ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ပဲခူး အောက်တိုဘာ ၁၆


ပဲခူးတိုင်းဒေသကြီး    လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ တတိယအကြိမ်   လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၄ ရက်က    ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာခန်းမ၌  ကျင်းပသည်။

 


အစည်းအဝေးတွင်   တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက  လယ်ယာမြေများ၌  မည်သည့် လုပ်ငန်းကိုမျှ အခြားနည်းအသုံးပြုခွင့် ခွင့်ပြုပေးသွား မည်မဟုတ်ကြောင်း၊  ဓာတ်မြေဩဇာ သွင်းအားစုများ ကို  ဈေးနှုန်းသက်သာစွာဖြင့်ဖြန့်ဖြူးပေးရန် စီစဉ် ထားရှိပြီးဖြစ်၍  အဖွဲ့စနစ်ဖြင့် စနစ်တကျဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊  ဒေသတွင်း ဆီဖူလုံမှုရှိစေရေး အတွက်လည်း မြေပြင်တွင် အမှန်တကယ်စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဌာနဆိုင်ရာများ        ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။

 


ထို့နောက်    ပဲခူးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက  ပဲခူးတိုင်းဒေသကြီး   လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့သို့ တင်ပြလာသည့် နစ်နာကြေး/လျော် ကြေးငွေပေးချေရမည့်   အမှုတွဲများ၊  ပုံစံ(၇)မိတ္တူ လျှောက်ထားသည့်   အမှုတွဲများနှင့်  အခြားနည်း အသုံးပြုခွင့်လျှောက်ထားသည့်    အမှုတွဲများကို လည်းကောင်း၊ ပဲခူး၊ တောင်ငူ၊ ပြည်နှင့်  သာယာဝတီ ခရိုင်  စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက   မြို့နယ် အလိုက်ကော်မရှင်ရုံး မြေနေရာ၊ ဌာနဆိုင်ရာမြေနေရာ ရရှိရေး အမှုတွဲများ၊ နွေစပါးနှင့် ဆီထွက်သီးနှံတိုးချဲ့ စိုက်ပျိုးနိုင်ရေး  လျာထားချက်များကိုလည်းကောင်း  ရှင်းလင်းတင်ပြကြသည်။

 


ယင်းနောက်       တက်ရောက်လာကြသည့်   ပဲခူးတိုင်းဒေသကြီး   လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များက အမှုတွဲအလိုက်   ဝိုင်းဝန်းဆွေးနွေး အကြံပြုချက်များပေါ်  တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေနှင့်အညီ ဆောင်ရွက် ပေးကြောင်း သိရသည်။                    

သတင်းစဉ်