
ပဲခူး မတ် ၂၁
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ပဲခူးမြို့ အထွေထွေ ရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ အထူးကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေ ရောဂါကုဆေးရုံးကြီး၌ ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြ သည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေး ဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့ များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီ ဆောင်ရွက်ပေးနေမှုများကို လိုက်လံကြည့်ရှု ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား တွေ့ဆုံအားပေး စကားပြောကြားပြီး လစဉ် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး အတွက် ဆေးဝါးလိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ လုပ်ငန်းနယ်ပယ်များတွင် တာဝန်ထမ်းဆောင် ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အငြိမ်းစား ယူပြီးနောက် အရည်အသွေးပြည့်ဝသော ကျန်းမာ ရေးစောင့်ရှောက်မှုကိုခံယူခြင်းဖြင့် ကျန်းမာပျော်ရွှင် အသက်ရှည်စွာ နေထိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ၊ မြို့မိမြို့ဖ၊ လူမှုရေး အသင်းအဖွဲ့များ၏ ပူးပေါင်းကူညီပါဝင်မှုဖြင့် လစဉ် ၂၁ ရက်တိုင်း တိုင်းဒေသကြီးအတွင်း မြို့နယ် ၂၈ မြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးများ၌ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း၌ စုစုပေါင်း အငြိမ်းစားနိုင်ငံဝန်ထမ်း ၉၃၀၀၀ ကျော်ရှိပြီး ပဲခူး မြို့နယ် အတွင်း၌ အငြိမ်းစား နိုင်ငံ့ဝန်ထမ်း ၁၂၀၀၀ ကျော် နေထိုင်လျက်ရှိကြောင်း သိရသည်။
တင်စိုး(ပဲခူး)