ပဲခူးတိုင်းဒေသကြီးအတွက် ဗလာစာအုပ် ဒါဇင် ၆၆၀၀၀၀ ကျော်နှင့် ပုံနှိပ်စာအုပ် ၁၆၂၃ သန်းကျော် ထောက်ပံ့

 

ပဲခူး   မေ   ၂၉


ပဲခူးတိုင်းဒေသကြီးအဆင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့     အခမ်းအနားကို       ပဲခူးမြို့ မြို့တော်ခန်းမ၌   မေ ၂၈ ရက်က   ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တရားလွှတ်တော် တရား သူကြီးချုပ်၊  အစိုးရအဖွဲ့တာဝန်ရှိသူများ၊  အခြေခံ ပညာဦးစီးဌာန(အောက်မြန်မာပြည်) ညွှန်ကြားရေး မှူးချုပ်နှင့်   ပညာရေးဝန်ထမ်းများ၊    ကျောင်းသား ကျောင်းသူများ၊ မိဘများ တက်ရောက်သည်။

 


အခမ်းအနားတွင်   တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက       ကျောင်းနေအရွယ်အားလုံး ကျောင်းသို့ရောက်ရှိရေးအတွက်    မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ     ကျောင်းအပ်နှံရေး   သီတင်း ပတ်အဖြစ်သတ်မှတ်ပြီး  တစ်နိုင်ငံလုံး  တစ်ပြိုင်နက် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ နိုင်ငံ တော်အနေဖြင့် မည်သည့်ခွဲခြားမှုမျှမရှိဘဲ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ  ချန်မထားဘဲ ကျောင်းနေ အရွယ်ကလေးအားလုံး      အရည်အသွေးရှိသော သင်ယူမှုအခွင့်အလမ်း  မြင့်မားရေးကို ဦးတည်ပြီး အခြေခံပညာကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ် ပေးလျက်ရှိကြောင်း၊ ကျန်းမာ၍ဘေးကင်းလုံခြုံသော သင်ယူမှုဝန်းကျင်ကိုဖန်တီးလျက်      ကျောင်းစတင် ဖွင့်လှစ်ချိန်မှစ၍ အသက် ငါးနှစ်မှ  ၁၂ နှစ်အထိ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန်       စီစဉ်ထားရှိပြီး ဖြစ်ကြောင်း၊    ကျောင်းအပ်နှံသော   အထက်တန်း၊ အလယ်တန်း၊     မူလတန်းအဆင့်    ကျောင်းသားကျောင်းသူအားလုံးကိုလည်း     ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံနှင့်ဘောပင်များ အခမဲ့ဖြန့်ဝေ ပေးနေကြောင်း အမှာစကားပြောကြားသည်။

 


ထို့နောက်   နိုင်ငံတော်အစိုးရက  အခမဲ့ဖြန့်ဝေ ပေးသည့်  ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့်     စာရေးကိရိယာပစ္စည်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်က      တိုင်းဒေသကြီး အတွင်းရှိ  ပဲခူး၊  တောင်ငူ၊  ပြည်၊  သာယာဝတီခရိုင် များမှ  ပညာရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ကာ  တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာကြီး ဦးစိုးလွင်က    ကျောင်းအပ်နှံရေးဆိုင်ရာလုပ်ငန်း စဉ်များကို ရှင်းလင်းပြောကြားသည်။ 

 


ပဲခူးတိုင်းဒေသကြီးအတွင်း၌ စုစုပေါင်းအခြေခံပညာကျောင်းပေါင်း ၅၁၉၄ ကျောင်းရှိရာ နိုင်ငံတော် က ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဗလာစာအုပ် ၆၆၇၂၅၁ ဒါဇင်၊ ကျောင်းသုံးပုံနှိပ်စာအုပ် ၁၆၂၃ ဒသမ ၆ သန်း၊ ခဲတံ ၂၆၄၄၃၆ ဒါဇင်၊ ဘောပင် ၈၀၂၀၈ ဒါဇင်၊   ကျောင်းဝတ်စုံ ၄၄၅၂၆၃ စုံတို့ကို   အခမဲ့ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 


အခမ်းအနားအပြီးတွင်  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာအထက် တန်းကျောင်းတို့၌ ကျောင်းအပ်နှံနေမှု အခြေအနေ များကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး စာသင်ခုံ လိုအပ်ချက်၊   ပြင်ဆင်ရန်လိုအပ်မှု၊    ကျောင်းတွင်း ကျောင်းပြင် သန့်ရှင်းသပ်ရပ်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးဆောင်ရွက်ရန် တာဝန်ရှိသူများ အား မှာကြားခဲ့သည်။


 တင်စိုး(ပဲခူး)