
မနီလာ အောက်တိုဘာ ၂၉
ဖိလစ်ပိုင်နိုင်ငံ၌ အောက်တိုဘာ ၂၉ ရက်တွင် ပြင်းထန်သည့် အပူ ပိုင်းမုန်တိုင်း နာလ်ဂေး တိုက်ခတ် မှုကြောင့် ရုတ်တရက်ရေကြီးခြင်း နှင့် မြေပြိုခြင်းများ ဖြစ်ပွားခဲ့ပြီး ၇၂ ဦးထက်မနည်း သေဆုံး ကြောင်း အာဏာပိုင်များက ပြောကြားသည်။
နာလ်ဂေးကြောင့် တစ်နာရီ လျှင် လေပြင်းတိုက်ခတ်မှု ၅၉ မိုင် ရှိပြီး ကျွန်းစုနိုင်ငံ၏ အဓိက လူဇုန်ကျွန်းကို ဝင်ရောက်ခဲ့သည်။ ယင်းနောက် အရုဏ်မတက်မီ လူဦးရေနည်းပါးသော ကာတန် ဒွါနက်ကျွန်းပေါ် ဝင်ရောက်ခဲ့ ကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းမှာ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းသို့ အောက်တိုဘာ ၂၇ ရက်က စတင်ဝင်ရောက်ခဲ့ပြီး မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ မင်ဒါနာအိုကျွန်း ကျေးလက်ဒေသ အများစုတွင် ရေနစ်မြုပ်ခဲ့ကြောင်း ပြည်နယ် မိုးလေဝသဝန်ဆောင်မှုက ပြော ကြားသည်။
မုန်တိုင်းတိုက်ခတ်မှုကြောင့် အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်း အထိ သေဆုံးသူ ၇၂ ဦးအထိ တိုးလာပြီး ၁၄ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း အရပ်ဘက် ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားရေး မှူး ရာဖဲလီတို အလက်ဂျန်ဒရိုက ပြောကြားသည်။ အပူပိုင်းမုန်တိုင်း နာလ်ဂေးသည် မြို့တော်မနီလာသို့ ဝင်ရောက်နိုင်ကြောင်း ပြည်နယ် မိုးလေဝသဝန်ဆောင်မှုက ပြော ကြားသည်။ မုန်တိုင်းဝင်ရောက် နေစဉ်အတွင်း နေအိမ်၌သာ နေထိုင်ကြရန် ဒေသခံများအား ၎င်းက တိုက်တွန်းထားသည်။ မြေပြိုမှုမဖြစ်ပွားမီ လူပေါင်း ၇၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
နှစ်စဉ် ဖိလစ်ပိုင်နိုင်ငံသို့ အင်အားကြီးသည့်မုန်တိုင်း ပျမ်းမျှ ၂၀ ခန့် ဝင်ရောက်တိုက်ခတ်ပြီး လူပေါင်း ရာနှင့်ချီ၍ သေဆုံး ကြောင်း သိရသည်။
အေအက်ဖ်ပီ