
မနီလာ မတ် ၃၀
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ မတ် ၂၉ ရက် ညပိုင်းက လူပေါင်း ၂၀၀ ကျော်ကို တင်ဆောင်လာသည့် ကူးတို့ရေယာဉ်မီးလောင်မှုဖြစ်ပွားရာ ကလေး ခြောက်ဦးအပါအဝင် ၂၉ ဦး သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က မတ် ၃၀ ရက်တွင် ပြောသည်။
အဆိုပါ ကူးတို့ရေယာဉ်မှာ ဂျိုလိုမြို့သို့ ဦးတည် ခုတ်မောင်းခဲ့ခြင်းဖြစ်ပြီး ခရီးသည်နှင့် ကုန်ပစ္စည်း များကို တင်ဆောင်ခဲ့သည့် ရေယာဉ်ဖြစ်သည်။ အဆိုပါရေယာဉ်သည် ဘာလုခ်ဘာလုခ်ကျွန်းရေပြင် ၌ ည ၁၀ နာရီဝန်းကျင်က မီးလောင်ခဲ့ခြင်း ဖြစ်သည်ဟု မင်ဒါနာအိုခရိုင် ကမ်းခြေစောင့်တပ်မှ ရေတပ် ဗိုလ်မှူးချုပ် အန်တိုနီယို ဂီနက်စ်က ပြောသည်။
ပင်လယ်ထဲသို့ ခုန်ချခဲ့သည့် ခုနစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ဘက်စလင်းပြည်နယ် သဘာဝဘေးလျော့ချရေးနှင့် စီမံခန့်ခွဲမှုရုံးမှ အကြီး အကဲဖြစ်သူ နီဇွန်အလိုဇွန်က ပြောသည်။ ကူးတို့ ရေယာဉ်သည် အမှုထမ်း ၃၅ ဦးနှင့် ခရီးသည် ၁၉၅ ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်။
ကယ်ဆယ်ရေးသမားများက ရေယာဉ်ပေါ်၌ သေဆုံးသူ လေးဦးတွေ့ရှိခဲ့ပြီး ပင်လယ်ပြင်မှသေဆုံး သူ ခြောက်ဦးကို တွေ့ရှိခဲ့သည်။ ခရီးသည်များ မှာ ရေပြင်သို့ ခုန်ဆင်းစဉ် ရေနစ်သေဆုံး ကြခြင်းဖြစ်သည်။ အချို့မှာ မီးလောင်ဒဏ်ရာ များရရှိထားကြသည်ဟု ၎င်းကဆက်ပြောသည်။
မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိသည်။ ရေယာဉ်ပေါ်ရှိ အခန်းအတွင်း လေအေးပေးစက်မှ စတင်မီးလောင်ခြင်းဖြစ်သည်ဟု ကနဦး သိရသည်။ မီးလောင်မှုဖြစ်ပွားချိန်တွင် ခရီးသည်အချို့မှာ အိပ်စက်နေကြသည့် အချိန်လည်းဖြစ်သည်။ ကယ်ဆယ်ရေးနှင့် ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ကမ်းခြေစောင့်တပ်များ ကို တပ်ဖြန့်ချထားသည်ဟု သိရသည်။
ဆင်ဟွာ