
ပဲခူး ဇူလိုင် ၃၀
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇူလိုင်၂၉ ရက်က တိုင်းဒေသ ကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုကို လည်းကောင်း၊ ပဲခူးမြို့ မြို့တော်ခန်းမ၌ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဟံသာဝတီရပ်ကွက် အတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက် အဘိုး/ အဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုကိုလည်းကောင်း၊ ပဲခူးမြို့ ဒေသန္တရ ကျန်းမာရေးဆေးခန်း၌ ပညာရေးဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုနှင့် နိုင်ငံ့ဝန်ထမ်းများ၊ အသက် ၆၅ နှစ်နှင့်အထက် အဘိုး/ အဘွားတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုအား သွားရောက် ကြည့်ရှုအားပေးသည်။
ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌသည် ကာကွယ်ဆေးထိုးနှံရာတွင် အသက်အရွယ်ကြီးသူများ ပါဝင်သည်ဖြစ်၍ အဘိုး၊ အဘွားများ၏ ကျန်းမာရေးကို တစ်ပါတည်း စစ်ဆေး ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ စာရင်းရေးသွင်းရာ တွင် မှန်ကန်မြန်ဆန်စေရန်၊ ကာကွယ်ဆေး လာရောက်ထိုးနှံသူများအတွက် လိုအပ်လာပါက ပါးစပ်၊ နှာခေါင်းစည်း၊ မျက်နှာအကာ စသည့် ကျန်းမာရေးအကာအကွယ်ပစ္စည်းများ အခမဲ့ ဖြန့်ဝေပေးရန်၊ လူစုလူဝေးမဖြစ်စေရေး အလေးထား ဆောင်ရွက်ရန် မှာကြားသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၊ အသက် ၆၅ နှစ်နှင့် အထက် အဘိုး/အဘွားများ၊ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့များ သတ်မှတ်စုရပ် နေရာ များတွင် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆီနိုဖမ်းကို ဇူလိုင်၂၉ ရက်မှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တင်စိုး(ပဲခူး)