
ပဲခူး ဖေဖော်ဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကကြီးမှူး၍ စုပေါင်းထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းက ရွှေမော်ဓောဘုရားအနောက်ဘက်မုခ် ယာဉ်ရပ်နားကွင်း၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင် အသင်းများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး ပဲခူးတက္ကသိုလ် ရုက္ခဗေဒဌာနမှူးကထမနဲထိုးပြိုင်ပွဲနှင့် ပတ်သက်၍ စည်းမျဉ်း၊ စည်းကမ်းများကိုလည်း ကောင်း၊ မြန်မာစာဌာနမှူးက တပို့တွဲလ ထမနဲထိုးပွဲနှင့်ပတ်သက်၍ လည်းကောင်း ရှင်းလင်းပြောကြားကြပြီး ပြိုင်ပွဲကို တိုင်းဒေသကြီး ဥပဒေချုပ်က မင်္ဂလာမောင်းတီး၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများက ထမနဲ ယှဉ်ပြိုင်ထိုးကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှည့်လည် ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးများနှင့် အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူးတို့ကဂုဏ်ပြုအထူးဆုရရှိကြသည့် အထက်ဇိုင်းဂနိုင်းကြီး ကျေးရွာ၊ မုန်တိုင်းကျေးရွာ၊ ကျောက်ကြီးစုရပ်ကွက်၊ ကျိုက်ဒေးယုံကျေးရွာနှင့် ဥဿာ(၈)ရပ်ကွက်အသင်း တို့ကိုလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက တတိယဆုရရှိသော ပဲခူး တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအသင်းကိုလည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်က ဒုတိယ ဆုရရှိသော ဘုရားကလေးကျေးရွာအသင်းကိုလည်း ကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပထမဆု ရရှိသော ကျိုက်ပွန်ဘုရားဂေါပကအသင်းကိုလည်း ကောင်း ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့် ကြပြီး ပြိုင်ပွဲဝင်အသင်းသားများအား ဆိုင်ကယ် နှစ်စီးနှင့် စက်ဘီး ၁၅ စီး ကံစမ်းမဲများ ဖောက်ပေး ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်