ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
အမိန့်အမှတ် ၂၉၇ /၂၀၂၁ 
၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်)


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။


၁။    ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease 2019 - COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့အတွင်းရှိ မြို့နယ်အချို့တွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိရမှုများပြားလာပြီး  ပိုးတွေ့နှုန်း မြင့်တက်လျက်ရှိပါသဖြင့် အဆိုပါမြို့နယ်များတွင်နေထိုင်သည့် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်နေထိုင်ရန် (Stay at Home) လိုအပ်ပါသည်။
၂။    သို့ဖြစ်ပါ၍ ပဲခူးတိုင်းဒေသကြီးနှင့်  မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  အောက်ဖော်ပြပါမြို့နယ် များတွင်နေထိုင်သည့် ပြည်သူများအနေဖြင့်   နေအိမ်တွင်နေထိုင်ရေး (Stay at Home)  အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာလိုက်သည် - 
    (က)    ပဲခူးတိုင်းဒေသကြီး
        (၁)    နတ်တလင်းမြို့နယ်။ 
    (ခ)    မန္တလေးတိုင်းဒေသကြီး
        (၁)    မြစ်သားမြို့နယ်၊ 
        (၂)    မတ္တရာမြို့နယ်၊ 
        (၃)    သပိတ်ကျင်းမြို့နယ်၊ 
        (၄)    မိတ္ထီလာမြို့နယ်၊ 
        (၅)    ဝမ်းတွင်းမြို့နယ်၊ 
        (၆)    သာစည်မြို့နယ်၊ 
        (၇)    ငါန်းဇွန်မြို့နယ်၊ 
        (၈)    တောင်သာမြို့နယ်၊ 
        (၉)    ပျော်ဘွယ်မြို့နယ်။
၃။    အဆိုပါမြို့နယ်များရှိ    နေအိမ်တွင်နေထိုင်ရေး  (Stay at Home) အစီအစဉ်တွင် အကျုံးဝင်သော ပြည်သူများသည် အောက်ပါစည်းကမ်းချက်များကို လိုက်နာရမည် - 
    (က)    မိမိနေအိမ်တွင်သာ နေထိုင်ရန် -
        (၁)    အစိုးရဌာနများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများမပါ၊ 
        (၂)    ပုဂ္ဂလိကလုပ်ငန်းများဖြစ်သည့် ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ စက်သုံးဆီ အရောင်းဆိုင်များ၊ စားသောက်ကုန်နှင့် သား၊ ငါး၊ အအေးခန်း လုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး ရောင်းချရေးလုပ်ငန်းများ၊ ရေသန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊         နေ့စဉ်တစ်ကိုယ်ရေသုံးပစ္စည်း ထုတ်လုပ်သည့်စက်ရုံများတွင်    တာဝန်ထမ်းဆောင်ရန်   သွားရောက်သူများနှင့်   ဆက်စပ်ဆောင်ရွက်ရသည့်လုပ်ငန်းများ၌ မဖြစ်မနေ တာဝန်ထမ်းဆောင်သူများမပါ၊ 
        (၃)    Relief Flight များ၊ Cargo Flight များနှင့်  အထူးစင်းလုံးငှားလေယာဉ်ခရီးစဉ်များ အတွက်    ဝန်ဆောင်မှုပေးရသည့်    လုပ်ငန်းများဖြစ်သော    လေကြောင်းလိုင်းများ အထွေထွေလေကြောင်းပို့ဆောင်ရေးလုပ်ငန်းများ၊ မြေပြင်ဝန်ဆောင်မှုလုပ်ငန်းများ၊ လေယာဉ်ဆီဖြည့်တင်းရေးလုပ်ငန်း၊ လေကြောင်းဖြင့် ကုန်စည်တင်သွင်း/တင်ပို့ခြင်း လုပ်ငန်း၊ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း (Freight Forwarder) ကုမ္ပဏီများ၊ အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီ အေဂျင်စီများ၊      လေယာဉ်တင်  အစားအသောက် ထုတ်လုပ်တင်ပို့ခြင်းလုပ်ငန်း၊    လေယာဉ်ပြုပြင်ထိန်းသိမ်းမွမ်းမံခြင်းလုပ်ငန်းမှ ဝန်ထမ်းများမပါ၊ 
        (၄)    ဆိပ်ကမ်းတွင်   ကုန်တင်သင်္ဘောများအတွက်   ဝန်ဆောင်မှုပေးရသည့်   ပုဂ္ဂလိက ဆိပ်ကမ်းများ၊ သင်္ဘောလိုင်းဌာနေကိုယ်စားလှယ်ရုံးများ၊ အပြည်ပြည်ဆိုင်ရာ ကုန်စည် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း (Freight Forwarder) ကုမ္ပဏီများ၊ အကောက်ခွန် ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သည့်    ကုမ္ပဏီအေဂျင်စီများ၊    ကုန်သေတ္တာတင် မော်တော်ယာဉ်လုပ်ငန်းများ၊ ဆိပ်ကမ်းပို့ကုန်/ သွင်းကုန် သယ်ဆောင်သည့် ကုန်တင် မော်တော်ယာဉ်၊ ရေယာဉ်လုပ်ငန်းများ၊ ကုန်းတွင်းကုန်သေတ္တာစခန်းများ (Inland Container Depot) နှင့် ကုန်းတွင်းဆိပ်များ(Dry Port) မှ ဝန်ထမ်းများမပါ၊ 
        (၅)    ဆက်သွယ်ရေးဝန်ဆောင်မှုပေးရသော လုပ်ငန်းများဖြစ်သည့် စာပို့တိုက်ဝန်ဆောင်မှု လုပ်ငန်း၊ ကြိုးဖုန်းနှင့်    မိုဘိုင်းတယ်လီဖုန်းဆက်သွယ်ရေး   ဝန်ဆောင်မှုလုပ်ငန်း၊ အင်တာနက်ဝန်ဆောင်မှုများ  (ဆိုင်ဖွင့်လှစ်၍   တယ်လီဖုန်းရောင်းချခြင်း၊   ဒေတာ ရောင်းချခြင်းများမပါ)၊ တာဝါနှင့် ဖိုင်ဘာပြုပြင်ခြင်း ဝန်ဆောင်မှုလုပ်ငန်းမှ ဝန်ထမ်းများ မပါ၊ 
    (ခ)    ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း(CMP)စက်ရုံ၊ အလုပ်ရုံ များတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီများအနေဖြင့် လိုအပ်သော အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းများ ဆောင်ရွက်ပေးရန်၊ 
    (ဂ)    အဖွဲ့အစည်းများ၊ ကုမ္ပဏီများအနေဖြင့် အိမ်မှနေ၍ လုပ်ငန်းဆောင်ရွက်ရန်၊ 
    (ဃ)    မဖြစ်မနေ ဈေးဝယ်ထွက်ရန်အတွက် တစ်အိမ်လျှင်တစ်ဦးသာ သွားရောက်ရန်၊ 
    (င)    ဆေးရုံ၊ ဆေးခန်းသွားရောက်ရန်ရှိပါက တစ်အိမ်လျှင်နှစ်ဦးသာ သွားရောက်ရန်၊ 
    (စ)    နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်/နှာခေါင်းစည်း(Mask) တပ်ရန်၊ 
    (ဆ)    တာဝန်ထမ်းဆောင်ရန် သွားရောက်/ ပြန်လာမည့်သူများကို ပို့ဆောင်မည့်ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်၊ 
    (ဇ)    ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံဆေးခန်းသွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာသွားရောက်ရန်၊ 
    (ဈ)    အဆိုပါမြို့နယ်များမှ   ကုန်စည်စီးဆင်းမှု    အဆင်ပြေချောမွေ့စေရေးအတွက်    ကုန်တင် ယာဉ်များသွားလာမှု စံသတ်မှတ်ချက် Standard Operating Procedure (SOP) အတိုင်း လိုက်နာဆောင်ရွက်ရန်။ 
၄။    အပိုဒ် ၃ အပိုဒ်ခွဲ(ဃ)၊ (င)နှင့် (ဇ)တို့ပါ ကိစ္စရပ်များတွင် သတ်မှတ်ဦးရေထက် ပိုမိုရန်ရှိလျှင်ဖြစ်စေ၊ အခြားအရေးပေါ်ကိစ္စရပ်များအတွက်   သွားလာရန်ရှိလျှင်ဖြစ်စေ   သက်ဆိုင်ရာ   ရပ်ကွက်/ ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပို့၍ ခွင့်ပြုချက်ဖြင့်သွားလာရန်နှင့် သက်ဆိုင်ရာ  ရပ်ကွက်/ ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့သည် တာဝန်ရှိသူ၊   တာဝန်ထမ်းဆောင်ရန်   သွားရောက်/ ပြန်လာသူများမှအပ ရပ်ကွက်ပြင်ပမှလည်းကောင်း၊ ရပ်ကွက်အတွင်းမှလည်းကောင်း ဝင်/ထွက်ခွင့်မပြုရန် ဖြစ်သည်။ 
၅။    ဤအမိန့်ကို     လိုက်နာရန်ပျက်ကွက်ပါက    တည်ဆဲဥပဒေများအရ    အရေးယူဆောင်ရွက်မည် ဖြစ်သည်။ 
၆။    ဤအမိန့်သည် ၃၁-၇-၂၀၂၁ ရက်၊ နံနက် ၀၄:၀၀ နာရီအချိန်မှ စတင်သက်ရောက်သည်။

                                         ဒေါက်တာသက်ခိုင်ဝင်း 
                                          ပြည်ထောင်စုဝန်ကြီး