
ပဲခူး ဇန်နဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တော်ခန်းမ၌ ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ ဂုဏ်ဆောင် ထူးချွန်သည့် အားကစားသမားများအား ထောက်ပံ့ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ဂုဏ်ပြုအမှာစကားပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးမှ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင်ထူးချွန် အားကစားသမားဟောင်းများ ဖြစ်ကြသည့် ဦးရဲညွန့်(ဘောလုံး)နှင့် ဦးတင်အောင်(ဂိုး)တို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်က လည်းကောင်း၊ ဦးဝင်းမောင်(ဘောလုံး)နှင့်ဦးသန်းစိုး(ခ)ဦးဆပ်သီး (ဘောလုံး)တို့အား တိုင်းဒေသကြီး တရားလွှတ်တော်၊ တရားသူကြီးချုပ်က လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးများက နိုင်ငံ့ဂုဏ်ဆောင် ဘောလုံး၊ လှေလှော်၊ ပြေးခုန်ပစ်၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ လက်ဝှေ့၊ နပန်း၊ ပီတန်း၊ အလေးမ၊ မြားပစ်၊ ဗိုဗီနမ်၊ မွေထိုင်း အားကစားနည်းများတွင် ရွှေ၊ ငွေ၊ ကြေးတံဆိပ်များ ရရှိခဲ့ကြသည့် ထူးချွန်အားကစားသမားများအား ဂုဏ်ပြုဆုငွေများ၊ ဂုဏ်ပြုမှတ်တမ်းများနှင့် ဂုဏ်ပြု လက်ဆောင်များ ချီးမြှင့်ကြရာ နိုင်ငံ့ဂုဏ်ဆောင် ဘောလုံးအားကစားသမားဟောင်း ဦးတင်အောင် (ဂိုး)က ကျေးဇူးတင် စကားပြောကြားသည်။
အဆိုပါ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် တိုင်းဒေသကြီးမှ နိုင်ငံ့ဂုဏ်ဆောင် ရွှေ၊ ငွေ၊ ကြေးတံဆိပ် များရရှိခဲ့ကြသည့် အားကစားသမား ၃၃ ဦးအား ဂုဏ်ပြုငွေကျပ် ၆၆ သိန်း ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်