ဖူးရောက်စေချင်သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဆီ …

Type
1

 

မြင့်မောင်စိုး
 

“စကျင်ကျောက်နဲ့ ထုလုပ်ထားတဲ့  ဘုရားတွေထဲမှာ တော့ ကမ္ဘာ့အမြင့်ဆုံးတဲ့”
“ပြီးတော့ မြတ်စွာဘုရားရဲ့ပိဋကတ် သုံးပုံကို လည်း စကျင်ကျောက်ပြားတွေမှာ ပါဠိလိုရော၊ ရိုမန် နိုက်ဇ်လိုရော ဖတ်ရှုလေ့လာနိုင်အောင် ကျောက် စာရုံစေတီတွေကို ထည့်သွင်း တည်ဆောက်ထား တာတဲ့”
ဒီအချက်  နှစ်ချက်နဲ့တင်  မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား  ဖူးဖြစ်အောင်ဖူးမယ်၊ ရောက် အောင်ကို သွားမယ်ဆိုတဲ့စိတ်ကို   တုံးတုံးချလိုက် တာ။  ဒါနဲ့ပြီးခဲ့တဲ့   စနေနေ့က   ရုံးကားအစီအစဉ်နဲ့ သွားတာပေါ့။    ရုံးကားပေါ်မှာ  ဝန်ထမ်းတွေအပြင် ဝန်ထမ်းမိသားစုတွေ၊   ခင်ရာမင်ရာ   မိတ်ဆွေတွေ လည်း ပါတာပေါ့။ 


ဘာပဲဖြစ်ဖြစ်    ကမ္ဘာပေါ်ရှိ     ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက်    ဉာဏ် တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား    ဖူးခွင့်ရတော့မှာမို့    အားလုံးက ရွှင်လန်းတက်ကြွနေတာပေါ့။ စိတ်ထဲမှာ ပြောမပြ တတ်အောင်       ကြည်ညိုသဒ္ဓါစိတ်တွေကလည်း ပွားများနေတာပေါ့။ လမ်းတစ်လျှောက်မှာ စိမ်းလန်း တဲ့ လယ်ကွင်းတွေ၊ ဘုရားစေတီတွေ၊ လမ်းမကျယ် ကြီးတွေ၊     အစီအရီရှိနေတဲ့    အဆောက်အအုံတွေ၊ စိန်ခြယ်လို၊    စိန်ပန်းလို   ပန်းအလှပင်တွေကလည်း ရှုမျှော်မဆုံး။   သေချာတာကတော့   ဘုရားဖူးလာ ပြည်သူတွေရဲ့ရင်ထဲမှာ ဘုရားကြီးအား ဖူးမြော်ရ တော့မယ်ဆိုတဲ့အသိနဲ့  စိတ်နှလုံးအေးချမ်းနေတာ အမှန်ပါပဲ။
ဘုရားကြီးအဝင်လမ်းကလည်း  ကောင်းလိုက် တဲ့ဖြစ်ခြင်း။   အသွားတစ်လမ်း၊  အပြန်တစ်လမ်း၊ လမ်းလယ်ကျွန်းနဲ့  ဘေးဝဲယာပန်းအလှတွေနဲ့အမြင် ဆန်းပါဘိ။  သာသာယာယာ  ရှိလှပါဘိ။


  စည်ကားများပြား


ရုံးပိတ်ရက်ဖြစ်လို့   ဘုရားဖူးလာကားတွေက လည်း အကြီးအသေး စုံလို့။ ရုံးကား၊ အိမ်စီးကား၊ ဆိုင်ကယ်၊   တုတ်တုတ်ပါ   မကျန်အောင်   များပြား လိုက်သည့်ဖြစ်ခြင်း။ အသွား/အပြန် ယာဉ်မျိုးစုံနဲ့ ယောက်ယက်ခတ်လို့၊ ပြည့်ကျပ်နေလို့  ဘုရားမုခ်ဦး မရောက်မီကတည်းက    ယာဉ်တွေလမ်းဘေးထိုးရပ် ပြီး လမ်းလျှောက်ကြရ။   စည်ကားများပြားလိုက် သည့်ဖြစ်ခြင်း။ ပျားအုံတုတ်နဲ့ထိုးသလို ဖွေးဖွေးလှုပ် သွားလာနေကြတဲ့   လူအစုအဝေးကြီး၊   လူအုပ် ကြီးတွေဆိုတာ  အံ့မခန်းပါပဲ။  လူကြီး၊  လူငယ်၊  ဦးဦး၊ ဒေါ်ဒေါ်၊ အဘိုး၊ အဘွား၊ ရဟန်းသံဃာများပါ မကျန် လူတိုင်းရဲ့  မျက်နှာများမှာတော့       ပျော်ရွှင် ခြင်း၊ ကြည်နူးခြင်း၊ ဝမ်းမြောက်ခြင်း၊ အေးချမ်းခြင်း အရိပ်အယောင်တွေက   ပြည့်နှက်လို့နေ။  ဘုရားဖူးရ တဲ့ ဝမ်းမြောက်ဝမ်းသာဖြစ်နေကြတဲ့ ပုံပန်းသဏ္ဌာန် ကို  မြင်ရတော့    စိတ်ထဲက   အမှတ်မထင်   သာဓု သုံးကြိမ် ရေရွတ်လိုက်မိပါတော့တယ်။
 ကျွန်တော်တို့အဖွဲ့ဟာ   အဝင်မုခ်ဝကို   ကျော် ဖြတ်ပြီး  များမကြာမီ အဝင်၊ အထွက်  စစ်ဆေးတဲ့ စစ်ဆေးရေးဂိတ်ကို   ဖြတ်ရပါတယ်။   တာဝန်ကျ ဝန်ထမ်းတွေကလည်း ဖော်ဖော်ရွေရွေပါပဲ။ ဘုရားဖူး တဲ့လူတွေက များလွန်းတော့ အဖွဲ့လိုက်၊ အဖွဲ့လိုက် တစ်သုတ်ပြီး တစ်သုတ်  ဝင်သွားကြတာ   အဝင် လမ်းမကြီး တစ်ခုလုံးပြည့်သွားပါတယ်။ သက်ကြီး ရွယ်အိုတွေနဲ့ကျန်းမာရေး သိပ်မကောင်းတဲ့သူတွ၊ အသက်အရွယ်ကြီးသူတွေကတော့  မော်တော်ယာဉ် ငယ်(ဘာဂီ)လေးတွေ စောင့်စီးကြတာပေါ့။ ကျွန်တော် တို့အဖွဲ့ကတော့  လမ်းလျှောက်ရင်း  အဝေးကနေ ဘုရားကြီးဆီကို ငေးမောလိုက်၊ ဘုရားဖူးပြီး ပြန်လာ ကြသူတွေကိုကြည့်လိုက်နဲ့   သုဓမ္မာဇရပ်တွေအနီး ရောက်လာကြပါတယ်။ 


ဇရပ်တွေထဲမှာလည်း လူတွေကအပြည့်။ ပါလာ တဲ့ထမင်းချိုင့်ဖြည်စားသူစား၊  နားသူနား၊ တရား ဘာဝနာ ပွားများသူကပွားများနဲ့ အတော်လေးကို စည်စည်ကားကား ရှိလှပါတယ်။ သုဓမ္မာဇရပ်တွေ ကတော့   ဘုရားကြီးရဲ့   ရှေ့မျက်နှာစာ၊   စကျင် ကျောက်သား ရင်ပြင်ကြီးရဲ့ ဘေးတစ်ဖက်တစ်ချက် မှာ   ရှိနေတာပါ။   သုဓမ္မာဇရပ်ကခြောက်ဆောင်၊ မော်ကွန်းတိုက်၊ ဂေါပကရုံးတွေအပါဆိုရင်တော့ တစ်ဖက် လေးဆောင်စီနဲ့ အားလုံးပေါင်း ရှစ်ဆောင် ရှိပါတယ်။ 


နတ်ပြည်ရောက်သွားသလို


သုဓမ္မာဇရပ်တွေကလည်း စုလစ်မွမ်းချွန် အနု လက်ရာတွေ၊ ကနုတ်ပန်းတွေနဲ့ ဆောက်လုပ်ထား လိုက်တာ တကယ့်ကို  နတ်ပြည်ရောက်သွားသလို ပါပဲ။ ရှေ့တည့်တည့်က စကျင်ကျောက်သား ရင်ပြင် မှာဆိုရင်လည်း ရေပန်းတွေနဲ့ အေးလို့၊ လမ်းလျှောက် သူလျှောက် ၊ အမှတ်တရဓာတ်ပုံ ရိုက်သူရိုက်၊ ဘုရား  ဖူးမြော်သူက ဖူးမြော်နဲ့ တကယ့်ကိုပဲ စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိလိုက်သည့်ဖြစ်ခြင်း။ 


ဘုရားကြီးရှိတဲ့ ရင်ပြင်ပေါ်မတက်မီ   မင်္ဂလာ တံတားမှာဆိုရင်လည်း လူတွေက ကြိတ်ကြိတ်တိုး လို့၊ မိန်းမပျိုငယ်လေးတွေကလည်း မင်္ဂလာတံတား ကြီးနဲ့အတူ အမှတ်တရ ဓာတ်ပုံမှတ်တမ်းရိုက်သေး တယ်ဗျ။   တံတားကြီးရဲ့အောက်   အမှတ်မထင် ငုံ့ကြည့်လိုက်ပြန်တော့လည်း    ပဒုမ္မာကြာတွေတောင် ပွင့်လို့။ ဪ ကျက်သရေမင်္ဂလာ   ရှိလိုက်တဲ့ဖြစ် ခြင်း။ 
မင်္ဂလာတံတားကို   မန္တလေးရတနာပုံ   နန်းမြို့ အဝင်တံတားနဲ့    ပုံစံတူဆောက်ထားတာပါတဲ့။ မင်္ဂလာတံတားပေါ်ကနေ  ဘုရားရင်ပြင်ပေါ်မတက်မီ နောက်ပြန်လှည့်ကြည့်မိလိုက်ပြန်တော့ ဖြူဖွေးနေ တဲ့   စကျင်ကျောက်သားရင်ပြင်ပေါ်မှာ   သွားလာ လှုပ်ရှားနေကြတဲ့ ဘုရားဖူးပြည်သူတွေရယ်၊ သုဓမ္မာ ဇရပ်တွေမှာ အပန်းဖြေအနားယူနေကြသူတွေရယ်၊ ဟိုအဝေးမှာရှိနေတဲ့    ဖြူဖြူဖွေးဖွေး  ကျောက်စာရုံ စေတီတွေရယ်၊  အဂ္ဂါဓိပတိမည်သော   သာသနာ့ ဗိမာန်တော်ကြီးရယ် အားလုံးကို လွှမ်းခြုံကြည့်မိ လိုက်တဲ့အခါမှာတော့ တကယ့်ကိုပဲ နတ်ပြည်ရောက် နေသလား အောက်မေ့မိသွားတယ်။


ထူးခြားတဲ့  ကုသိုလ်စိတ်တိုးပွား


ဘုရားရင်ပြင်မှာတော့ ဘုရားဖူးပြည်သူတွေဟာ ထိုင်ပြီးဦးချလို့မရအောင် ပြည့်နှက်လို့ နေပါတယ်။ ဘုရားကြီးကို စူးစူးစိုက်စိုက် မော့ကြည့်ပြီး ရင်သပ် ရှုမော အံ့ဩမဆုံးဖြစ်နေသူတွေ၊  ပြုံးတော်မူဟန်  ဘုရားကြီးကိုဖူးရင်း ပီတိသောမနဿဖြစ်နေသူတွေ၊ အမှတ်တရဓာတ်ပုံရိုက်သူတွေ၊ ဘုရားရှိခိုးဝတ်ပြုဆုတောင်းနေသူတွေကိုတွေ့ရတော့   အတော်လေး ကို စိတ်ထဲမှာကြည်နူးမိပါတယ်။


ဘုရားကြီးကို   သေချာစိုက်ပြီး    ဖူးလေလေ ကြည်ညိုသဒ္ဓါစိတ်ပွားများလေလေ   ဖြစ်နေတာကို သတိပြုမိပါတယ်။   တစ်ခါတလေ   ဘုရားကြီးကို မော့ဖူးရင်း  တိမ်တောင်တိမ်လိပ်တွေကြားထဲက ကြွမြန်းလာသလိုလို၊   နတ်ဘုံနတ်နန်းထက်က တရားဟောနေသလိုလိုလို့တောင်    ထင်မိပါသေး တယ်။ ကြည်ညိုသဒ္ဓါစိတ်ကတော့   အံ့မခန်းပါပဲ။ သေချာတာတစ်ခုကတော့ ဘုရားကြီးကို ကိုယ်တိုင် ကိုယ်ကျလာရောက်ဖူးမြော်ရတာဟာ   သတင်းစာ တွေမှာ၊   ရုပ်မြင်သံကြားမှာ   ဖူးတွေ့ရတာနဲ့   လုံးဝ မတူပါဘူး။   ကိုယ်တိုင်သွားရောက်   ဖူးမြော်ရတဲ့ အရသာကတော့     ပြောပြလို့မတတ်အောင်ပါ။ တကယ့်ကို  ထူးခြားတဲ့  ကုသိုလ်စိတ်တိုးပွားလာမှာ အမှန်ပါပဲ။ တကယ်ရောက်ဖူးမှ တကယ်သိမှာဖြစ်ပါ တယ်။ ပြောမယုံ ကြုံဖူးမှသိ ဆိုသလိုပါပဲ။ ကိုယ်တိုင် သွားရောက်ဖူးမြော်မှ  ကိုယ်တိုင်ဘုရားဖူးရတဲ့ ပီတိ စိတ်ကို ခံစားရရှိနိုင်မှာဖြစ်ပါတယ်။


ဘုရားကြီးရဲ့ ရှေ့တည့်တည့်အောင်မြေမှာတော့  အသက်အရွယ်ကြီးသူတွေက    အောင်မြေနင်းရင်း အောင်ဆုတွေတောင်းနေလိုက်ကြတာ နေရာမလပ် အောင်  ပြည့်ကျပ်လို့နေပါတယ်။   ဘာအောင်ဆုတွေ တောင်းနေသလဲတော့  မသိ။ သားရေး၊ သမီးရေး ၊ စီးပွားရေး၊    ကြီးပွားချမ်းသာရေး၊   လူချမ်းသာ နတ်ချမ်းသာဖြစ်ရေး စုံလို့နေမှာပေါ့။  ဘာပဲဖြစ်ဖြစ် တောင်းဆုတွေ     ပြည့်ပါစေ၊       အောင်ပါစေလို့ ဆုတောင်းပါတယ်ဗျာ။


ဒါနဲ့အောင်မြေဆိုလို့ ပေါ့ပေါ့တန်တန်အောင်မြေ လို့တော့ မမှတ်လိုက်နဲ့။ နိုင်ငံတစ်ဝန်းရှိ အောင်မြေ ဌာနပေါင်း ၃၅ ဌာနက အောင်မြေတွေနဲ့ ဝိဇယဘူမိ နိမ္မာနအောင်မြေအဖြစ်  တည်ထားတာတဲ့။   ဘာပဲ ဖြစ်ဖြစ်     အောင်ဆုအဖြာဖြာ   မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။ 


သဒ္ဓါဓိပတိခေါင်းလောင်းတော်ကြီး


ပြီးတော့ဘုရားကြီးရဲ့ ဝဲဘက်ထောင့်တစ်နေရာ မှာ သဒ္ဓါဓိပတိ ခေါင်းလောင်းတော်ကြီးဆိုတာလည်း ရှိသေးတယ်။    ဒီခေါင်းလောင်းတော်ကြီးကိုတော့ ဦးဆောင်ဘုရားဒါယကာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ဇနီး၊ သား၊ သမီး၊ မြေးများ  မိသားစုက  လှူဒါန်းထားတာဖြစ်ပါ တယ်။ ကြေးပိဿာချိန် ၇၃၈ ပိဿာ ရှိတယ်။  အမြင့် က ၅ ပေ၊ ထိပ်ဝအကျယ်  ၄ ပေ  ၁ လက်မတဲ့။ ထူးခြားတာကတော့    ခေါင်းလောင်းတော်ကြီးရဲ့ အမည်ကို သဒ္ဓါဓိပတိလို့   ပေးထားတာပဲ။ အတော် သင့်မြတ်ကောင်းမွန်တဲ့အမည်ပါ။


ဘာကြောင့်လဲဆိုတော့  သူတော်ကောင်းဥစ္စာ  ခုနစ် ပါးထဲမှာ သဒ္ဓါ၊ သီလ၊ ပညာ၊ စာဂ ဆိုတာတွေပါတယ် မဟုတ်လား။ ဒီထဲမှာ သဒ္ဓါက အရေးအကြီးဆုံးပဲ။ သဒ္ဓါမရှိရင် ဘာမှလုပ်လို့မရဘူး။ သဒ္ဓါရှိမှ လုပ်လို့ ရတာ။ သဒ္ဓါဆိုတာ ယုံကြည်မှု။ ယုံကြည်မှုရှိမှ လုပ်လို့ ရတာ။ ဒါနပဲပြုပြု၊ သီလပဲဆောက်တည်  ဆောက်  တည်၊ ဘာဝနာပဲပွားပွား သဒ္ဓါက အရေးအကြီးဆုံး အချက်ပဲ။ ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရား ကြီးက သဒ္ဓါတစ်လုံး ကောင်းလိုက်တာနဲ့ပဲ အပါယ် လေးပါးကျစေတတ်တဲ့  ဒိဌောယ ကင်းစင်အောင် လုပ်နိုင်ပါသတဲ့။ ဖြစ်ပျက်မြင်တဲ့ ဝိပဿနာတရား အားထုတ်ဖို့ဆိုရင်   သဒ္ဓါဆိုတဲ့   ယုံကြည်မှုဆိုတာ အရေးအကြီးဆုံးပဲတဲ့။ ဒါကြောင့်မို့ ဒါနတွေပြုကြဖို့၊ သီလတွေမြဲကြဖို့၊  ဘာဝနာတွေပွားများကြဖို့ သဒ္ဓါ ဓိပတိခေါင်းလောင်းတော်ကြီးက အသိပေးနေသလို ပါပဲ။ ဒါကြောင့် ဘုရားဖူးရောက်တုန်း ရောက်ခိုက် ခေါင်းလောင်းလည်း ထိုးကြပါ။  ဒါန၊ သီလ၊ ဘာဝနာ ဆိုတာတွေလည်း တတ်နိုင်သလောက်လုပ်ကြပါ။ 


ဂန္ဓကုဋိတိုက်တွေဆီ


ကျွန်တော်တို့ ဘုရားဖူးအဖွဲ့ဟာ  ရုပ်ပွားတော် မြတ်ကြီးရဲ့   ဘေးတစ်ဖက်တစ်ချက်နဲ့  အနောက် ဘက်မှာရှိနေတဲ့ ဂန္ဓကုဋိတိုက်တွေဆီလည်း ရောက် ကြသေးတယ်။ ဒီဂန္ဓကုဋိတိုက်တွေကိုလည်း  စကျင် ကျောက်တွေနဲ့   ဆောက်လုပ်ထားတာ တွေ့ရတယ်။ စုစုပေါင်း  ၂၄ ဆောင်တောင်ရှိတယ်။ အထဲမှာတော့ ၂၄  ပစ္စည်းပဋ္ဌာန်းမြတ်ကို  တစ်ခုတစ်ဆောင်နှုန်း ကျောက်ထွင်းပန်းချီတွေ ရေးထွင်းထားတာလည်း  အနုလက်ရာ မြောက်လှပေတယ်။ စကျင်ကျောက် သားပေါ်မှာ ရေးထွင်းထားတာဆိုတော့ ဘယ်တော့မှ ပျောက်ကွယ်သွားတော့မှာ မဟုတ်ပါဘူး။ ဒီဂန္ဓကုဋိ တိုက်တွေဆိုတာကလည်း   ၂၄  ဆောင် ဆက်ပြီး ဆောက်ထားတာဆိုတော့  စင်္ကြံလမ်းလိုဖြစ်နေတာ ပေါ့။ ဘုရားဖူးပြည်သူတွေဟာ သုဓမ္မာဇရပ်တွေထဲ ကနေ    တစ်ဆက်တည်း   ဂန္ဓကုဋိတိုက်တွေဆီ လျှောက်လာမယ်ဆိုလည်း ရပါတယ်။ ဂန္ဓကုဋိတိုက် တွေထဲမှာ   ဗုဒ္ဓဝင်ဆိုင်ရာ  ဇာတ်နိပါတ်တော်လာ သရုပ်ဖော်ပန်းချီကားတွေ     ချိတ်ဆွဲပြသထားတာ ကြောင့်   ဘုရားဖူးသူတွေအတွက်တော့   တကယ့် ဗဟုသုတဟင်းလေးအိုးကြီးလို့  ဆိုရမှာပဲ။ သိစရာ၊ မှတ်စရာတွေက  စုံလို့ပေါ့။ ပန်းချီကားကြီးတွေနဲ့အောက်ခြေဘက်မှာ   ပန်းချီကားအကြောင်းအရာ တွေ ရေးသားထားတာမို့  သရုပ်ဖော်ထားတဲ့ ပန်းချီ ကားအကြောင်းကို  သိရ၊  မှတ်သားရမှာပါ။ 


ဘုရားလည်းဖူး ဗဟုသုတလည်းရ


ဒီလိုဗုဒ္ဓဝင်ဆိုင်ရာ ပန်းချီကားတွေကို ဂန္ဓကုဋိ တိုက်တွေရဲ့အပေါ်ဘက်    ထောင့်လေးထောင့်မှာ ချိတ်ဆွဲပြသထားတာဆိုတော့    ဘုရားလည်းဖူး ဗဟုသုတလည်းရပြီပေါ့ ။ ဂန္ဓကုဋိတိုက်တွေထဲက  ပန်းချီကားတွေကို     ကြည့်ရှုရင်း   တစ်ဆောင်ပြီး  တစ်ဆောင်  ကူးလာလိုက်တာ   နောက်ဆုံးတော့ ဝိသုံဂါမသိမ်တော်ကြီးခေါ်    အဂ္ဂါဓိပတိ  သာသနာ့ ဗိမာန်တော်ကြီးဆီလည်း ရောက်ခဲ့ပါသေးတယ်။ တကယ့်ကိုပဲ ကြီးကျယ်ခမ်းနားတဲ့ အဆောက်အဦ ကြီးပါပဲ။ အထဲမှာလည်း မီးလုံးတွေ ထွန်းထားတာ လင်းလို့၊ ထိန်လို့၊ လေအေးပေးစက်တွေ လွှတ်ထား တာလည်း အေးလို့၊ စိမ့်လို့။  အထဲကဘုရားကိုလည်း    အဝင်ဝကနေထိုင်ပြီး ရိုသေလေးမြတ်စွာ ဖူးမြော် ကန်တော့နိုင်ပါတယ်။


မုစလိန္ဒကန်နဲ့   နဂါးရုံဘုရား၊   ကျောက်စာရုံ စေတီများကိုတော့   ဒီတစ်ခေါက်မှာ   အဝေးကပဲ လှမ်းဖူးလိုက်ပါတယ်။   အချိန်မရတော့လို့  နောက် တစ်ခေါက်ရောက်တော့မှ    အသေးစိတ်လေ့လာပါ ဦးမယ်။    ။