ပေါက်ခေါင်းမြို့နယ်ရှိ တောင်နဝင်းရေလှောင်တမံမှ နွေစပါးဧကတစ်သောင်းကျော်အတွက် ရေလိုအပ်ချက်ဖြည့်ဆည်းပေးလျက်ရှိ

ပေါက်ခေါင်း မတ် ၁၀ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်ရှိ တောင်နဝင်းရေလှောင်တမံမှ ရပ်ကွက်၊ ကျေးရွာ အုပ်စု ၅၈ အုပ်စုရှိ ဒေသခံတောင်သူများ၏နွေစပါး သီးနှံစိုက်ပျိုးရန် လယ်ယာမြေဧက ၁၀၀၀၀ ကျော်အတွက် ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်၍ စိုက်ပျိုးရေများဖြန့်ဝေပေးလျက်ရှိပြီး နွေစပါးနှင့် အခြားသီးနှံများစိုက်ပျိုးနိုင်အောင် အထောက်အကူ ပြုလျက် ရှိသည်။ ယခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် မြို့နယ် အတွင်းရှိ ဒေသခံတောင်သူများ သီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ဆည်ရေကိုအချိန်မီဖြန့်ဝေဆောင်ရွက်ပေးပြီးဖြစ်ကြောင်းနှင့် လက်ရှိဖြန့်ဝေ ပေးလျက်ရှိသည့် ဆည်မြောင်း၏ ၁၅ ပေ အထက် ရှိသည့် လယ်ယာမြေများရေရရှိရေးအတွက် ဆိုလာ ၇၂ ချပ်၊ ၅ လက်မ ရေတင်ပန့် နှစ်လုံးဖြင့် ဆည်‌မြောင်းမကြီးမှ‌ရေများကို စုပ်ယူ၍ ရေတင်ပေး ခြင်းကို ယခုနှစ် နွေစပါးရာသီတွင် စတင်ဖြန့်ဝေ ပေးနေပြီဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။ ပေါက်ခေါင်းမြို့နယ်၌ ယခုနှစ် ၂၀၂၁- ၂၀၂၂ ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် တောင်နဝင်း ရေလှောင်တမံဆည်ရေဖြင့် နွေစပါး ၁၀၇၆၃ ဧကကို လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ “ခုနှစ်တော့ နွေစပါး ရတနာတိုးမျိုးစပါးကို စိုက်ပျိုးထားတယ်။ နွေစပါးနဲ့မိုးစပါးမှာ နွေစပါးကို ပိုပြီးတော့အားထားတယ်။ အထွက်နှုန်းက မိုးစပါး ထက်ပိုကောင်းတယ်၊ စိုက်ပျိုးစရိတ်ကတော့ နွေနဲ့မိုး ကတော့ အတူတူလောက်ပါပဲ။ နွေစပါးက ရေ မပြတ်လပ်ဘူးဆိုရင် အပင်အားကောင်းပြီး အထွက် နှုန်းပါ ကောင်းပါတယ်၊၊ ပြီးခဲ့တဲ့နှစ်က နွေစပါးတင်း ၁၀၀ ကို ကျပ်ခြောက်သိန်းနီးပါးထိ ဈေးရရှိတယ်၊၊ အခုနှစ် စိုက်ပျိုးရေးဦးစီးဌာနက နွေစပါးအတွက် ဧကအလိုက် မြေဩဇာထောက်ပံ့တာတွေရှိတယ်” ဟု ချောင်းကောင်းကျေးရွာမှ နွေစပါး ၁၅ ဧက စိုက်ပျိုးထားသည့် တောင်သူဦးအောင်ချိုက ပြော ကြားသည်။ သန်းထွန်းအောင်(ပြန်/ဆက်)