
ဆန်ဖရန်စစ္စကို နိုဝင်ဘာ ၁၀
ဖေ့စ်ဘွတ်၏ မိခင်ကုမ္ပဏီ မက်တာက ၎င်းတို့၏ ဝန်ထမ်း ၁၃ ရာခိုင်နှုန်း သို့မဟုတ် ဝန်ထမ်းအရေ အတွက် ၁၁၀၀၀ ကျော်ကို အလုပ်မှ ထုတ်ပစ်မည်ဖြစ် ကြောင်း နိုဝင်ဘာ ၉ ရက်က ထုတ်ပြန်သည်။
ကြော်ငြာဈေးကွက်ပြိုလဲခြင်းနှင့် ဆယ်စုနှစ် များစွာကြာမြင့်မားသော ငွေကြေးဖောင်းပွမှုများ အကြား ကုမ္ပဏီ၏တန်ဖိုး ရုတ်တရက်ကျဆင်း လာခြင်းကြောင့် ယခုလို အစုလိုက် အပြုံလိုက် အလုပ်ထုတ်လိုက်ရခြင်းဖြစ်သည်။ ယင်းကဲ့သို့ ဝန်ထမ်းများကို ရာထူးမှ ထုတ်ပယ်ခြင်းသည် “ပိုမို ကျစ်လျစ်ထိရောက်သော ကုမ္ပဏီတစ်ခုဖြစ်လာရန်” လုပ်ဆောင်မှုအဆင့်များထဲမှ တစ်ခုဖြစ်ကြောင်း အမှုဆောင်အရာရှိချုပ် မက်ခ်ဇူကာဘတ်က ဝန်ထမ်းများကို ၎င်း၏ဝက်ဘ်ဆိုက်တွင် အသိပေး လိုက်သည်။
တစ်ချိန်က အမေရိကန်ဒေါ်လာ ၁ ထရီလီယံ ကျော်တန်ဖိုးရှိသော မက်တာသည် ယခုတစ်နှစ်တည်း ၌ပင် ၎င်း၏တန်ဖိုး၏ ၇၀ ရာခိုင်နှုန်းကျော်ဆုံးရှုံး ပြီးနောက် ယခုအခါ လုပ်ငန်းတန်ဖိုးဒေါ်လာ ၂၅၆ ဘီလီယံသာရှိတော့သည်။ တတိယသုံးလပတ် ကာလအတွင်း ကုမ္ပဏီ၏ ကုန်ကျစရိတ်နှင့် အသုံး စရိတ်များသည် ဒေါ်လာ ၂၂ ဒသမ ၁ ဘီလီယံရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် အသုံးစရိတ်မှာ ၁၉ ရာခိုင်နှုန်း ခုန်တက်သွားခဲ့သည်။ မီတာ၏ အဓိက ကြော်ငြာ လုပ်ငန်းသည်လည်း တစ်တော့ခ်ကဲ့သို့ ပြိုင်ဘက် အသစ်များထံမှ ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်း ကြောင့်လည်း ထိခိုက်နစ်နာခဲ့ရသည်။ ကုမ္ပဏီ အတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ယခုနှစ်တွင် ဒေါ်လာ ၉ ဒသမ ၄ ဘီလီယံ ကုန်ကျခဲ့ပြီး ဆုံးရှုံးမှု များမှာလည်း တစ်နှစ်ထက်တစ်နှစ် သိသိသာသာ တိုးလာမည်ဟု ခန့်မှန်းထားသည်။
မက်တာကဲ့သို့ပင် တွစ်တာ၊ မိုက်ခရိုဆော့ဖ်နှင့် စနက်ဖ်တို့အပါအဝင် အခြားသော နည်းပညာ ကုမ္ပဏီကြီးများကလည်း ထောင်နှင့်ချီသည့် အလုပ် အကိုင်နေရာများ လျှော့ချခြင်းတို့ ဆောင်ရွက်ခဲ့ ကြသည်။
ဆင်ဟွာ