
ရာဖာ မေ ၁၁
အစ္စရေးနှင့် ဟားမားစ်အကြား ဖြစ်ပွားနေသည့် ပဋိပက္ခအတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီမှုရရှိရေးနှင့်ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက် နေသော ကြားဝင်ညှိနှိုင်းသူများသည် ၎င်းတို့၏ တွေ့ဆုံဆွေးနွေးမှုများကို လတ်တလောတွင် ရပ်နား ထားကြောင်း သိရသည်။
သို့သော်လည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သာလျှင် နောက်ထပ်သွေးထွက်သံယိုဖြစ်ပွားမှုကို တားဆီးနိုင်ပြီး အလွန်လိုအပ်နေသော ထောက်ပံ့ ကူညီမှုများကို ပေးအပ်နိုင်မည်ဖြစ်ကြောင်း ကုလသမဂ္ဂအကူအညီပေး တာဝန်ရှိသူများက သောကြာနေ့ သတင်းစာရှင်းလင်းပွဲတွင် သတိပေး ပြောကြားလိုက်သည်။
အစ္စရေးဗုံးများက ရာဖာမြို့အပေါ် ဆက်လက် ကြဲချလျက်ရှိကြောင်း ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးမှ ပက်ထရိုပေါလုစ်က ပြောသည်။ ထို့ပြင် အစ္စရေးက လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဇုန်အဖြစ် သတ်မှတ်ထားသော မူဝါစီဒေသနှင့် ပိုမိုနီးကပ်စွာ တိုက်ခိုက်မှုများ ဖြစ်ပွားလာနေသည်ကို မြင်တွေ့ရကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါနေရာတွင် ထောင်သောင်းချီသော အိုးအိမ်စွန့်ခွာလာသူများ ခိုလှုံနေကြသော်လည်း အစ္စရေးက ၎င်းတို့ထံ ထိရောက်ပြီး ဘေးကင်းသော နည်းလမ်းဖြင့် ထောက်ပံ့ကူညီမှုများကို တားဆီးထား ကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူများက ပြောသည်။
ယခုသီတင်းပတ်အစောပိုင်းတွင် အစ္စရေးက ရာဖာနယ်စပ်ဖြတ်သန်းရေးဂိတ်ကို ထိန်းချုပ်လိုက် ပြီးနောက် ဂါဇာကမ်းမြောင်သို့ ထရပ်ကားများ ဝင်ရောက်နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။ ထို့ပြင် ဆေးရုံများပြိုကျပြီး သန့်ရှင်းသောသောက်သုံး ရေပြတ်လပ်ပါက ရောဂါကူးစက်ပျံ့နှံ့မှုများ ဖြစ်ပွား လာမည်ကို စိုးရိမ်လျက်ရှိကြသည်။
ဂါဇာကမ်းမြောင်တောင်ပိုင်းတွင် စနေနေ့မတိုင်မီ ရိက္ခာများပြတ်တောက်ဖွယ်ရှိကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူများက သတိပေးထားသည်။
အင်န်အိတ်ချ်ကေ