ပိန်းဇလုပ်မြို့၌ ကိုဗစ်-၁၉ စစ်ဆေးရေးယာဉ်ဖြင့် ရောဂါပိုး ရှိမရှိ အခမဲ့စစ်ဆေးပေး

 

ပိန်းဇလုပ်   သြဂုတ်    ၂၉


ပဲခူးတိုင်းဒေသကြီး  ညောင်လေးပင်မြို့နယ်  ပိန်းဇလုပ်မြို့အတွင်းရှိ စည်ပင်သာယာစျေးအနီး   မြို့လယ်လမ်းဆုံ၌   ယနေ့နံနက်ပိုင်းက  မြို့နယ် ကိုဗစ်-၁၉  ရောဂါ  ကာကွယ်၊  ထိန်းချုပ်ရေးနှင့်  အရေးပေါ်  တုံ့ပြန်ရေးကော်မတီ၏ စစ်ဆေးရေးယာဉ်ဖြင့် လာရောက်ကွင်းဆင်း၍ လမ်းသွား၊ လမ်းလာပြည်သူများ၊ စျေးရောင်း၊ စျေးဝယ်များနှင့် မိမိဆန္ဒ အလျောက် လာရောက်စစ်ဆေးခံသည့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အခမဲ့စစ်ဆေးပေးသည်။


အဆိုပါစစ်ဆေးပေးမှုကို ပိန်းဇလုပ်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ  မြို့အုပ်ချုပ်ရေးမှူး  ဦးလင်းအောင်၊  မြို့မ(၁)၊  မြို့မ(၂)၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအဖွဲ့များက လိုအပ်သည် များ ကူညီဆောင်ရွက်ပေးသည်။


ထိုသို့စစ်ဆေးဆောင်ရွက်ခဲ့ရာ ယနေ့တွင် ယင်းဒေသ၌ စုစုပေါင်း လူဦးရေ ၂၁၄ ဦးအား စစ်ဆေးရာ ၁၂ ဦး ပိုးတွေ့ရှိခဲ့ကြောင်းနှင့် ပိုးတွေ့ လူနာများအား ဆေးရုံသို့ပို့ဆောင်ကုသပေးခြင်း၊ ထိတွေ့ဆက်ဆံသူ များကို သွားလာကန့်သတ်ထိန်းချုပ်သည့် စင်တာများသို့ ပို့ဆောင် စေခြင်းများ ဆောင်ရွက်ပေးကြောင်း သိရသည်။
     

ပိန်းဇလုပ်-သိန်းညွန့်