
ပန်ဆယ်ဗေးနီးယား ဇန်နဝါရီ ၂၉
အမေရိကန်ပြည်ထောင်စု ပန်ဆယ်ဗေးနီးယား ပြည်နယ်တွင် တံတားတစ်စင်းကျိုးကျခဲ့ရာ ကားလေးစင်းချောက်ထဲသို့ထိုးကျခဲ့သည်။ ယင်းဖြစ်ရပ် ကြောင့် လူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင် များက ပြောသည်။
ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းတွင် ပစ္စဘာ့ဂျ်မြို့တွင် တံတားကျိုးကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တံတားကျိုးကျရခြင်းအကြောင်းရင်းကိုမူ မသိရသေး ကြောင်း အာဏာပိုင်များက ပြောသည်။ ကယ်ဆယ် ရေးအဖွဲ့သားများက ဒဏ်ရာရရှိသူများကိုကယ်တင် ရန် ကြိုးများဖြင့် တွယ်ဆင်းခဲ့ရပြီး ဒဏ်ရာရရှိသူ များတွင် အသက်အန္တရာယ်စိုးရိမ်ရဖွယ်မရှိ ကြောင်း သိရသည်။
အဆိုပါတံတား၏ကြံ့ခိုင်မှုကို စက်တင်ဘာလ အတွင်းကမှ စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု မြို့အာဏာ ပိုင်များက ပြောသည်။ အဆိုပါတံတားကို ၁၉၇၀ ပြည့်နှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး နေ့စဉ် ယာဉ် ပေါင်း ၁၄၀၀၀ ဖြတ်သန်းသွားလာလျက်ရှိသည်။ တံတားကျိုးကျပြီး နာရီအနည်းငယ်အကြာတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အခင်းဖြစ်ပွားရာနေရာ သို့ ရောက်ရှိခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သမ္မတ ဂျိုးဘိုင်ဒင်သည် ပစ္စဘာ့ဂျ်မြို့သို့ မိန့်ခွန်းပြောကြား ရန် ရောက်ရှိနေစဉ်နှင့် တိုက်ဆိုင်နေသည်။
နိုဝင်ဘာလအတွင်းက သမ္မတဂျိုးဘိုင်ဒင်သည် လမ်းတံတားများ၊ ဓာတ်အားလိုင်းများပြုပြင်ရန် အတွက် အမေရိကန်ဒေါ်လာ ထရီလီယံနှင့်ချီ၍ တန်ကြေးရှိသည့် ဥပဒေကြမ်းကို လက်မှတ်ရေးထိုးခဲ့ သည်။ လုံခြုံစိတ်ချရရေးအတွက် တံတားကိုပြန်လည် တည်ဆောက်မည်ဖြစ်ကြောင်း ၎င်းက ဇန်နဝါရီ ၂၈ ရက်တွင် ပြောသည်။
တံတားအခြေအနေမှာ ကောင်းမွန်ခြင်း မရှိဟု အမေရိကန်သယ်ယူပို့ဆောင်ရေးဌာနက သတ်မှတ်ခဲ့ သည်။ တိုင်းပြည်တစ်လွှား အခြားသောတံတား ၄၅၀၀၀ မှာလည်းအခြေအနေကောင်းမွန်ခြင်း မရှိဟု သတ်မှတ်ခဲ့ကြောင်း သိရသည်။ ဆင်ဟွာ