပေါ်လာကာ အရောင်း အဝယ်တိုးတက်လာသည့်အလျောက် လူနေထိုင်မှု များပြားလာခြင်း၊ တစ်ဦးချင်းဝင်ငွေ အတော်အသင့် တိုးတက်လာခြင်း၊   ဒေသအလိုက်  မတူညီသည့် ထွက်ကုန်များ ရှိနေသဖြင့် အပြန်အလှန်ရောင်းဝယ်မှု တိုးတက်လာခြင်း၊ စက်ရုံ၊ အလုပ်ရုံရှိရာသို့ ကုန်ကြမ်း အမြောက်အမြား  သယ်ဆောင်ရန် လိုအပ်လာခြင်း စသည်တို့အပေါ် အခြေခံကာ ရေနွေးငွေ့သုံး ရထား၊ ကားနှင့်  သင်္ဘောများ   တီထွင်ပေါ်ပေါက်လာခဲ့ ကြောင်း တွေ့ရှိရပါသည်။
သယ်ယူပို့ဆောင်ရေးလုပ်ငန်းတို့ တွင်ကျယ်စေ ရန်    တီထွင်အသုံးပြုလာကြရာ   အမျိုးမျိုးသော ယာဉ်၊ ရထားများသည်  ၁၉၁ဝ  ပြည့်နှစ်လောက် ကတည်းက အမျိုးအစားစုံလင်နေခဲ့ပြီ ဖြစ်ပါသည်။ ယခုခေတ် သယ်ယူပို့ဆောင်မှု အမျိုးအစားများဖြစ်ကြ သော   ရထား၊   သင်္ဘော၊  မော်တော်ကား၊ လေယာဉ် စသည့်ယာဉ်များအားလုံးသည်    ထိုခေတ်ကာလ လောက်ကတည်းကပင်  အစုံအလင်ရှိနေပေသည်။ 
ယင်းကာလများမတိုင်မီက    ပင်လယ်ရပ်ခြား ဒေသများသို့ ပိုးထည်များ၊ လက်ဖက်ခြောက်များ နှင့်   ဟင်းခတ်အမွှေးအကြိုင်များကိုသာ  အဓိက တင်ပို့ခဲ့ကြပါသည်။   သို့သော်   ယခုအခါ၌  လူတို့ လိုအပ်သည့်   အသုံးအဆောင်၊  အစားအသောက်၊ ဆေးဝါးများ၊   စက်မှုကုန်ကြမ်း/ ကုန်ချောပစ္စည်း စသည်တို့ကို မည်သည့်နေရာဒေသမဆို တင်ပို့နိုင် သည့် သယ်ယူပို့ဆောင်မှုလုပ်ငန်းများ ထွန်းကား တိုးတက်နေပြီ ဖြစ်ပါသည်။
သယ်ယူပို့ဆောင်မှုပုံစံများ 
(Modes of Transport)
ယနေ့မျက်မှောက်ကာလတွင်    နေရာဒေသ အသီးသီးသို့ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ကူးသန်း သွားလာဆက်ဆံမှုများ   လွန်စွာကြီးမားလာသည့် အလျောက်   ကမ္ဘာကြီးမှာလည်း   ရွာကြီးသဖွယ် ဖြစ်ပေါ်ခဲ့ပါသည်။  ခေတ်၏  လိုအပ်ချက်နှင့်အညီ သယ်ယူပို့ဆောင်ရေးစွမ်းအားများ အဆင့်မြင့်လာ ပြီး လူ့ဘောင်အဖွဲ့အစည်းအတွက် အကျိုးကျေးဇူး များ   ဖြစ်ပေါ်စေသကဲ့သို့    တစ်ဖက်တွင်လည်း သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များပျက်စီးခြင်း၊ ရာသီဥတုပြောင်းလဲခြင်း၊      ယာဉ်တိုက်ခိုက်မှုနှင့် မတော်တဆမှုများဖြစ်ကာ သေကျေဒဏ်ရာရခြင်း၊ မြို့ကြီးများ၌ ယာဉ်ကျပ်တည်းမှုနှင့် ဆက်နွှယ်၍ ဆိုးကျိုးများကို  ခံစားရခြင်း  စသည့်ဆိုးကျိုးများ လည်း ဖြစ်ပေါ်လာခဲ့ရပါသည်။
သယ်ယူပို့ဆောင်ရေး  လုပ်ငန်းတစ်ခုအတွက် ခရီးသည်နှင့်ကုန်စည်များကို လိုအင်ဆန္ဒနှင့်အညီ လုံခြုံချောမွေ့စွာဖြင့် အချိန်ကိုက်ပို့ဆောင်နိုင်မှုသည် အထူးအရေးပါလှပါသည်။     ကမ္ဘာပေါ်ရှိ   နိုင်ငံ အသီးသီးတွင်  ယင်းတို့၏ ရေမြေတောတောင်နှင့် သဘာဝမြေမျက်နှာသွင်ပြင် အနေအထား၊ ခရီး အနီး/ အဝေး၊ လိုက်ပါစီးနင်းကြသည့် လူနှင့်ကုန်စည် ပမာဏ၊ ကုန်စည်အမျိုးအစားပေါ်မူတည်၍ သယ်ယူ ပို့ဆောင်မှုအမျိုးအစား၊    ပို့ဆောင်မှုနည်းလမ်း၊ ယာဉ်/ ယန္တရားပုံစံတို့ အမျိုးမျိုးရှိကြပါသည်။ အသုံး အများဆုံးသော သယ်ယူပို့ဆောင်မှုပုံစံ (Modes of Transport) တွင် လေကြောင်း(Airways)၊ ရေကြောင်း (Waterways)၊   ပိုက်လိုင်း  (Pipelines)၊  ကား (Roadways)နှင့် ရထား(Railways) ဟူ၍ အဓိက ငါးမျိုးတွေ့ရှိရပါသည်။ 
ပို့ဆောင်ရေးယာဉ်များအနက်   သင်္ဘောသည် ရေကြောကိုချုံ့နိုင်၍   မီးရထား၊  မော်တော်ကား တို့သည်    မြေကြောကို  ချုံ့နိုင်သည်။   ရေကြော၊ မြေကြောနှစ်ခုစလုံးကို      ချုံ့နိုင်သောယာဉ်ကား လေယာဉ်ဖြစ်ပါသည်။  သို့ရာတွင်   ပို့ဆောင်ရေး နည်းလမ်းပေါင်းစုံကို ဟန်ချက်ညီညီ ချိတ်ဆက်နိုင် လေ   ပိုအကျိုးရှိလေဖြစ်ကြောင်းလည်း  လေ့လာ တွေ့ရှိရပါသည်။
လေကြောင်းပို့ဆောင်ရေး
လေယာဉ်၊    ရဟတ်ယာဉ်များသည်   ရေမြေ တောတောင်တို့ကို အချိန်တိုအတွင်း ကျော်ဖြတ်၍ ခရီးဝေးပျံသန်းနိုင်သဖြင့် သင်္ဘော၊ ရထားတို့ထက် များစွာ   စွမ်းဆောင်နိုင်ပြီး    ကုန်းလမ်း၊   ရေလမ်း မရှိသေးသောနေရာများ၌လည်းကောင်း၊ ကုန်းလမ်း၊ ရေလမ်းများရှိသော်လည်း လမ်းပန်းအဆက်အသွယ် ပြတ်တောက်နေသောအခါ၌     လည်းကောင်း လေကြောင်းပို့ဆောင်ရေးကို အားထားနိုင်ပေသည်။ ယခုခေတ်တွင် စီးပွားရေးအမြတ်အစွန်း လက်ဦးမှု ရယူလိုခြင်းများအရလည်းကောင်း၊ တန်ဖိုးကြီးမား သော    ဆေးဝါး၊    အီလစ်ထရွန်နစ်ပစ္စည်းများ၊ စားသောက်ကုန်များ စသည်တို့ကို ပို့ဆောင်ရန်နှင့် အရေးကြီးပုဂ္ဂိုလ်များ၊  ခရီးဝေးသို့ အလျင်အမြန် သွားရောက်လိုသူများအား              ပို့ဆောင်ရန် လည်းကောင်း လေကြောင်းပို့ဆောင်ရေးမှာ များစွာ အရေးပါလှပါသည်။
ရေကြောင်းပို့ဆောင်ရေး 
သင်္ဘောများဖြင့် ပို့ဆောင်ရေးသည် ပို့ဆောင်ခ အသက်သာဆုံးဖြစ်ခြင်း၊  ကုန်စည်များ  အစုလိုက် သယ်ယူပို့ဆောင်နိုင်ခြင်း၊ ပင်လယ်ရေကြောင်းမှ တစ်ဆင့် နိုင်ငံတကာကုန်သွယ်မှုကို မြှင့်တင်နိုင်ခြင်း၊ အခြားသောသယ်ယူပို့ဆောင်ရေးများနှင့် နှိုင်းယှဉ် ပါက အန္တရာယ်ဖြစ်ပေါ်နိုင်မှု လွန်စွာနည်းပါးခြင်း စသည့် အားသာချက်များရှိသော်လည်း ကုန်ပစ္စည်း များ ရွှေ့ပြောင်းပို့ဆောင်ရာတွင် အချိန်ကြန့်ကြာမှု ရှိခြင်း၊    ရာသီအလိုက်    ပြောင်းလဲမှုများကြောင့် စွမ်းဆောင်ရည်အပေါ်         သက်ရောက်မှုရှိခြင်း၊
ပင်လယ်၊ သမုဒ္ဒရာများနှင့် မြစ်ချောင်းများတွင်သာ လည်ပတ်နိုင်သောကြောင့် အကန့်အသတ်ဖြင့်သာ အသုံးပြုနိုင်ခြင်း၊ ကုန်စည်ပမာဏ အနည်းငယ်ကို သီးခြားပို့ဆောင်ပေးနိုင်မှုမရှိခြင်း စသည့်အားနည်း ချက်များကို တွေ့ရပါသည်။
ကုန်းလမ်းပို့ဆောင်ရေး 
လူတို့၏ နေထိုင်မှုအဆင့်အတန်း မြင့်မားလာမှု နှင့်အတူ   စက်မှုလုပ်ငန်းများအတွက် စွမ်းအင်ရရှိ ရေးဆိုင်ရာ ရေနံနှင့် သဘာဝဓာတ်ငွေ့လိုအပ်ချက် မြင့်မားလာခြင်းကြောင့် ထုတ်လုပ်မှုတိုးမြှင့်လာမှု နှင့်အတူ   ပိုက်လိုင်းသယ်ယူပို့ဆောင်ရေးကဏ္ဍ သည်လည်း ဖွံ့ဖြိုးတိုးတက်လာပါသည်။ သဘာဝ ဓာတ်ငွေ့၊  ဓာတ်ငွေ့အရည်၊  ရေနံနှင့် ကျောက်မီး သွေး/သံ/ သတ္တုရိုင်းအမှုန့်များကို သံမဏိပိုက်များ ဖြင့် ဆက်သွယ်ထားသည့် ပိုက်လိုင်းများအသုံးပြု၍ ကုန်းတွင်းပိုင်းတွင် ပို့ဆောင်မှုများဖြစ်ပါသည်။ 
ပိုက်လိုင်းပို့ဆောင်ရေးသည် သဘာဝဘေးနှင့် ရာသီဥတုဒဏ်ခံရမှုအနည်းဆုံးဖြင့်    အချိန်ပြည့် တစ်ဆက်တစ်စပ်တည်း ပို့ဆောင်နိုင်စွမ်းရှိပါသည်။ ပို့ဆောင်လိုသည့်နေရာသို့ အတိုဆုံးလမ်းကြောင်းမှ ဖြတ်သန်းတည်ဆောက်ပို့ဆောင်နိုင်ခြင်း၊ ပို့ဆောင် မှုပမာဏကြီးမားခြင်း၊    သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအသက်သာဆုံးဖြစ်ခြင်း၊ မြေပေါ်သယံဇာတ ထိခိုက်ပြုန်းတီးမှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို ထိခိုက်စေခြင်းမှ ရှောင်ရှားနိုင်ခြင်း၊ စွမ်းအင်သုံးစွဲမှု အနည်းဆုံးဖြစ်ခြင်း   စသည့်အားသာချက်များ ရှိပါသည်။ 
သို့ရာတွင် ပို့ဆောင်ပေးရမည့် ဓာတ်ငွေ့၊ အရည် နှင့် အမှုန့်အမျိုးအစား ကန့်သတ်မှုရှိခြင်း၊ ပစ္စည်း တစ်မျိုးတည်းကိုသာ    ပုံမှန်သယ်ပို့ပေးနိုင်ခြင်း၊ ပိုက်လိုင်းမှယိုစိမ့်မှု၊    ဓာတ်ငွေ့ထုတ်လွှတ်မှုများ ရုတ်တရက်ဖြစ်ပေါ်ပါက သဘာဝပတ်ဝန်းကျင်နှင့် လူ၊  တိရစ္ဆာန်တို့အား ဆိုးရွားစွာ ထိခိုက်ပျက်စီး စေနိုင်ခြင်း၊ ပုံသေရင်းနှီးမြှုပ်နှံမှုစရိတ် ကြီးမားခြင်း စသည့်အားနည်းချက်များ ရှိပါသည်။
မော်တော်ယာဉ်ဖြင့် ပို့ဆောင်ရေးလုပ်ငန်းသည် ဝေးလံခေါင်သီသော  ဒေသများတွင်ပင်  ခရီးသည် ပို့ဆောင်ရေးနှင့်   ကုန်စည်စီးဆင်းမှု  အဆင်ပြေ ချောမွေ့စွာ   အထောက်အကူပြုနိုင်ခြင်း၊  သုံးဘီး၊ ဘတ်စ်ကား၊   ထရပ်ကား  စသည်ဖြင့် ယာဉ်ကြီး၊ ယာဉ်ငယ်ခွဲခြား၍ ရွေးချယ်အသုံးချနိုင်ခြင်း၊ ပုပ်သိုး ပျက်စီးလွယ်သော စားသောက်ကုန်များကို တစ်သီး တခြား လွယ်ကူစွာသယ်ပို့နိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု ပမာဏနည်းနည်းဖြင့် မတည်ဆောင်ရွက်နိုင်ခြင်းနှင့်  ခရီးတိုပို့ဆောင်မှုများအတွက်   အလွန်သင့်လျော် ခြင်းတို့ကို သုံးသပ်တွေ့ရှိရပါသည်။ 
သို့ရာတွင် ခရီးဝေးသယ်ယူပို့ဆောင်ရေးအတွက် စီးပွားရေးအရ တွက်ခြေကိုက်မှုမရှိခြင်း၊ ခရီးဝေးအား   ရထားဖြင့်  ပို့ဆောင်ရေးနှင့် နှိုင်းယှဉ်ပါက နှေးကွေး ခြင်း၊ ဖုန်မှုန့်များနှင့် လေထုညစ်ညမ်းမှုများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများခြင်း၊ ကုန်စည်များ ပျက်စီးလွယ်ခြင်း၊ မောင်းနှင်မှုအချိန် ပိုမိုကြန့်ကြာ ခြင်း၊   ယာဉ်မတော်တဆမှုဖြစ်ရန်  အခွင့်အလမ်း အလွန်မြင့်မားပြီး အန္တရာယ်များခြင်း၊ လူနှင့်ယာဉ် ထိခိုက်ပျက်စီးမှုများခြင်း၊ ကားလမ်းများ၏  ကြံ့ခိုင် ရေးအတွက်  နှစ်စဉ်ကုန်ကျစရိတ်များခြင်း၊ ယာဉ်၏ ကြံ့ခိုင်ရေးနှင့်  ပြင်ဆင်စရိတ် စသည့်ပုံမှန်ကုန်ကျ စရိတ်များ  အသုံးပြုရခြင်း၊  ယာဉ်မောင်း၊  အကူ၊  ယာဉ်ပြင်  စသည့်လုပ်သားစွမ်းအားအရ  များစွာ အသုံးပြုရခြင်း စသည့်ထိခိုက်မှုများ၊ ဆိုးကျိုးများ ဖြစ်ပေါ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။
လူတစ်ဦးချင်း၊ မိသားစုတစ်စု၊ အဖွဲ့အစည်းတစ်ခု အနေဖြင့် ကူးသန်းသွားလာရေးနှင့် ပို့ဆောင်ရေး လိုအပ်ချက်များကို အကြောင်းပြု၍ လွယ်ကူစွာ အသုံးချနိုင်သော မော်တော်ယာဉ်များကို ဝယ်ယူ အသုံးပြုမှုများပြားလာပါသည်။ တစ်ဦးချင်းအနေ ဖြင့် မော်တော်ယာဉ်များကို ကိုယ်ပိုင်သုံးရန် ဝယ်ယူ နိုင်သည့်အခြေအနေဖြစ်လာခြင်း၊ ရထား၊ သင်္ဘော ပို့ဆောင်ရေး   အမျိုးအစားနှင့်   နှိုင်းယှဉ်လျှင် မော်တော်ယာဉ်သည်    ခရီးသည်များကို   မိမိတို့ နေထိုင်ရာ ရပ်ကွက် (သို့မဟုတ်) နေအိမ်မှ မိမိတို့ သွားလိုရာနေရာ(ကျောင်း၊ ဈေး၊ ဆေးရုံ စသည်)သို့ လမ်းရှိလျှင် အရောက်ပို့ဆောင်နိုင်ခြင်း၊ ကုန်ကြမ်း/ကုန်ချောများကိုလည်း  ဂိုဒေါင်မှစက်ရုံ၊  စက်ရုံမှ ဈေးကွက်နှင့် ဝယ်ယူလိုသူထံ အနီးဆုံးနေရာအထိတိုက်ရိုက်ပို့ဆောင်ပေးနိုင်ခြင်း စသည့်အားသာချက် များကြောင့်          မော်တော်ယာဉ်ပို့ဆောင်ရေး လုပ်ငန်းမှာ    အရှိန်အဟုန်ဖြင့်   တိုးတက်လာပြီး အဓိကပို့ဆောင်ရေးလုပ်ငန်းတစ်ခုအဖြစ်သို့ ရောက်ရှိ လာခဲ့ပါသည်။
ယခုအခါ မိမိတို့နိုင်ငံရှိမြို့ကြီးများနှင့် ကမ္ဘာ့ မြို့ကြီးအများစု၌     ယာဉ်ကြောကျပ်တည်းမှုကို လက်ငင်းကြုံတွေ့နေကြရာ  ယင်း၏ အကျိုးဆက် များသည်    နိုင်ငံနှင့်    လူ့အဖွဲ့အစည်းတို့အတွက် နစ်နာမှု ဆုံးရှုံးမှုကြီးမားသည့်အလျောက် ပို့ဆောင် ရေးပညာရှင်နှင့် ပို့ဆောင်ရေးလုပ်ငန်းမှ တာဝန်ရှိ သူများက ယင်းပြဿနာကို အလေးထားအဖြေရှာ၍ နည်းလမ်းအမျိုးမျိုးဖြင့် ဖြေရှင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိနေကြပါသည်။ 
ယာဉ်ကြောကျပ်တည်းမှုကြောင့် ကြန့်ကြာနေ သော မော်တော်ယာဉ်များပေါ်ရှိ ယာဉ်မောင်းနှင့် ခရီးသည်တို့၏ ထုတ်လုပ်မှုစွမ်းအားများ အလဟဿ လေလွင့်မှု ဖြစ်ပေါ်စေခြင်း၊ အချိန်ကြန့်ကြာသည် နှင့်အမျှ စက်သုံးဆီစရိတ်၊ မော်တော်ယာဉ်ပြုပြင် စရိတ်များ တက်လာခြင်း၊ အထူးအားဖြင့် မိမိတို့နိုင်ငံ သည် စက်သုံးဆီများကို ပြည်ပမှ တင်သွင်းနေရ သည်ဖြစ်ရာ  စက်သုံးဆီကုန်ကျစရိတ် တက်လာ သည်နှင့်အမျှ ကုန်သွယ်မှုရှင်းတမ်းတွင် အနုတ်ပြ ကာ    စီးပွားရေး၊   ဘဏ္ဍာရေးအရ   ထိခိုက်ခြင်း၊ ပို့ဆောင်ရေးစရိတ် မြင့်တက်လာသဖြင့် ကုန်ဈေးနှုန်း မြင့်တက်ခြင်း၊      လေထုအတွင်း    ကာဗွန်ဒိုင် အောက်ဆိုဒ်ပမာဏ မြင့်တက်ခြင်းကြောင့် ဖန်လုံ အိမ် အာနိသင်အကျိုးသက်ရောက်မှု (Greenhouse Effect)ဖြစ်ပေါ်ကာ ကမ္ဘာ့လေထု ပူနွေးလာသဖြင့် ရာသီဥတုဖောက်ပြန်ခြင်း၊ အက်စစ်မိုးများရွာသွန်း ကာ   သစ်တောများ၊  စိုက်ပျိုးသီးနှံများ အက်စစ် လောင်ကျွမ်းပျက်စီးခြင်း၊     ရေတွင်း၊    ရေကန် ပျက်စီးကာ သောက်ရေ၊  သုံးရေရှားပါးမှု  ကြုံတွေ့ ရခြင်း    စသည့်ဆိုးကျိုးများ    ပေါ်ပေါက်လာစေ ပါသည်။
ယာဉ်ကြောကျပ်တည်းမှုကို   သက်သာစေရန် လမ်းဆုံလမ်းခွ၌   တံတားများ၊   မြေအောက် လိုဏ်ခေါင်းများ  တည်ဆောက်ရခြင်း၊   အသွား လမ်းကြော၊   အပြန်လမ်းကြော  အရေအတွက်ကို အချိန်ကာလသတ်မှတ်ချက်ဖြင့်     ပြောင်းလဲ သတ်မှတ်ပြေးဆွဲရန်စီမံရခြင်း၊ ဘတ်စ်ကားအတွက် ဦးစားပေးလမ်းကြောင်းသတ်မှတ်ပေးခြင်း၊ ကိုယ်ပိုင် ယာဉ်များကို    အခွန်အခကြီးမားစွာ  သတ်မှတ် ကောက်ခံ၍ မြို့တွင်းကို ဝင်ရောက်စေခြင်း၊ မြို့တွင်း ၌   ကားရပ်နားရန်နေရာ၊   အဆောက်အအုံများ စနစ်တကျ စီမံပေးရခြင်း၊ မြို့ကြီးများပတ်လည်တွင် ဆင်ခြေဖုံးမြို့များ၌ ဈေး၊ ဆေးရုံ၊ ကျောင်း၊ ဘဏ်၊ အလုပ်ရုံ/ စက်ရုံ၊   လူနေရပ်ကွက်  စသည်တို့ဖြင့် ပြည့်စုံစွာ စီမံတည်ဆောက်ပေးရခြင်း၊  ကျောင်းသား များကို စုပေါင်းကြိုပို့သည့်စနစ် အသုံးပြုခြင်းဖြင့် ကျောင်းသို့လာရောက်သည့် ယာဉ်လျော့နည်းသွား စေရန် စီမံရခြင်း၊ မြေနေရာအသုံးပြုမှု နည်းပါးပြီး ခရီးသည်အမြောက်အမြားကို    ပို့ဆောင်နိုင်သည့် မြေအောက် (သို့မဟုတ်) မြေပြင် အထက်မှပို့ဆောင် နိုင်သည့် မြို့တွင်းသွားရထားများ ပြေးဆွဲလျက် ဘတ်စ်ကားနှင့် ကိုယ်ပိုင်ယာဉ်/ အငှားယာဉ်များ အသုံးပြုမှုကို လျှော့ချနိုင်မည့်အစီအမံများ ချမှတ် ဆောင်ရွက်ရခြင်း၊   ယာဉ်ကျပ်တည်းမှု  ဖြစ်ပေါ် စေသည့် လူစုဝေးရောက်ရှိလာမည့်ရုံးများ၊ ဈေးများ၊ ရုပ်ရှင်ရုံ၊ ကဇာတ်ရုံများ၊ အပန်းဖြေရန် နေရာများ၊ စက်ရုံ၊  အလုပ်ရုံ၊   ကုန်လှောင်ရုံများ   စသည်တို့ကို စိစစ်ဖော်ထုတ်၍     မြို့ပြင်တွင်    ပြောင်းရွှေ့နေရာ ချထားရခြင်း၊      ကားလမ်းမကြီးတစ်လျှောက် ယာဉ်ကြောပိတ်ဆို့မှု  မဖြစ်ပေါ်စေရေး စောင့်ကြပ် ကြည့်ရှုဖြေရှင်းနိုင်မည့်   နည်းပညာများ အသုံးချ ဆောင်ရွက်ပြီး ယာဉ်မောင်းနှင်သူများထံ အချိန်နှင့် တစ်ပြေးညီ သတင်းအချက်အလက်များပေးပို့ခြင်း၊ စည်းကမ်းမဲ့ယာဉ်ရပ်တန့်မှုများအား တင်းကျပ်စွာ အရေးယူထိန်းသိမ်းခြင်း၊ မော်တော်ယာဉ်တင်သွင်း မှုကို ကန့်သတ်ခြင်း၊ အခွန်တိုးမြှင့်ကောက်ခံခြင်း စသည်ဖြင့် နည်းလမ်းမျိုးစုံကြံဆလျက် နှစ်စဉ် ဘဏ္ဍာငွေအမြောက်အမြား ကျခံသုံးစွဲကာ ကြိုးပမ်း ဆောင်ရွက်နေကြရပါသည်။
ရထားပို့ဆောင်ရေးကဏ္ဍ 
ရထားပို့ဆောင်ရေးလုပ်ငန်းသည် ကုန်စည် ပမာဏများစွာကို  တစ်ချိန်တည်း တစ်ပြိုင်တည်း တွင် တစ်နေရာမှ တစ်နေရာသို့ လွှဲပြောင်းပေးခြင်း နှင့် ခရီးသည်များစွာကိုလည်း အစုအပြုံအလိုက် တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်ပေးရန် စွမ်းရည် ရှိသော သယ်ယူပို့ဆောင်ရေးနည်းလမ်း ဖြစ်ပါသည်။ ရထားသည် ပုံသေသတ်မှတ်လမ်းကြောင်းပေါ်တွင် ပြေးဆွဲရသည့် ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်ပါသည်။ ရထားပို့ဆောင်ရေးလုပ်ငန်းသည်   နိုင်ငံအတွင်း ဒေသအသီးသီးကို    လွှမ်းခြုံဆောင်ရွက်နိုင်ခြင်း၊  ခရီးဝေးပို့ဆောင်မှုများအတွက် စျေးသက်သာခြင်း၊ မော်တော်ယာဉ်ပို့ဆောင်ရေးထက် အချိန်ပိုမြန်ခြင်း၊ အလွန်များပြားသော ကုန်စည်များကို ပို့ဆောင်ရန် အသင့်လျော်ဆုံးသော လုပ်ငန်းဖြစ်ခြင်း၊  ကာဗွန် ထုတ်လွှတ်မှု လျော့နည်းပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုသက်သာခြင်း၊ နေရောင်ခြည်နှင့် ဖုန်မှုန့် များ ထိတွေ့မှုမှ သင့်လျော်သော အကာအကွယ်ကို ပေးနိုင်ခြင်း၊ ရထားမတော်တဆမှုဖြစ်ရန် အခွင့် အလမ်း အလွန်နည်းပါးပြီး အခြားသောပို့ဆောင်မှု နည်းလမ်းများထက်  ပိုမိုလုံခြုံမှုရှိသော  သယ်ယူ ပို့ဆောင်ရေးနည်းလမ်းဖြစ်ခြင်း၊      ကျွမ်းကျင်မှု ပညာရှင်များနှင့်      ကျွမ်းကျင်မှုမရှိသေးသော လုပ်သားများကိုပါ အလုပ်အကိုင်အခွင့်အလမ်းများ များစွာပံ့ပိုးပေးနိုင်ခြင်း စသည့်အားသာချက်များစွာ ရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။ 
ရထားပို့ဆောင်ရေးလုပ်ငန်း  ဆောင်ရွက်ရန် တည်ဆောက်ခြင်း၊    လည်ပတ်လုပ်ကိုင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းအဆင့်တိုင်းအတွက်မူ ကြီးမား သော အရင်းအနှီးလိုအပ်ခြင်း၊ တောင်ပေါ်ဒေသ များတွင် တည်ဆောက်စရိတ်မြင့်မားခြင်း၊ ပုံသေလမ်းကြောင်းတစ်ခုတည်းပေါ်တွင်သာ   ပြေးဆွဲ ပို့ဆောင်နေရခြင်း၊ အိမ်တိုင်ရာရောက် ပို့ဆောင်နိုင်မှု (Door to  Door  Service)   မပြုလုပ်နိုင်ခြင်းနှင့် မော်တော်ယာဉ်ပို့ဆောင်ရေးနှင့် ပေါင်းစပ်၍ ခရီး သည်နှင့် ကုန်စည်များကို ထပ်ဆင့်ပို့ဆောင်နိုင်ရေး စီမံဆောင်ရွက်ရခြင်းများသည်   စဉ်ဆက်မပြတ် ရထားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိန်ခေါ် မှု ဖြစ်စေပါသည်။ 
ကနဦး  ရင်းနှီးမြှုပ်နှံမှုစရိတ်   ကြီးမားသဖြင့် လည်းကောင်း၊ ကုန်စည်နှင့် ခရီးသည်များကို ခရီး ဝေးဝေးသို့    ပို့ဆောင်နိုင်မှသာ   စီးပွားရေးအရ တွက်ခြေကိုက်သည့် သဘာဝကြောင့်လည်းကောင်း၊ မော်တော်ယာဉ်ပို့ဆောင်ရေး     လုပ်ငန်းများက ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းပမာဏ အများစုကို     ရယူပို့ဆောင်နေကြသည့်အတွက် ကြောင့်လည်းကောင်း ကမ္ဘာအနှံ့ ရထားလုပ်ငန်း အများစုသည် ဝင်ငွေနှင့်ထွက်ငွေမမျှဘဲ အရှုံးပေါ် လျက်ရှိကြကြောင်း လေ့လာတွေ့ရှိရပါသည်။ 
သို့သော်လည်း   ရထားလုပ်ငန်းသည်  နိုင်ငံ အတွက် မဟာဗျူဟာအရ အရေးကြီးသော လုပ်ငန်း ဖြစ်ခြင်း၊    ရထားသည်   ကားနှင့်နှိုင်းယှဉ်လျှင် တူညီသောကုန်စည်ပမာဏနှင့်       အကွာအဝေး အတွက်   လောင်စာဆီသုံးစွဲနှုန်း   လေးပုံတစ်ပုံမှ ခြောက်ပုံတစ်ပုံသာရှိသဖြင့် လေထုညစ်ညမ်းမှုနှင့် သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုကို လျော့ပါးစေခြင်း၊ ခရီးသည်အမြောက်အမြား    သယ်ယူပို့ဆောင်နိုင် သဖြင့် ယာဉ်ကြောကျပ်တည်းမှု ဖြစ်ပေါ်နေသော မြို့ကြီးများအတွက်     မဖြစ်မနေ    သုံးသင့်သော ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်နေခြင်း   စသည်တို့ ကြောင့်    နိုင်ငံအသီးသီးတွင်   ရထားလုပ်ငန်း ဆက်လက်ရှင်သန်စေရန်အတွက် အစိုးရအသီးသီး က နည်းအမျိုးမျိုးဖြင့် အထောက်အပံ့ပြုထားကြ ကြောင်းကိုလည်း လေ့လာတွေ့ရှိရပါသည်။  
ရထားလုပ်ငန်းသည် ထိရောက်သော သယ်ယူပို့ဆောင်ရေးစွမ်းရည်ပေးနိုင်ခြင်း၊       လေးလံ၍ ကြီးမားသောကုန်စည်များ၊   ပမာဏများပြားသောကုန်စည်များပို့ဆောင်ရာတွင်      ကုန်ကျစရိတ် သက်သာမှုများစွာ ပေးနိုင်စွမ်းရှိခြင်း၊ မော်တော် ယာဉ်နှင့် လေကြောင်းပို့ဆောင်ရေးတို့နှင့် နှိုင်းယှဉ် ပါက    ဓာတ်ငွေ့ထုတ်လုပ်မှုနှင့်   လောင်စာဆီ အသုံးပြုရမှုနည်းပါးပြီး    သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအသက်သာဆုံးဖြစ်ခြင်း၊   မတော်တဆမှု ဖြစ်နိုင်ခြေနည်းပါးပြီး          ယုံကြည်စိတ်ချရသော ပို့ဆောင်မှုပုံစံတစ်ခုဖြစ်ခြင်း၊    မြို့ပြများတွင် ယာဉ်ကြောပိတ်ဆို့မှုများကို   လျှော့ချဖြေရှင်းပေး နိုင်သည့် အကောင်းဆုံးသော ပို့ဆောင်ရေးလုပ်ငန်း တစ်ခုဖြစ်ခြင်းတို့ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင်  ခေတ်မီနည်းပညာများကိုအခြေခံကာ ရင်းနှီးမြှုပ်နှံမှု များ အထပ်ထပ်ပြုလုပ်၍ တိုးချဲ့အကောင်အထည် ဖော် ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြသည်ကို မျက်ဝါးထင်ထင်    တွေ့မြင်နေရပြီဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။     ။