
နေပြည်တော် ဒီဇင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ဝက်ထီးကန်တိုက်နယ် တွင် လယ်ယာစိုက်ပျိုးရေးချေးငွေများကို ရဲစခန်း တွင် အတင်းအဓမ္မဆပ်ခိုင်းသဖြင့် လယ်သမားများ ထိတ်လန့်နေကြောင်း၊ ချေးငွေမဆပ်နိုင်တဲ့သူများကို တရားစွဲပြီး ဖမ်းဆီးအရေးယူခိုင်းနေကြောင်း မဟုတ် မမှန်သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူလယ်သမား များ စိုက်ပျိုးစရိတ်ကုန်ကျမှုများ အထောက်အကူ ပြုနိုင်ရန်အတွက် နှစ်စဉ်စိုက်ပျိုးစရိတ်ချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးလျက် ရှိကြောင်း၊ ထိုသို့ ထုတ်ချေးပေးရာတွင် ယခင်နှစ် ကြွေးကျန်ကျေပြီးမှသာ ချေးငွေအသစ်ထုတ်ချေးသည့် စနစ်ကို ကျင့်သုံးဆောင်ရွက်လျက်ရှိပြီး ကြွေးကျန် များ ပြန်လည်ရရှိရေးအတွက် လုပ်ထုံးလုပ်နည်းများ နှင့်အညီ အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်များ အနေဖြင့် ကြွေးကျန်ချေးငွေများ ကောက်ခံရာတွင်လည်း စည်းရုံးကောက်ခံသည့်နည်းလမ်းဖြင့်သာ ဆောင်ရွက် လျက်ရှိပြီး ချေးငွေပေးဆပ်ရန်ကျန်ရှိသည့် တောင်သူ များကိုလည်း အမှုဖွင့်အရေးယူထားခြင်း မရှိကြောင်း၊ ချေးငွေညွှန်ကြားစာပါ စည်းကမ်းချက်များနှင့်အညီ ကြွေးကျန်များ ပေးဆပ်ပြီးသည့် တောင်သူများကို လည်း ချေးငွေသစ်များ စိုက်ပျိုးချိန်အမီ ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။
တရားမဝင် ပြည်ဖျက်မီဒီယာများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို အခွင့်ကောင်းယူ၍ ဒေသခံတောင်သူလယ်သမား များ ကြောက်ရွံ့ထိတ်လန့်လာစေရန်နှင့် နိုင်ငံ့ ဝန်ထမ်းများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ အပေါ် အထင်အမြင်လွဲမှားလာစေရန် မဟုတ် မမှန် ကောလာဟလသတင်းများကို လုပ်ကြံ ဖန်တီး ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရသည်။
သတင်းစဉ်