ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈၅၆၀ ထပ်မံတွေ့ရှိ

မနီလာ     ဩဂုတ်   ၁၀


ဖိလစ်ပိုင်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ရောဂါ  ကူးစက်ခံရသူ ၈၅၆၀ ကို ထပ်မံတွေ့ရှိရသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၆၇၆၁၅၆ ဦးရှိလာကြောင်း  ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။ 


အလားတူ ကိုဗစ်-၁၉ ရောဂါကြောင့် ၉၂ ဦး ထပ်မံသေဆုံး သဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၂၉၂၂၀ ရှိလာကြောင်း အဆိုပါဝန်ကြီးဌာနက ပြောကြားသည်။  လူဦးရေသန်း ၁၁၀ ရှိသော ဖိလစ်ပိုင်နိုင်ငံတွင် လူဦးရေ ၁၆ သန်းကျော်အား ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမှုများကို ဆောင်ရွက်ပြီး ဖြစ်သည်။ နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက် လာခြင်းကို    တားဆီးသည့်အနေဖြင့်    ကိုဗစ်-၁၉  ရောဂါ    ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများအား  အစိုးရက အရှိန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတွင်း ဒယ်လ်တာ ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၅၀ ကို တွေ့ရှိရပြီး ၎င်းတို့အနက်မှ ၁၀ ဦးသေဆုံးသည်။ မနီလာမြို့တော်အပါအဝင် နိုင်ငံအတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများပြားသောဒေသများ၌ ဩဂုတ် ၆ ရက်မှစတင်၍ သီတင်းနှစ်ပတ်ကြာ အသွားအလာ ကန့်သတ်မှု များကို ချမှတ်ခဲ့သည်။  


နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သီးခြားစောင့်ကြည့် ရေးလုပ်ငန်းများကို    အရှိန်မြှင့်တင်ဆောင်ရွက်နေခြင်းသည် နိုင်ငံအတွင်း  ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ်  ကူးစက်ပြန့်ပွား မှုများ လျှော့ချရန်နှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသွားအလာ ကန့်သတ်မှုများ  ပြန်လည်ချမှတ်ရမည့်အရေးအား  တားဆီး နိုင်ရန်အတွက်ဖြစ်ကြောင်း လူမှုစီးပွား စီမံကိန်းဆိုင်ရာဝန်ကြီး  ကားလ် ကန်ဒရက်ချူးက အွန်လိုင်းမှကျင်းပသော အစည်းအဝေး  တွင် ပြောကြားသည်။
နိုင်ငံသားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုခံယူထားရန်   ၎င်းကတိုက်တွန်းလိုက်ပြီး   ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့်    နိုင်ငံအတွင်း    ဒယ်လ်တာဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်သည့်အချိန်တွင် စီးပွားရေး လုပ်ငန်းများကို လုံခြုံစိတ်ချစွာ ပြန်လည်ဆောင်ရွက်နိုင်မည်ဖြစ်  ကြောင်း ၎င်းကပြောကြားသည်။            

 

ကိုးကား- ဆင်ဟွာ
ဘာသာပြန်- စိုးသူရ