ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်

 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်
(၁၃၈၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက်)
(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်)


၁။    တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်နှင့်အညီ  နိုင်ငံတော်၏  တာဝန် အရပ်ရပ်ကို လွှဲပြောင်းတာဝန် ထမ်းဆောင်ခဲ့ရသည်မှာ   တစ်နှစ်ကျော်ကာလသို့  ရောက်ရှိခဲ့ပြီဖြစ်သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်  နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊  ဖွံ့ဖြိုးတိုးတက်ရေးနှင့်  စစ်မှန်၍ စည်းကမ်းပြည့်ဝသော   ပါတီစုံဒီမိုကရေစီစနစ်     ထွန်းကားရေးတို့အတွက် ရှေ့လုပ်ငန်းစဉ် ၅ ရပ်   ချမှတ်ဆောင်ရွက်လျက်ရှိပြီး   ရှေ့လုပ်ငန်းစဉ်၏  စတုတ္ထအချက်ဖြစ်သည့် “တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေးအတွက်    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု   ရပ်စဲရေး သဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း    ဖြစ်နိုင်သမျှ  အလေးထား လုပ်ဆောင် သွားမည်” ဟု မူဝါဒချထားပါသည်။  အဆိုပါလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နိုင်ရန်  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား   စဉ်ဆက်မပြတ်   အကောင်အထည် ဖော်လျက်ရှိပြီး    ငြိမ်းချမ်းရေးနှင့်ပတ်သက်၍     NCA  အတိုင်း    အလေးထားအကောင်အထည်ဖော်   ဆောင်ရွက်လျက်ရှိပါသည်။
၂။    ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို  အခြေခံသည့် ပြည်ထောင်စုကို   တည်ဆောက်ရေးအတွက်  
ထာဝရငြိမ်းချမ်းရေးရရှိရေးသည် လွန်စွာအရေးကြီးပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်   မိမိတို့နိုင်ငံသမိုင်းတွင်  လွန်စွာထူးခြားလေးနက်သည့် စိန်ရတုပြည်ထောင်စုနေ့  ဂုဏ်ပြုအခမ်းအနားကြီးကို ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးနှင့်အတူတကွ ခမ်းနားစွာကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စုကြီး   တည်တံ့ခိုင်မြဲရေးအတွက် အရေးအကြီးဆုံးဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို တိုင်းရင်းသားပြည်သူ အားလုံး၏ စိတ်တွင်း၌ ကိန်းဝပ်ရှင်သန်နေစေရေး ဆောင်ရွက်ခဲ့ပါသည်။ 
၃။    အဆိုပါ အခမ်းအနားသို့ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့နှင့် NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၄ ဖွဲ့ တက်ရောက် ခဲ့ပြီး     အခမ်းအနားတက်ရောက်စဉ်ကာလအတွင်း     ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက်ကျင်းပသည့် ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေး ပွဲသို့ တက်ရောက်၍လည်း ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့ပါသည်။ 
၄။    တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှစ၍ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း အကြိမ်(၂၀) ပြုလုပ်ပေးခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ အလုပ်သဘောရောက်ရှိခဲ့သည့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် တွေ့ဆုံမှုအပြီး နှစ်နိုင်ငံသဘောတူထုတ်ပြန်ချက်တွင် ယခုနှစ်ကုန်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း  ထုတ်ပြန်ကြေညာခဲ့ပြီး   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏   တာဝန် ထမ်းဆောင်မှု တစ်နှစ်ပြည့်မိန့်ခွန်းတွင်လည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး ဖြစ်ပါသည်။
၅။    သို့ဖြစ်ပါ၍ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရေး၊ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကို တိုးမြှင့် ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍လည်းကောင်း၊ မြန်မာနိုင်ငံတစ်ဝန်း လုံး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍လည်းကောင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့်အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော် အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၂ ခုနှစ်၊ မတ် ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့် ရပ်စဲလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်အပ်ပါသည်။ 
၆။    မိမိတို့အနေဖြင့် ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တနေသည့် ငြိမ်းချမ်းရေးပန်းတိုင်ကို ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဟူသည့် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ လျှောက်လှမ်းကြရမည်ဖြစ်ပါသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်   သက်ဆိုင်သူများအားလုံးအနေဖြင့်  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို   လက်တွေ့ကျကျ   တိုးမြှင့်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး   ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက်နိုင်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။    
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး