ဖုန်ကန်ရာဇီရေခဲတောင်ခြေဒေသထွက်ကုန်များကို နည်းပညာနှင့်ပေါင်းစပ်၍ စနစ်တကျထုတ်လုပ်ခြင်းဖြင့် မိသားစုဝင်ငွေတိုးတက်လာစေရန် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည်

 

ပူတာအို    မေ    ၁၃
ကချင်ပြည်နယ် ပူတာအိုမြို့နယ် မန်စေကျေးရွာအုပ်စု အတွင်းရှိ ဖုန်ကန်ရာဇီရေခဲတောင်ခြေ ဇီယာဒမ်း ကျေးရွာ ဒေသခံလူငယ်များ၏ တောင်းဆိုချက်အရ ဒေသထွက်ကုန်များကို နည်းပညာများနှင့်ပေါင်းစပ် ကာ စနစ်တကျထုတ်လုပ်လာခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများနှင့် မိသားစုတစ်ပိုင်တစ်နိုင်ဝင်ငွေ တိုးတက်ရရှိလာစေရန်အတွက်          အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု ကာလတိုသင်တန်း များကို    ဇူလိုင်လမှစတင်၍    ခြောက်လကြာ မြစ်ကြီးနားမြို့ ရက်ကန်းနှင့် သက်မွေးပညာသင်တန်း ကျောင်းတွင်    ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ် ကြောင်း သိရသည်။
“ဖုန်ကန်ရာဇီရေခဲတောင်ခြေမှာရှိတဲ့ ဇီယာဒမ်း ကျေးရွာလူငယ်တွေရဲ့တောင်းဆိုချက်အရ    အဲဒီ ကျေးရွာဟာ    ရေခဲတောင်ခြေမှာရှိတဲ့အတွက်  ပြည်တွင်းပြည်ပခရီးသွားတွေ   အမြဲလာရောက်တဲ့ ဒေသဖြစ်ပါတယ်။    အဲဒါကြောင့်     ဒေသထွက် လူသုံးကုန်၊ စားသောက်ကုန်နဲ့ ရိုးရာလက်မှုထည်တွေ  ခရီးသွားအမှတ်တရလက်မှုထည်တွေ   ထုတ်လုပ်မှု နည်းပညာရရှိသွားရင် တစ်ဦးချင်း  မိသားစုဒေသ အတွက် ဝင်ငွေတိုးတက်ရရှိလာမှာဖြစ်တဲ့အတွက် ဒီနည်းပညာတွေကို တတ်အောင်သင်ကြားပေးသွား မှာဖြစ်ပါတယ်”ဟု    ကချင်ပြည်နယ် အသေးစား   စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးအောင် မောင်းက ပြောသည်။
သင်တန်းတွင်  ရက်ကန်း၊ စက်ချုပ်၊   သဘာဝ   ဆိုးဆေးနှင့်      ခရီးသွားအမှတ်တရလက်မှုထည် ထုတ်လုပ်မှုနည်းပညာများကို သင်ကြားပေးသွားမည် ဖြစ်ပြီး  အဆိုပါဒေသတွင် ရှီးပတီး၊  သစ်ကြားသီး၊ ရှာကောပတ်ကော၊   မက်မန်း၊   မက်မွန်၊   ဒယ်ဒီး၊ မန်ကိုသီး၊ တောင်ဇလပ်နှင့် သစ်ခွမျိုးစုံထွက်ရှိသော ဒေသဖြစ်သည်။
“ဖုန်ကန်ရာဇီရေခဲတောင်ဟာ အိန္ဒိယနဲ့ မြန်မာ နိုင်ငံ နယ်စပ်ဒေသရေခဲတောင်ဧရိယာ ဖြစ်ပါတယ်။ ဒေသခံပြည်သူအများစုမှာ     မိရိုးဖလာတောင်ယာ လုပ်ငန်း၊ အမဲလိုက်ခြင်းနဲ့ ဒေသထွက်သီးနှံတွေကိုထုတ်လုပ်ရောင်းချပြီး    အသက်မွေးဝမ်းကျောင်း ပြုကြပေမယ့်   ရေရှည်မှာ   သဘာဝပတ်ဝန်းကျင် ထိခိုက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် အသက်မွေး ဝမ်းကျောင်းဆိုင်ရာ ဒီပညာတွေကို တတ်သွားရင်  သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်လာဖို့ ဒေသခံလူငယ်တွေက သင်တန်းတောင်းခံလာခြင်းဖြစ်ပါတယ်”ဟု ပြည်နယ်ဦးစီးမှူးက ပြောသည်။
အဆိုပါ ခရီးသွားအမှတ်တရပစ္စည်းထုတ်လုပ်ရန်   ကြိမ်၊ ဝါး လက်မှုထည်လုပ်ငန်း၊   တန်ဖိုးမြှင့် စားသောက်ကုန်၊   လူသုံးကုန်၊   ရက်ကန်းလုပ်ငန်း၊ စက်ချုပ်၊     ဆိုင်ကယ်ပြုပြင်နည်းသင်တန်းများကို စဉ်ဆက်မပြတ်ပို့ချပေးပါက မကြာမီ ဒေသခံပြည်သူ များ လိုလားသည့် လူသားအရင်းအမြစ်နှင့်နည်းပညာ များပေါင်းစပ်၍ အသက်မွေးဝမ်းကျောင်းသင်တန်း များ     ဖွံ့ဖြိုးလာ၍   ဒေသ၏သဘာဝထွက်ကုန် အလွန်အကျွံမှီခိုအားထားခြင်း လျော့နည်းလာမည် ဖြစ်ပြီး      သဘာဝအခြေခံခရီးသွားလုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဒေသခံပြည်သူများ ဝင်ငွေတိုးတက်ရရှိလာမည်ဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)