ပြောင်းလဲရန်လိုအပ်နေသော အသက်မွေးဝမ်းကျောင်းလုပ်ငန်း

Type
1

 

ဒေါက်တာကီး (ဇလပ်မြေ)

 

ချင်းပြည်နယ်သည်   မြန်မာနိုင်ငံ၏   အနောက် မြောက်ဘက်တွင်တည်ရှိပြီး  ခရိုင်  ခြောက်ခရိုင်၊ မြို့နယ် ကိုးမြို့နယ်ဖြင့်  ဖွဲ့စည်းထားကာ    ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၀ ဒသမ ၄၇ သန်းကျော် နေထိုင်လျက်ရှိသည်။ တောင်ပေါ်ဒေသ ဖြစ်သဖြင့် ချမ်းအေးသောရာသီဥတုရှိကာ အပူဆုံး သောလမှာ ဧပြီလနှင့်မေလဖြစ်ပြီး ပျမ်းမျှအပူချိန် မှာ ၆၀ ဒီဂရီဖာရင်ဟိုက်မှ ၇၀  ဒီဂရီဖာရင်ဟိုက် သာ ရှိသည်။ အအေးဆုံးကာလများတွင် အပူချိန်မှာ ၃၉ ဒီဂရီဖာရင်ဟိုက်မှ ရေခဲမှတ်အောက်ထိ ကျဆင်း တတ်သည်။ ပျမ်းမျှမိုးရေချိန်မှာ ၈၀ မှ ၁၀ဝ လက်မ အတွင်းရှိပြီး အထူးသဖြင့်  တောင်ပိုင်းဒေသများ တွင် မိုးပိုများသည်။

 


 ဝိတိုရိယတောင်(ခေါ်)     ခေါ်နူးစုမ်တောင်၊ အသည်းပုံရိဒ်ရေကန်၊ ဘုံတလာရေတံခွန်၊ ကနေဒီ ဆင်စခန်း၊ ကနေဒီတောင်နှင့်    တနောင်းရေအိုင် တို့သည် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်မှု   အများဆုံးနေရာအဖြစ် ထင်ရှားလျက်ရှိသည်။ ထို့အပြင် တောတောင်တစ်ခု လုံးတွင်    အလေ့ကျပေါက်ရောက်လျက်ရှိသော ထင်းရှူးပင်များ၊ ချယ်ရီပန်း၊ တောင်ဇလပ်ပန်းနှင့် အောက်ချင်းငှက်တို့သည် ချင်းပြည်နယ်ကို လူသိ များစေသည့် အမှတ်သင်္ကေတများဖြစ်သည်။

 


 ချင်းပြည်နယ်၏အရင်းအမြစ်များအား ဆန်းစစ်ခြင်း


လူသားအရင်းအမြစ်၊  ရုပ်ဝတ္ထုအရင်းအမြစ်၊ ငွေကြေးအရင်းအမြစ်နှင့် သတင်းအချက်အလက် အရင်းမြစ်ဟူ၍    အရင်းအမြစ်လေးမျိုးရှိသည်။ ထိုအရင်းအမြစ်များ  ဟန်ချက်ညီ မျှတမှသာလျှင် လူတစ်ဦးချင်း  သို့မဟုတ်   အိမ်ထောင်စုတစ်စု သို့မဟုတ် ရပ်ရွာများ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက် နိုင်မည်ဖြစ်သည်။ ချင်းပြည်နယ်သည် လူနေထိုင်မှု ကျဲသောတောင်ပေါ်ဒေသဖြစ်ပြီး   နှစ်စဉ်ကျင်းပ သည့်  တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများအရ အခြားတိုင်းဒေသကြီး/ပြည်နယ်များနှင့် နှိုင်းယှဉ်လျှင် ချင်းပြည်နယ်၏ အောင်ချက်ရာခိုင် နှုန်းမှာ နည်းပါးလျက်ရှိသည်။    ဘွဲ့ရလူငယ်များ အတွက် အလုပ်အကိုင်အခွင့်အလမ်းများရှိနေသော် လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ  မအောင်မြင် သူများ၊ အတန်းပညာကို ဆုံးခန်းတိုင်အောင် သင်ယူ ခွင့်မရသူများနှင့် ကျောင်းမနေခဲ့ရသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းသည်  မရှိသလောက် ရှားပါးလျက်ရှိသည်။ 

 


ရုပ်ဝတ္ထုအရင်းအမြစ်အနေဖြင့် ချင်းပြည်နယ် တွင် မြေဆီမြေနှစ်များကောင်းမွန်ပြီး စိုက်ပျိုးမြေ ဧရိယာ ၃၃၁၉၅၃ ဧကရှိကြောင်း  လေ့လာတွေ့ရှိ ရသည်။ စိမ့်စမ်း၊   ချောင်းရေနှင့်မြစ်ရေများသည် ရေချိုများဖြစ်သဖြင့် စိုက်ပျိုးရေအဖြစ် ကောင်းစွာ အသုံးပြုနိုင်သည်။  ရုပ်ပိုင်းနှင့် ဓာတ်ပိုင်းဆိုင်ရာ (Physical   and  Chemical  Pollution)  များ ညစ်ညမ်းမှုနည်းသဖြင့် ရေကိုကျိုချက်၍သော်လည်း ကောင်း၊ တိုက်ရိုက်သော်လည်းကောင်း သောက်ရေ၊ သုံးရေအဖြစ် အသုံးပြုကြပါသည်။

 

 
ထို့အပြင် ရေအားလျှပ်စစ်  (Hydro   Power)ထုတ်ယူနိုင်သည့် အရင်းအမြစ်ကောင်းများလည်း ဖြစ်သည်။      မြေပေါ်သယံဇာတများအနေဖြင့် အင်ကြင်း၊ သစ်မာ၊ ထင်းရှူးနှင့် ကျွန်းသစ်ကဲ့သို့သော အဖိုးတန်သစ်များ ပေါက်ရောက်လျက်ရှိသော်လည်း မြေအောက်သယံဇာတတူးဖော်မှုအပိုင်းတွင် မရှိ သလောက် ရှားပါးနေသေးသဖြင့်     ကျယ်ကျယ် ပြန့်ပြန့်လေ့လာစူးစမ်းရှာဖွေမှုများ ပြုလုပ်သင့်ပါသည်။ 

 


မိသားစုတစ်နိုင်တစ်ပိုင် အငယ်စား၊ အသေးစား စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ကြသော်လည်း အလတ်စားနှင့် အကြီးစား စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငွေကြေးအရင်းအမြစ် များ  လိုအပ်လျက်ရှိနေသည်။ စီးပွားရေးလုပ်ငန်းနှင့် ငွေကြေးသည် ကိုင်းကျွန်းမှီ   ကျွန်းကိုင်းမှီဖြစ်ပြီး ထုတ်ကုန်မရှိ၍ ရင်းနှီးမြှုပ်နှံမှုမရှိသလို ရင်းနှီးမြှုပ်နှံ မှုမရှိ၍    ထုတ်ကုန်မရှိရခြင်းလည်း   ဖြစ်သည်။ နိုင်ငံတော်နှင့် ပုဂ္ဂလိကကဏ္ဍများမှ ရင်းနှီးမြှုပ်နှံမှု များ ဆောင်ရွက်နိုင်ရန်အတွက်  ကာလတို၊ ကာလ လတ်နှင့်      ကာလရှည်စီမံကိန်းများရေးဆွဲ၍ ဆောင်ရွက်သင့်သည်။ ထို့အပြင် ငွေကြေးစီးဆင်းမှု မြန်ဆန်သွက်လက်ပြီး   စီးပွားရေးလုပ်ငန်းများ အတွက်  မရှိမဖြစ်လိုအပ်သည့်   ဘဏ်စနစ်များ ကောင်းမွန်စွာလည်ပတ်ရန် လိုအပ်သည်။

 


ချင်းပြည်နယ်သည်       မိုးများသည့်ဒေသ ဖြစ်သဖြင့်   မိုးရာသီတွင်     လမ်းပြိုခြင်းကြောင့် မြို့နယ်ချင်းဆက်လမ်းများသည်ပင်လျှင် ခရီးသွားလာမှုကြန့်ကြာခြင်းများရှိပြီး      ကျေးရွာများသို့ သွားလာသည့်လမ်းများသည်      ပွင့်လင်းရာသီ ရောက်မှသာ အသုံးပြုသွားလာနိုင်သည့်    အခြေ အနေတွင်ရှိသည်။ အလားတူ ဆက်သွယ်ရေးအနေ ဖြင့် မြို့ပေါ်တွင်သာ ကောင်းမွန်ပြီး ကျေးရွာအများစု တွင် ကောင်းမွန်မှုမရှိခြင်း သို့မဟုတ် ဆက်သွယ်ရေးလိုင်းများမရရှိခြင်းများလည်း ရှိနေသေးသည်။

 


 အသက်မွေးဝမ်းကျောင်းလုပ်ငန်း 
 လုပ်ကိုင်မှုအခြေအနေ


ချင်းပြည်နယ်တွင်       မြို့ပေါ်နေလူဦးရေမှာ ၂၁ ရာခိုင်နှုန်းဖြစ်ပြီး  ကျေးလက်ဒေသတွင်   ၇၉ ရာခိုင်နှုန်းနေထိုင်လျက်ရှိသည်။ မြို့ပေါ်တွင် နေထိုင် သူများသည် အရောင်းအဝယ်ပြုလုပ်ခြင်း၊ တစ်နိုင် တစ်ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ခြင်းများ လုပ်ကိုင် ကြသော်လည်း ကျေးလက်ဒေသတွင် နေထိုင်သူများ သည် အဓိကအားဖြင့် တောင်ယာလုပ်ငန်းလုပ်ကိုင် ခြင်းဖြင့်သာ  အသက်မွေးကြရသည်။   မြေပြန့် အလွန်နည်းပါးပြီး  တောင်ကုန်းတောင်တန်းများ ထူထပ်လျက်ရှိသဖြင့်  လယ်ယာထွန်ယက်စိုက်ပျိုး လုပ်ကိုင်သူနည်းပါးလျက်ရှိကြောင်း တွေ့ရသည်။

 


ကော်ဖီ၊ လက်ဖက်၊ ပန်းသီး၊ လိမ္မော်နှင့်ဝဥများ ကို  တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည်။   ဝဥစိုက်ပျိုးမှု သည် တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် စိုက်ပျိုး မှုအများဆုံးဖြစ်ပြီး      ဒေသနှင့်ကိုက်ညီမှုရှိကာ အားလုံးလက်လှမ်းမီနိုင်သည့် စီးပွားရေးအတွက် ရွေးချယ်စရာတစ်ခုဖြစ်သည်။ သို့ရာတွင် စားကုန် အဖြစ် တန်ဖိုးမြှင့် (Value  Added) ထုတ်လုပ်နိုင်မှု မရှိခြင်း၊ နည်းပညာများ    လိုအပ်နေခြင်းကြောင့် အဆင့်မီထုပ်ပိုးပြီး   ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချ နိုင်မှုမရှိခြင်း၊  လုပ်ငန်းတိုးချဲ့ရန်    ငွေကြေးအရင်း အနှီးမရှိခြင်းနှင့် ဈေးကွက်ခိုင်မာမှုရှိရန် လိုအပ်ခြင်း စသည့်   စိန်ခေါ်မှုများနှင့်    ကြုံတွေ့နေရသည်။ မွေးမြူရေးအနေဖြင့် နွားနောက်များကို ခြံခတ်စနစ် ဖြင့် အနည်းစုကသာ မွေးမြူကြပြီး  လွှတ်ကျောင်း စနစ်ဖြင့်သာ အများစုက မွေးမြူကြသည်။ အခြား သော ကြက်၊  ဝက်၊ ဆိတ်နှင့်သိုးများကို အနည်းငယ် မွေးမြူကြသည်။        

 


ချင်းပြည်နယ်၏   အသက်မွေးဝမ်းကျောင်း လုပ်ငန်းသည် အဓိကအားဖြင့် တောင်ယာလုပ်ငန်း ဖြစ်သည်နှင့်အညီ   ဘိုးဘေးဘီဘင်ကတည်းက အဆင့်ဆင့်   လက်ဆင့်ကမ်းတတ်မြောက်ထားရ သော ပညာရပ်တစ်ခု ဖြစ်ပါသည်။   စီမံကိန်းတစ်ခု ဆောင်ရွက်ရာတွင်   လုပ်ငန်းစဉ်များ အဆင့်ဆင့် ရှိသကဲ့သို့   တောင်ယာလုပ်ငန်းလုပ်ကိုင်ရာတွင် သူ့ကာလ၊ သူ့အချိန်နှင့်သူ လုပ်ဆောင်နိုင်မှသာလျှင် စပါးအထွက်ကောင်းပြီး တစ်နှစ်စာရိက္ခာဖူလုံမည် ဖြစ်သည်။

 


 လိုအပ်ချက်များ


ချင်းပြည်နယ်တွင်    လူသားအရင်းအမြစ်နှင့် ရုပ်ဝတ္ထုအရင်းအမြစ်များရှိနေသော်လည်း ငွေကြေး အရင်းအမြစ်နှင့်   သတင်းအချက်အလက်အရင်း အမြစ်များ   လုံလောက်စွာရရှိရန်    လိုအပ်လျက် ရှိကြောင်းတွေ့ရှိရပြီး  ရှိနှင့်ပြီးဖြစ်သော  လူသား အရင်းအမြစ်နှင့်      ရုပ်ဝတ္ထုအရင်းအမြစ်များကို  ထိထိရောက်ရောက် အသုံးပြုနိုင်ရန်လည်း လိုအပ် နေပါသည်။   ထို့အပြင် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ  ဆောင်ရွက်နိုင်သည့်    မြေဧရိယာများစွာရှိသဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးဇုန်များ တည်ထောင်ခြင်း၊ သုတေသနများပြုလုပ်၍   ဒေသနှင့်ကိုက်ညီမည့် မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးခြင်း၊နည်းပညာ ဖြန့်ဖြူးပေးခြင်း၊  ငွေကြေးအရင်းအနှီးများ မတည် ပေးခြင်း    သို့မဟုတ် ထောက်ပံ့ပေးခြင်းနှင့် အခြား လိုအပ်သည့် သွင်းအားစုများ   ကူညီပံ့ပိုးပေးရန် လိုအပ်လျက်ရှိသည်။

 


ဒေသနှင့်ကိုက်ညီမှုရှိသည့်   အသက်မွေးဝမ်း ကျောင်းသင်တန်းများကို အမျိုးသမီးနှင့် အမျိုးသား များအတွက် သင်တန်းလိုအပ်ချက်များကို   စနစ် တကျ ဆန်းစစ်လေ့လာ၍ ထိရောက်အကျိုးရှိမည့် သင်တန်းများကို    ဖွင့်လှစ်သင့်ပြီး     ဒေသထွက် ကုန်ကြမ်းရရှိနိုင်မှု၊ ပြန်လည်အသုံးချနိုင်မှု၊ အလုပ် အကိုင်ရရှိနိုင်မှု၊ ကိုယ်ပိုင်လုပ်ငန်းဆောင်ရွက်ရန် အလားအလာရှိမှုနှင့်   ထုတ်ကုန်များရရှိလာပါက ရောင်းချနိုင်မည့်ဈေးကွက်တို့ကိုပါ    ထည့်သွင်း စဉ်းစား၍ ဖွင့်လှစ်ရန်လိုအပ်ပါသည်။

 


 နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
 အထောက်အကူဖြစ်စေမည်


ချင်းပြည်နယ်၏ လူသားအရင်းအမြစ်များကိုဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဆောင် ရွက်ပေးခြင်း၊   အလုပ်အကိုင်များ ဖန်တီးပေးခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု    အနည်းဆုံးဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ      ဆောင်ရွက်ပေးခြင်းနှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း ဖြင့် စီးပွားရေးခိုင်မာအားကောင်းလာပြီး ဒေသခံ ပြည်သူများ     အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည့်အပြင် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်မှုများကြောင့်   လုပ်သားအင်အား ဆုံးရှုံးမှုများကို     လျှော့ချနိုင်မည်ဖြစ်ပါသည်။ ထို့အပြင်  အလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ စားဝတ်နေရေးအဆင်ပြေပြီး   ဝင်ငွေများတိုးပွားရရှိ လာပါက   တောင်ယာလုပ်ငန်းလုပ်ကိုင်ခြင်းစနစ် ပပျောက်သွားမည်ဖြစ်ပြီး  သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမှ ကာကွယ်နိုင်မည့်အပြင် လူနေမှု စနစ်  ပိုမိုမြင့်မားတိုးတက်လာမည်   ဖြစ်ပါသည်။

 

ချင်းပြည်နယ်သည်  နိုင်ငံတော်၏   အစိတ်အပိုင်း တစ်ခုဖြစ်သည်နှင့်အညီ  ချင်းပြည်နယ်ရှိ  ပြည်သူ များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်    များစွာ အထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။    ။