ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဧက ၁၀၀ စပါးမျိုး ရှစ်မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်ဓာတ်မြေဩဇာ ကြဲပက်နေမှုကြည့်ရှုအားပေး

 

ဝေါ   ဇူလိုင်  ၂၆


ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ      ယနေ့နံနက်ပိုင်းတွင် ဝေါမြို့နယ်  ကျိုက်လှကျေးရွာအုပ်စု စိုက်ပျိုးရေး  ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး တောင်သူတွက်ခြေ ကိုက်ပြီး အထွက်တိုးကာ ရက်တိုသည့် မျိုးကောင်း မျိုးသန့်  စပါးမျိုးများ   အလွယ်တကူရရှိစေရေး၊ သဘာဝမြေဩဇာထုတ်လုပ်နည်းများ အသိပညာပေး ဆောင်ရွက်ရေး၊ ကျွဲနွားမွေးမြူသူများအား ပရိုတင်း ဓာတ်ကြွယ်ဝသည့် နေဗီယာမြက်စိုက်ပျိုးစေရေးနှင့် ဒေသကြက် တွဲဖက်မွေးမြူနိုင်ရေး စည်းရုံးဆောင် ရွက်ရန် တာဝန်ရှိသူများအား မှာကြားပြီး မြေဆွေးမှ သဘာဝမြေဩဇာပြုလုပ်ထားရှိမှုနှင့် တောင်သူ ၁၁ ဦးပိုင် တစ်ကွင်းတစ်ဆက်တည်း တစ်ဧက တင်း ၁၀၀ ထွက်ရှိရေး ဧက ၁၀၀ စပါးမျိုး ရှစ်မျိုး ယှဉ်ပြိုင် စမ်းသပ်ကွက်      ဓာတ်မြေဩဇာကြဲပက်နေမှုကို ကြည့်ရှုအားပေးသည်။

 


ထို့နောက်     တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အင်းတိုင်စုကျေးရွာရှိ ဦးငြိမ်းချမ်း၏ တိုင်းရင်းကြက် ကောင်ရေ ၁၆၅၀ မွေးမြူထားရှိမှုကို ကြည့်ရှုအားပေး ပြီး တိုင်းရင်းကြက် မျိုးကောင်းမျိုးသန့်ရရှိစေရေး၊ သဘာဝကြက်စာများဖြစ်သည့်   နေဗီယာမြက်နှင့် ရေမှော်ပင်များ တွဲဖက်ကျွေးမွေးနိုင်ရေး ဆောင်ရွက် ရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။

 


ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဝေါမြို့နယ်   အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး         ဌာနဆိုင်ရာဝန်ထမ်းများဖြင့် အိမ်ထောင်စုစာရင်းပုံစံ(၆၆/၆) Online System ဖြင့် Software Program အတွင်း ထည့်သွင်းနေမှုကို ကြည့်ရှုအားပေးပြီး သတ်မှတ်ချိန်အမီပြီးစီးနိုင်ရေး လိုအပ်သည်များ    ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

သတင်းစဉ်