
ရန်ကုန် နိုဝင်ဘာ ၂၆
ပဲတီစိမ်းဈေးကွက် ယခုထက် ပိုမို တွင်ကျယ်လာစေရန် မျှော်လင့်နေကြောင်း ရန်ကုန်တောင်ပိုင်းခရိုင်ရှိ ပဲတီစိမ်း စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။
ဈေးကွက်ခိုင်မာရန် လိုအပ်
“သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ ရှိတာကြောင့် ကိုယ်တိုင်တင်ပို့ ရောင်းချတာမျိုး မလုပ်နိုင်ကြတာများတယ်။ ပဲကုန်သည်/ပဲ ပွဲစားတွေကတစ်ဆင့်ပဲ ရောင်းချနေကြရ တယ်။ ပဲဈေးကလည်း သူတို့ဖြတ်ပေးတဲ့ ဈေးနဲ့ပဲ ရောင်းရတယ်။ ဈေးကွက်ပိုင်း အခု ထက် ပိုမိုတွင်ကျယ်ဖို့ဆိုရင် စာချုပ်စနစ် စိုက်ပျိုးရေးစနစ်မျိုးဖြစ်ဖြစ်၊ အသေအချာ ဈေးဖြတ်ဝယ်ယူပေးမယ့် ကုမ္ပဏီမျိုးဖြစ်ဖြစ် ရရှိဖို့ လိုနေပါတယ်။ အခုက ဈေးကွက်မှာ ခိုင်မာစွာဝယ်ယူတဲ့ ကုမ္ပဏီမရှိပါဘူး။ အများစုလယ်သမားတွေက သယ်ယူပို့ဆောင် ရေးနဲ့ နေရာအထားအသို အခက်အခဲတွေ ကြောင့် ကွင်းဆင်းပြီး လာဝယ်ကြတဲ့ အလေး ချိန်ခိုး/ အမြတ်ကြီးစား ပွဲစားတွေကိုသာ ရောင်းချနေကြရပါတယ်” ဟု ရန်ကုန် တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်မှ ပဲတီစိမ်းစီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နေသူ ဦးငြိမ်းချမ်းက ပြောသည်။
သုံးလအတွင်း ဈေးကွက်တင်နိုင်
ပဲတီစိမ်းသီးနှံသည် စတင်စိုက်ပျိုးပြီး နောက် အချိန်ကာလ သုံးလအကြာ ရက် ပေါင်း ၉၀ ဝန်းကျင်အကြာတွင် ဈေးကွက် တင်ပို့ရန် ခူးဆွတ်နိုင်သည့် သီးနှံအမျိုးအစား တစ်ခုလည်း ဖြစ်သည်။
“စိုက်ပျိုးထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ မျိုးပဲတစ်တင်းကို မနှစ်က ကျပ်ငါးသောင်းခွဲ၊ ဒီနှစ်ဆိုရင် ကျပ်ခုနစ်သောင်းခွဲနဲ့ ပေးဝယ်ရပါ တယ်။ ပျမ်းမျှ စိုက်ပျိုးစရိတ်အနေနဲ့ တွက်ချက်ကြည့်တော့ မျိုးစေ့၊ ထွန်ယက်ခ၊ လုပ်အားခ၊ အထွေထွေစရိတ် စုစုပေါင်းဆိုရင် တစ်ဧက စိုက်ပျိုးစရိတ်ကချည်း ကျပ်လေး သိန်းခွဲလောက် ကုန်ကျပါတယ်။ မနှစ်ကဈေး အနေနဲ့ကတော့ တစ်တင်းကို ကျပ်ငါးသောင်း ကနေ ကျပ်ခြောက်သောင်းကြားသာ ရရှိခဲ့ ကြပါတယ်” ဟု ဦးငြိမ်းချမ်းက ဆက်ပြောသည်။
အများအားဖြင့် ပဲတီစိမ်းသီးနှံကို နိုဝင်ဘာလ(တန်ဆောင်မုန်းလဆန်း)တွင် စတင်စိုက်ပျိုးလေ့ရှိပြီး ရာသီဥတုဖောက်ပြန် ခြင်းနှင့် စပါးအပြီး ပဲစိုက်ပျိုးချိန်တွင် စပါး ရိတ်သိမ်းချိန် ပုံမှန်ထက်နောက်ကျခြင်းတို့ ကြုံတွေ့လျှင် စိုက်ပျိုးချိန်အနည်းငယ် နောက်ကျတတ်ကြောင်း သိရသည်။
နန်းထက်ထက်ချစ်