
ပဲခူး ဖေဖော်ဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဖေဖော်ဝါရီ ၂၀ရက် နံနက်ပိုင်းက ပဲခူးမြို့တွင်း ပြည်သူ့အကျိုးပြု ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့ ရှေးဟောင်း သမိုင်းဝင် ခေါင်းဆေးကျွန်းကန်အား တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၁၉ ဒသမ ၈ သန်းဖြင့် ဒိုက်ပင်များ၊ ကိုင်းပင်များ၊ အမှိုက်များ ရှင်းလင်းခြင်း နှင့် ကန်ဆယ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုဦးက လုပ်ငန်းဆောင်ရွက် နေမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးမြို့တွင်း ရန်ကုန်- မန္တလေးကားလမ်း ရေကျော်ခြင်းနှင့် အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ရေဝင်ရောက် ခြင်းမှ ကာကွယ်ရန် ရှေးဟောင်းသမိုင်းဝင် ခေါင်းဆေးကျွန်းကန်သည် အဓိကဖြစ်သည့်အတွက် ယခုအချိန်ကတည်းက ကန်ဆယ်ခြင်းနှင့် ရေစီး ရေလာကောင်းမွန်စေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ပေးရခြင်းဖြစ်၍ စနစ်တကျ ကြီးကြပ် ဆောင်ရွက်သွားရန်နှင့် လိုအပ်ချက်များရှိပါက တင်ပြပေးရန် တာဝန်ရှိသူများကို မှာကြား သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပြည်သူများ ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် ဆောင်ရွက်လျက်ရှိသော ရန်ကုန်-မန္တလေး လမ်းမ ကြီးအား လမ်းလယ်ကျွန်း လုပ်ဆောင်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ် သည်များ မှာကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပဲခူးမြို့တွင်း အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည့် ကျိုက်ပွန်ဘုရားလမ်း၊ ရပ်ကွက်ကြီး (၆) အတွင်းရှိ လမ်းများ၊ ရေနုတ်မြောင်း များနှင့် ပလက်ဖောင်းများ တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး လမ်းပခုံးသားများ အမာခံရရှိသည်အထိ တစ်ပါတည်းစီစဉ်ဆောင်ရွက် သွားရန်၊ လမ်းနှင့် ရေနုတ်မြောင်းအား မြေပြင်အနိမ့် အမြင့် သေချာချိန်ညှိ၍ ရေစီးဆင်းမှု ကောင်းမွန်စေ ရေး ဆောင်ရွက်ကြရန်၊ အစိုးရမှ ဆောင်ရွက်ပေးထား သည့် လမ်းနှင့် ရေနုတ်မြောင်းများ ရေရှည်တည်တံ့ ခိုင်မြဲစေရေး ထိန်းသိမ်းဆောင်ရွက်နိုင်ရန် ရပ်ကွက်နေပြည်သူများအား စည်းရုံးဆောင်ရွက်သွား ရန်နှင့် သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးရေး တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ပဲခူးမြို့ ရန်ကုန်-မန္တလေးလမ်းနှင့် အနောက် ဘက် မြို့ရှောင်လမ်းထိပ် လမ်းဆုံ၌ အများပြည်သူ အပန်းဖြေနိုင်စေရေး သန့်ရှင်းသပ်ရပ်လှပသော ပန်းခြံတည်ဆောက်မည့် မြေနေရာအား ကြည့်ရှု စစ်ဆေးရာ သတ်မှတ်ဒီဇိုင်းပုံစံများအတိုင်း စနစ်တကျတည်ဆောက်နိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်က ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် ယာဉ် အန္တရာယ်/လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက်ပါ ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ပဲခူးမြို့ ရှေးဟောင်းသမိုင်းဝင် ဟင်္သာကုန်းဘုရား၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ စေတနာရှင် ပြည်သူများနှင့် စုပေါင်းကာ ဓာတ်လှေကား တည်ဆောက်နေမှုနှင့် ဟံသာဝတီ ရှေးဟောင်းကျုံး ပြန်လည်အဆင့်မြှင့်တင်နိုင်ရေး တူးဖော်နေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
တင်စိုး(ပဲခူး)