
ပဲခူး မေ ၂၇
စက်မှုမြေအဖြစ် ခွင့်ပြုပေးထားသည့် မြေနေရာများတွင် ခွင့်ပြုပေးထားသည့် လုပ်ငန်းအမျိုးအစား အလိုက် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများအတွက် နည်းပညာနှင့် ချေးငွေရရှိရေးပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင် ဟံသာခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည့် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး (၅/၂၀၂၂)တွင် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ဒေသခံပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများရရှိစေမည့် CMP လုပ်ငန်းများကို အဓိကထား ခွင့်ပြုဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံသူများအတွက် လိုအပ် သော လမ်း၊ လျှပ်စစ်မီးနှင့် ရေ ရရှိရေးလုပ်ငန်းများကို စီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး က တရုတ်ပြည်သူ့သမ္မတနိုင်ငံ အခြေစိုက် Weartec Seam Garment Manufacturing Co., Ltd မှ (CMP)အထည်ချုပ်လုပ်ငန်းစက်ရုံအသစ် ပြည်ပရင်းနှီး မြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃ သန်းဖြင့် ဆောင်ရွက် မည့် လုပ်ငန်းစီမံချက်ကိုလည်းကောင်း၊ ဂျပန်နိုင်ငံ အခြေစိုက် Bago Sport Gloves Co., Ltd မှ (CMP)လက်အိတ်အမျိုးမျိုး ထုတ်လုပ်သည့် စက်ရုံအသစ် ထပ်မံတိုးချဲ့သော ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်ကိုလည်းကောင်း ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များက အကြံပြုဆွေးနွေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် က ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် ပေးသည်။
ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ တင်ပြချက်များအရ တိုင်းဒေသကြီးအတွင်း နိုင်ငံခြား သားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ သန်း တိုးမြှင့်ဝင်ရောက်ခဲ့ရာ ဒေသတွင်း အလုပ် အကိုင်အခွင့်အလမ်း ၁၄၅၀ ထပ်မံဖန်တီးပေးနိုင် မည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နေ့မှ ၂၀၂၂ ခုနှစ် မေလအထိ နိုင်ငံခြားသားရင်းနှီး မြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၂၃ ဒသမ ၇၁၂ သန်းနှင့် မြန်မာကျပ်ငွေ ၉၅၂၉ ဒသမ ၁၅ သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း ၇၄၅၈ ဦး ဖန်တီးပေး နိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်