
မနီလာ ဧပြီ ၂၁
ဖိလစ်ပိုင်နိုင်ငံ၌ အပူပိုင်းမုန်တိုင်း မက်ဂီဝင်ရောက် ခဲ့မှုကြောင့် မြေပြိုမှုနှင့် ရေကြီးမှုဖြစ်ပွားခဲ့သဖြင့် စုစုပေါင်း သေဆုံးသူ ၂၂၄ ဦးရှိကြောင်း အမျိုးသား သဘာဝဘေးလျော့ပါးရေးနှင့် စီမံခန့်ခွဲရေးကောင်စီ (NDRRMC) က ဧပြီ ၂၁ ရက်က ပြောကြားသည်။
ဖိလစ်ပိုင်နိုင်ငံ၌ သဘာဝဘေးဒဏ်ကျရောက် ခဲ့သည့် ပြည်နယ်များတွင် ပျောက်ဆုံးသူဦးရေမှာ ၁၄၇ ဦးကျော် ရှိကြောင်း၊ သဘာဝဘေးဒဏ်ကြောင့် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းတွင် သေဆုံးသူ ၂၂၁ ဦးရှိပြီး နိုင်ငံတောင်ပိုင်းတွင် သေဆုံးသူ သုံးဦး ရှိကြောင်း အစိုးရအေဂျင်စီ၏ ကောက်နုတ်ဖော်ပြ ချက်အရ သိရသည်။ အပူပိုင်းမုန်တိုင်းမက်ဂီကြောင့် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသ များတွင် ဧပြီ ၁၀ ရက်မတိုင်မီနှင့် နောက်ပိုင်း ကာလများတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံတစ်ဝန်း မိုးရာသီ၌ အထူးသဖြင့် တိုင်ဖွန်းမုန်တိုင်း ကျရောက်ချိန်၌ မြေပြိုမှုနှင့် ရုတ်တရက်ရေကြီးမှုများမှာ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။ ဖိလစ်ပိုင်နိုင်ငံသည် ပစိဖိတ်မီးတောင် ရပ်ဝန်းနှင့် ပစိဖိတ်တိုင်ဖွန်းပတ်လမ်းအတွင်း ကျရောက်နေသဖြင့် ကမ္ဘာပေါ်တွင် သဘာဝဘေး အန္တရာယ် အကျရောက်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သည်။
နှစ်စဉ် ဖိလစ်ပိုင်နိုင်ငံသို့ ပျမ်းမျှအားဖြင့် တိုင်ဖွန်းမုန်တိုင်း ၂၀ ဝင်ရောက်လေ့ရှိပြီး အချို့သော တိုင်ဖွန်းမုန်တိုင်းမှာ အင်အားပြင်းထန်ပြီး ပျက်စီးဆုံးရှုံးမှုများပြားကြောင်း သိရသည်။ အပူပိုင်း မုန်တိုင်းမက်ဂီမှာ ယခုနှစ်အတွင်း အရှေ့တောင် အာရှနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံသို့ ပထမဆုံး ဝင်ရောက်တိုက်ခတ်သည့် မုန်တိုင်းဖြစ် ကြောင်း သိရသည်။
ဆင်ဟွာ