
နေပြည်တော် ဒီဇင်ဘာ ၂၁
တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၃) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော် ဆေးတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေ ဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး သီရိပျံချီ မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျ ကျော်ထင် ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်၊ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် မင်္ဂလာဒုံတပ်နယ်မှ တာဝန်ရှိသူ များ၊ ကျောင်းဆင်းဗိုလ်လောင်းများ၏ မိဘအုပ်ထိန်း သူများဖြစ်သည့် တပ်မတော်ဆေးတက္ကသိုလ်၊ စာပေ ဌာနနှင့် လေ့ကျင့်ရေးဌာနတို့မှ နည်းပြအရာရှိများနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များ တက်ရောက်ကြသည်။
ချီတက်အလေးပြု
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် ဗိုလ်လောင်း တပ်ရင်းများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်း ဗိုလ်လောင်းတပ်ခွဲအား စစ်ဆေးသည်။ ထို့နောက် ဗိုလ်လောင်းတပ်ခွဲများက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား အနှေးလျှောက်၊ အမြန်လျှောက် ဖြင့် ချီတက်အလေးပြုကြသည်။
ဆုများ ပေးအပ်ချီးမြှင့်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် က တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၂၃)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်း ဟိန်းထွန်းဇော်၊ လေ့ကျင့်ရေးထူးချွန်ဆု ရရှိသူ ဗိုလ်လောင်း မင်းခန့်ကျော်နှင့် စာပေထူးချွန် ဆုရရှိသူ ဗိုလ်လောင်း ကျော်သူရတို့အား ဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က သင်တန်းဆင်းမိန့်ခွန်းပြောကြားရာ သင်တန်း တွင် တပ်မတော်အရာရှိ ဆရာဝန်ဆေးမှူးများ တတ်ကျွမ်းရမည့် စစ်ပညာနှင့် စာပေပညာရပ်များကို ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်နှင့် အပတ်တကုတ် ကြိုးစား သင်ယူအောင်မြင်ခဲ့ကြပြီး တပ်မတော်က ယုံကြည် အားထားရမည့် ဆရာဝန် ဆေးမှူး၊ အရာရှိများအဖြစ် တာဝန်ကျရာဒေသအသီးသီးကို သွားရောက်တာဝန် ထမ်းဆောင်ကြရတော့မည် ဖြစ်သည့်အတွက် မှာကြားစရာရှိသည်များကို အလေးအနက်ထား မှာကြားလိုကြောင်း။
တပ်မတော်ဆေးတက္ကသိုလ်ကို “တပ်မတော် (ကြည်း၊ ရေ၊ လေ)အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် ဆေးသိပ္ပံပညာရှင်အရာရှိကောင်းများ မွေးထုတ်ပေးရန်”ဟူသည့် ရည်ရွယ်ချက် ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး တပ်မတော်အရာရှိဆရာဝန် များ လေ့ကျင့်မွေးထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း။
အကောင်အထည်ဖော်ဆောင်ရွက်
တပ်မတော်ဆေးတက္ကသိုလ်က မွေးထုတ်ပေး လိုက်သည့် ဆေးမှူးအရာရှိများသည် ယနေ့မှစပြီး တာဝန်ကျရာဒေသနှင့် တာဝန်ထမ်းဆောင်ရမည့် တပ်အသီးသီးတွင် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ကျန်းမာရေးဆိုင်ရာ ကာကွယ် စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးရတော့မည်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်ကာကွယ် ရေးအတွက် တာဝန်ရှိသည့် တပ်မတော်သားတစ်ဦး ဖြစ်သည်နှင့်အညီ လိုအပ်လာပါက စစ်မြေပြင်တွင် စစ်ဆင်ရေးတာဝန်များကိုပါ ပူးတွဲထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သင်ကြားပေးလိုက် သည့် စစ်ပညာနှင့် စာပေပညာများကို လက်တွေ့ နယ်ပယ်တွင် အသုံးချနိုင်ရန်အတွက် အမြဲမပြတ် လေ့လာကြိုးပမ်းနေရမည် ဖြစ်သကဲ့သို့ ဆေးဝန်ထမ်း တပ်ဖွဲ့၏ ရည်မှန်းချက်ဖြစ်သည့် “ကျန်းမာကြံ့ခိုင် တိုက်နိုင်ရန် (Make Fit to Fight)” ဆိုသည့် ရည်မှန်းချက်တာဝန်ကိုလည်း တစ်ထောင့်တစ်နေရာ မှ အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း။
ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်
တာဝန်ကျရာဒေသအသီးသီးရှိ တပ်မတော်သား မိသားစုဝင်များ၏ ကျန်းမာရေးသာမက တိုင်းရင်း သား ညီအစ်ကိုများ၏ ကျန်းမာရေးကိုလည်း “စေတနာ၊ အကြင်နာ၊ ဘေးကင်းကွာ” ဟူသည့် ဆောင်ပုဒ်အတိုင်း စေတနာတရား၊ အကြင်နာတရား အပြည့်ဖြင့် ပြုစုစောင့်ရှောက်သွားကြရန် မှာကြား လိုကြောင်း၊ ထို့ပြင် ကာကွယ်ခြင်းသည် ကုသခြင်း ထက် ပိုမိုထိရောက်သည် (Prevention is better than cure) ဆိုသည့်အတိုင်း ကိုယ်စီကျန်းမာရေးအသိ၊ ကျန်းမာရေးသတိများ မြင့်မားလာအောင် အသိပညာ ဖြန့်ဝေပေးခြင်း၊ ကြိုတင်ကာကွယ်မှုနှင့် ကုသမှု ဆိုင်ရာ ပညာပေးသည့် လုပ်ငန်းများကိုပါ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကြရန် မှာကြား လိုကြောင်း။
ဆေးမှူးများဖြစ်လာမည့် ကျောင်းဆင်းအရာရှိ များသည် တပ်မတော်သားတစ်ဦးအနေဖြင့် စည်းကမ်းလိုက်နာခြင်းနှင့် ကျန်းမာကြံ့ခိုင်အောင်နေထိုင်ခြင်းတို့ကို အဓိကကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စည်းကမ်းလိုက်နာမှု အားကောင်း မှသာ အထက်အောက် အပြန်အလှန်ယုံကြည် လေးစားမှုရှိလာပြီး တာဝန်ထမ်းဆောင်ရာတွင် စည်းလုံးညီညွတ်စွာ တာဝန်ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်မှုရှိမှလည်း စွမ်းရည် ထက်မြက်သည့် တပ်မတော်သားကောင်းတစ်ဦး ဖြစ်လာမည်ဖြစ်ကြောင်း။
လျှပ်စစ်ပစ္စည်းများအသုံးပြု
ယနေ့ခေတ်ကို ဒစ်ဂျစ်တယ်အင်တာနက် နည်းပညာနှင့် ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence)တို့ ပေါင်းစပ်ထားသည့် စက်မှု တော်လှန်ရေးစတုတ္ထခေတ် (Industry 4.0) ဟု ပညာရှင်များက သတ်မှတ်ထားကြပြီး ကုန်ပစ္စည်း ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ဖြန့်ဖြူးမှုလုပ်ငန်း များတွင် လူလုပ်အသိဉာဏ်မြင့်စက်ရုပ်များ၊ သုံးဘက် မြင်နည်းပညာများ၊ နည်းပညာမြင့် ဒစ်ဂျစ်တယ် ကိရိယာများကဲ့သို့သော လျှပ်စစ်ပစ္စည်းများ အသုံးပြု ဆောင်ရွက်လာကြပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ စက်မှု တော်လှန်ရေး စတုတ္ထခေတ်တွင် ဖွံ့ဖြိုးတိုးတက်လာ သည့် ဒစ်ဂျစ်တယ်နှင့် ကွန်ပျူတာနည်းပညာများကို ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၌ တွင်ကျယ်စွာ အသုံးပြုရန် ကမ္ဘာ့နိုင်ငံအများအပြားတွင် ပြင်ဆင် နေကြပြီဖြစ်ကြောင်း။
ထိုကဲ့သို့ ဆောင်ရွက်ရာတွင် လူကိုယ်တိုင် ဝင်ရောက်ထိန်းချုပ်ပြီး ခွဲစိတ်ကုသမှု ပြုလုပ်နိုင်သည့် စက်ရုပ်များနှင့် သုံးဘက်မြင်နည်းပညာ (Three Dimension)ကို အသုံးပြုပြီး တိကျမှုအလွန် ကောင်းမွန်သည့် ခြေတုလက်တုထုတ်လုပ်နိုင်သည့် စက်များကိုပါ တီထွင်ဖန်တီးအသုံးပြုနေကြပြီ ဖြစ်ခြင်းကြောင့် ခေတ်မီနည်းပညာပိုင်းဆိုင်ရာ သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားကြရန် မှာကြား လိုကြောင်း။
တပ်မတော်အကျိုးကို သယ်ပိုး
လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပေါက်ဖွား လာခဲ့ပြီး သမိုင်းအစဉ်အလာကြီးခဲ့သည့် တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့သည် ပြီးခဲ့သည့်အောက်တိုဘာ ၁ ရက်က (၇၅) နှစ်မြောက် စိန်ရတုတိုင်ခဲ့ပြီဖြစ် ကြောင်း၊ ခေတ်အဆက်ဆက် ကောင်းမြတ်သည့် အစဉ်အလာများကို လက်ဆင့်ကမ်းထိန်းသိမ်းလာ သည့် ဆေးဝန်ထမ်းတပ်ဖွဲ့ကြီးသည် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး၊ တပ်မတော်အကျိုးကို သယ်ပိုး ထမ်းရွက်လာခဲ့သည်မှာ ယနေ့ထိတိုင်ပင်ဖြစ်ကြောင်း။
ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့် ဆေးရုံ/ ဆေး တပ်ရင်းများတွင်သာမက နိုင်ငံတစ်ဝန်းရှိ ပြည်သူ လူထုများအတွက် ပြည့်စုံလုံလောက်သော ကျန်းမာ ရေးစောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် နယ်လှည့်ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်နိုင် ရန် တပ်မတော်အနေဖြင့် လိုအပ်သော ဆေးကုသရေး ဆိုင်ရာ ယန္တရား/ပစ္စည်းများဖြည့်တင်းပြီး နိုင်ငံအနှံ့ ပြည်သူ့အကျိုးပြု ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ခွဲစိတ်ကုသခြင်းများ၊ မီးဖွားခြင်း များနှင့် ပြင်ပလူနာကြည့်ရှုကုသမှုများ ဆောင်ရွက် ပေးနိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း။
တပ်မတော်ဆေးရုံများကိုလည်း လက်ရှိအချိန် တွင် ကျောက်ကပ်အစားထိုးကုသမှု၊ အသည်း အစားထိုးကုသမှု၊ နှလုံးသွေးကြောရောဂါရှာဖွေခြင်း နှင့် သွေးကြောချဲ့ကုသမှု၊ နှလုံးခွဲစိတ်ကုသမှု၊ ဓာတ်ရောင်ခြည်နှင့် ကင်ဆာရောဂါကုသမှုပြုလုပ်နိုင်အောင် အဆင့်မြှင့်တင်ပေးနိုင်ခဲ့ကြောင်း၊ ယခုကဲ့သို့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့်အတွက် တပ်မတော် အနေဖြင့် နှလုံးနှင့် ဦးနှောက်ခွဲစိတ်ကုသခြင်း၊ နှလုံး သွေးကြောအား Stent ထည့်ကုသခြင်း၊ နှလုံးခုန်နှုန်း ထိန်းညှိစက်ထည့်သွင်းခြင်း၊ ကျောက်ကပ်အစားထိုး လဲလှယ်ခြင်း စသည့်အဆင့်မြင့်ပြုစုကုသမှုများကို နိုင်ငံတကာနည်းတူ ဆောင်ရွက်လာနိုင်သည်ကို လည်း မြင်တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ပြင် မြန်မာ့ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့၏ သမိုင်းမှတ်တိုင် တစ်ခုအဖြစ် (၇၅)နှစ်မြောက် စိန်ရတုဆေးဝန်ထမ်း တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် စက်တင်ဘာလ ၂၇ ရက်နေ့တွင် တပ်မတော်အတွင်း ပထမဆုံးအကြိမ် အသည်းအစားထိုးကုသမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် တပ်မတော်ဆေးတပ်ဖွဲ့ အတွက် လွန်စွာဂုဏ်ယူဝမ်းမြောက်ဖွယ်ရာပင် ဖြစ်ကြောင်း။
မိမိတို့တပ်မတော်သည် ခေတ်အဆက်ဆက် ပြည်သူနှင့်ပတ်သက်လာပါက “ပြည်သူသာအမိ၊ ပြည်သူသာအဖ” ဆိုသည့် ဆောင်ပုဒ်ကို ဦးထိပ်ထား ဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ “တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်”ဟူသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံ တော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍ ကိုလည်း မဖောက်မပြန် ခိုင်ခိုင်မာမာရပ်တည်နေ သည့် အဖွဲ့အစည်းလည်းဖြစ်ကြောင်း။
မိမိတို့နိုင်ငံကို နှောင့်ယှက်ဖျက်ဆီးလိုသည့် ပြည်တွင်း ပြည်ပ ဆန့်ကျင်ဘက် လူပုဂ္ဂိုလ်အဖွဲ့ အစည်းများအနေဖြင့် နိုင်ငံတော်တည်ငြိမ်မှုပျက်ပြား ပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့အောင် ဆူပူဆန္ဒပြခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ အကြမ်းဖက်ဖျက်ဆီး ခြင်း၊ လက်နက်ကိုင်လမ်းစဉ် ကျင့်သုံးခြင်းများ လုပ်ဆောင်ခဲ့ကြသည်ကို အားလုံးအသိပင်ဖြစ် ကြောင်း၊ ထိုအထဲတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျန်းမာရေးဝန်ထမ်းလိုအပ်ချက် မြင့်မားနေချိန် အတွင်း ကျန်းမာရေးဝန်ထမ်းအချို့အနေဖြင့် အများ ပြည်သူ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လျစ်လျူရှုရုံသာမက ကိုယ်ကျိုးမငဲ့ကွက်ဘဲ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးနေသူများကို နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးမှုများ ပြုလုပ်ခဲ့ခြင်းသည် သမိုင်းတွင် မည်သို့မျှ ဖျောက်ဖျက်မရသည့် အမည်းစက်များပင်ဖြစ်ကြောင်း။
ခါးဝတ်ပုဆိုးသဖွယ်မြဲကြ
လွဲမှားသည့် စိတ်ခံစားချက်နှင့် လှုံ့ဆော်ချက်များ ကြောင့် ဆရာဝန်များ၏ ကတိသစ္စာပြုအဓိဋ္ဌာန် ၉ ချက်ကို ချိုးဖောက်ပြီး အချို့ကျန်းမာရေးဝန်ထမ်း များသည် နိုင်ငံအတွက် အရေးကြီးသည့် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကို ရင်ဆိုင်နေရချိန်၌ ဆရာဝန်ကျင့်ဝတ်သိက္ခာကင်းမဲ့ပြီး ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သစ္စာမဲ့ စွာဖြင့် မျက်ကွယ်ပြု ကျောခိုင်းခဲ့သည့်လုပ်ရပ်များကိုဆောင်ရွက်ခဲ့သည့်အတွက် ပြည်သူအချို့ အသက် ဆုံးပါးခဲ့ခြင်းများကို စိတ်မကောင်းစရာ ကြုံတွေ့ခဲ့ရ ပြီးဖြစ်ကြောင်း၊ ဆရာဝန်တစ်ဦး၏ ကတိသစ္စာပြု အဓိဋ္ဌာန် ၉ ချက်ကို ရွတ်ဆိုသစ္စာပြုပြီး ဆရာဝန် ဘဝကို ခံယူခဲ့ပြီးသူတစ်ဦးသည် လူသားတို့၏ အသက်ကို ကယ်တင်ရန် ပျက်ကွက်ခဲ့ပါက အဆိုပါ ဆရာဝန်များသည် သစ္စာမဲ့သူ၊ လူနာများအပေါ် ထိခိုက်ကျူးလွန်ခဲ့သူများသာဖြစ်ကြောင်း၊ သစ္စာဆို သည့်စကား၏ အဓိပ္ပာယ်သည် ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံးဖြင့် မှန်ကန်စွာ စောင့်ရှောက်ဆောင်ရွက် ခြင်းဖြစ်ပြီး သစ္စာတရားတည်ကြည်ခြင်းသည် အကျိုးရလဒ်ဖြင့် ပြည့်ဝနေမည်ဖြစ်သကဲ့သို့ သစ္စာ တရား ပျက်ယွင်းခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း များနှင့်သာ ပြည့်နှက်နေမည်ဖြစ်ကြောင်း၊ အဆိုပါ အချက်များကို သင်ခန်းစာယူပြီး မိမိအဖွဲ့အစည်းနှင့် မိမိအလုပ်အပေါ် ကတိသစ္စာမြဲကြရန်၊ မိမိတို့ စောင့်ထိန်းရမည့် ဆေးပညာကျင့်ဝတ်များကို ခါးဝတ်ပုဆိုးသဖွယ်မြဲကြရန် အလေးအနက်ထား မှာကြားလိုကြောင်း။
အစဉ်အလာကောင်း လက်ဆင့်ကမ်းထိန်းသိမ်း
တပ်မတော်သမိုင်းတွင် ဆေးဝန်ထမ်းတပ်ဖွဲ့ ဂုဏ်ဆောင် ဗိုလ်ကြီး သူရမွန်ထော်သက်ညွန့်ကဲ့သို့ တိုင်းပြည်အတွက် အသက်စွန့် အမှုထမ်းခဲ့သူများ အမြောက်အမြားရှိသကဲ့သို့ နိုင်ငံတကာဆေးပညာရှင် များနှင့် ရင်ပေါင်တန်းနိုင်သည့် တပ်မတော်သား အရာရှိ ဆရာဝန်များလည်း ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့ကြကြောင်း၊ အဆိုပါ အစဉ်အလာကောင်း များကို လက်ဆင့်ကမ်းထိန်းသိမ်းပြီး အနာဂတ် တာဝန်များ ပခုံးပြောင်းထမ်းဆောင်ကြရမည့် သူများသည် စစ်ဘက်၊ နယ်ဘက်ဥပဒေများကို တိကျစွာလိုက်နာကြရမည်ဖြစ်ကြောင်း။
အစွမ်းကုန်ကြိုးပမ်း
“သမားဇာနည် အောင်စစ်သည်” ဟူသည့် တပ်မတော်ဆေးတက္ကသိုလ်၏ ဆောင်ပုဒ်အတိုင်း နိုင်ငံတော်နှင့် တပ်မတော်က အားထားရမည့် ဆေးမှူးအရာရှိကောင်းများ ဖြစ်လာအောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားအားထုတ်သွား ကြရန်၊ ပြောင်းလဲတိုးတက်လာသည့် ဆေးသိပ္ပံပညာ ရပ်များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူး သုတေသနပြုပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင် သည့် ဆေးဘက်ပညာရှင်များ ဖြစ်လာအောင် သန္နိဋ္ဌာန်အပြည့်ဖြင့် ကြိုးစားဆောင်ရွက်ကြရန်၊ တာဝန်ကျရာ တပ်အသီးသီးမှ တပ်မတော်သားများ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူလူထုများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အားသွန် ခွန်စိုက် ဆောင်ရွက်သွားကြရန်၊ တပ်မတော် ဆေးတက္ကသိုလ်၏ဂုဏ်၊ ဆေးဝန်ထမ်းတပ်ဖွဲ့၏ ဂုဏ်၊ တပ်မတော်၏ဂုဏ်ကို မြှင့်တင်ပြီး ထူးချွန် ထက်မြက်သည့် ဆေးသိပ္ပံပညာရှင်ကောင်းတစ်ဦး ဖြစ်အောင် အစွမ်းကုန်ကြိုးပမ်းကြရန် မှာကြား လိုကြောင်း ပြောကြားသည်။
အလေးပြုခြင်း ခံယူ
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာ သည်။
ဂုဏ်ပြုအမှာစကားပြောကြား
စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော်ဆေးတက္ကသိုလ်ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်းများကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
စဉ်ဆက်မပြတ် ဆက်လက်ကြိုးပမ်း
ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်ဆုများရရှိကြသည့်အတွက် မိဘများနှင့် ထပ်တူ ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ သင်တန်းကာလ ၇ နှစ်တာကာလတစ်လျှောက်လုံး မျှော်မှန်းချက်၊ ရည်မှန်းချက်ရှိစွာဖြင့် အစဉ်တစိုက် ကြိုးစား အားထုတ်ခဲ့ပြီး မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနှင့် နေထိုင်ခဲ့မှုကြောင့် ထူးချွန်ဆုများရရှိခဲ့ခြင်းဖြစ်သဖြင့် ကောင်းမွန်သည့် အခြေခံကောင်းများရှိခဲ့ပြီး ဖြစ်ကြောင်း၊ ရှေ့ဆက်လက်လျှောက်လှမ်းရမည့် ဘဝခရီးတစ်လျှောက်တွင်လည်း မိမိတို့၏ ရည်မှန်း ချက်များ မပျောက်ပျက်၊ မယိမ်းယိုင်စေရေးအတွက် ရှိပြီးဖြစ်သည့် အခြေခံကောင်းများကို ဆက်လက် ထိန်းသိမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လူသားတစ်ဦးတွင် ရှိသင့်သည့် ကျင့်ဝတ်သိက္ခာ များကို စောင့်ထိန်းပြီး ကိုယ်ကျင့်တရားကောင်းသည့် သူများဖြစ်အောင်လည်း နေထိုင်ကျင့်ကြံရမည် ဖြစ်ကြောင်း၊ ငယ်စဉ်ကလေးဘဝမှ တက္ကသိုလ် ရောက်သည်အထိ ကျွေးမွေးစောင့်ရှောက်သွန်သင်ပေးခဲ့သည့် ကြီးမားလှသည့် မိဘကျေးဇူးကို မိဘ များ၏ စကားကို နားထောင်ခြင်းအားဖြင့် ကျေးဇူး ဆပ်ရမည်ဖြစ်သကဲ့သို့ အသိပညာများနှင့် အတတ် ပညာများကို သင်ကြားပေးလိုက်သည့် တပ်မတော် ဆေးတက္ကသိုလ်၊ တပ်မတော်နှင့် နိုင်ငံတော်၏ ဂုဏ်ကျေးဇူးကိုလည်း စစ်သားကောင်းတစ်ဦး၊ ဆရာဝန်ကောင်းတစ်ဦးပီသစွာ နေထိုင်ကျင့်ကြံခြင်း၊ သစ္စာရှိရှိဖြင့် တာဝန်ကျေပွန်အောင် ထမ်းဆောင်ခြင်း တို့ဖြင့် ကျေးဇူးဆပ်ရမည်ဖြစ်ကြောင်း၊ ကြိုးစား အားထုတ်မှုရှိမှသာလျှင် ဘဝရပ်တည်မှုများ မြင့်မား မည်ဖြစ်ပြီး မိမိတို့၏ ရည်မှန်းချက်ပန်းတိုင် မပျောက် စေရေးအတွက် စဉ်ဆက်မပြတ် ဆက်လက်ကြိုးပမ်း အားထုတ်သွားရန်နှင့် မိမိကိုယ်ကို စောင့်ထိန်းနေထိုင် သွားကြရန်လိုကြောင်း၊ ထို့အပြင် ဆေးပညာရပ် နယ်ပယ်တွင် မြင့်မားသည့်ဆေးပညာရပ်များ များစွာ ရှိနေသည့်အတွက် ခေတ်အလိုက် ပေါ်ထွက်နေသည့် အသစ်အသစ်သောပညာရပ်များကို မျက်ခြည်မပြတ် စေရေး ဘဝတစ်လျှောက်လုံးတွင် လေ့လာဖတ်ရှု မှတ်သားမှုကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်