မနီလာ ဩဂုတ် ၂၈
ဖိလစ်ပိုင်နိုင်ငံတွင် မျောက်ကျောက်ရောဂါကူးစက်ဖြစ်ပွားသူ နှစ်ဦး ထပ်မံတွေ့ရှိသည့်အတွက် ရောဂါကူးစက်ဖြစ်ပွားဆဲ လူနာငါးဦးအထိ ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။
ရောဂါထပ်မံကူးစက်ခံရသူများမှာ မနီလာမြို့မှ အသက် ၂၆ နှစ် အရွယ် အမျိုးသမီးနှင့် မနီလာမြို့ တောင်ဘက်ဒေသမှ အသက် ၁၂ နှစ်အရွယ် အမျိုးသားတို့ဖြစ်ကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီး ဟာဆိုဆာက ပြောသည်။ ၎င်းတို့နှစ်ဦးစလုံးမှာ ပြန်လည်ကောင်းမွန် လာကြပြီဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးဌာနက အစောပိုင်းအစီရင်ခံ ဖော်ပြခဲ့သော မျောက်ကျောက်ရောဂါကူးစက်ဖြစ်ပွားသူ သုံးဦးကဲ့သို့ပင် ထပ်မံကူးစက် ခံရသည့် လူနာများမှာလည်း ရောဂါပြင်းထန်ခြင်းမရှိသော MPXV အုပ်စု ၂ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ ဖိလစ်ပိုင်နိုင်ငံ၌ မျောက်ကျောက်ရောဂါကူးစက်ဖြစ်ပွားသူ ထပ်မံတွေ့ရှိသည့်အတွက် ၂၀၂၂ ခုနှစ် ဇူလိုင်လနောက်ပိုင်း မျောက်ကျောက်ရောဂါ ဖြစ်ပွားသူပေါင်း ၁၄ ဦးအထိ ရှိလာပြီဖြစ်သည်။ ကျန်းမာရေးဌာနသည် ကူးစက်ဖြစ်ပွားဆဲ လူနာများနှင့် အနီးကပ်ထိတွေ့ဆက်ဆံသူများကို ခြေရာခံလိုက်နေ ကြောင်း သိရသည်။
ဆင်ဟွာ