
ပဲခူး ဒီဇင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ ဒီဇင်ဘာ ၂၆ ရက်က ပဲခူးမြို့ကို တိုင်းဒေသကြီးမြို့တော် အင်္ဂါရပ် နှင့်အညီ လမ်းပိုင်းအလိုက် အဆင့်မြှင့်တင်နေမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ပဲခူးမြို့အတွင်းရှိ ကျိုက်ပွန်ဘုရားလမ်းကို လမ်းဧရိယာပေ ၁၅၀ အကျယ် လမ်းချဲ့နေမှုနှင့် ပြန်လည်အဆင့်မြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယခုအဆင့်မြှင့်တင် ဆောင်ရွက်ပေးနေသည့် လမ်းသည် ရှေးဟောင်း သမိုင်းဝင် ကျိုက်ပွန်ဘုရားသို့ ဘုရားဖူးပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစွာ ဝင်/ ထွက် သွားလာနိုင်ရေးနှင့် ဘုရားပွဲကျင်းပရာ အဓိက လမ်းမကြီး တစ်ခုဖြစ်၍ သတ်မှတ်ချက်များအတိုင်း အချိန်မီပြီးစီးရေး၊ အရိပ်ရသစ်ပင်များ စိုက်ပျိုးရန် နှင့် လမ်းမီးများ ထွန်းလင်းစေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်သွားရန် မှာကြား သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် နာရဏီသိမ်လမ်း၊ ဦးကျင်အောင်လမ်းနှင့် ဒေါနလမ်းတို့အား ကွန်ကရစ်လမ်းအဖြစ် အဆင့် မြှင့်တင် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လမ်းတစ်ခုတွင် ပါဝင် ရမည့် ရေနုတ်မြောင်းများ၊ အရိပ်ရသစ်ပင်များ၊ လမ်းညွှန်ဆိုင်းဘုတ်များနှင့် လမ်းမီးတိုင်းများ တစ်ပါတည်းပြီးစီးရန် သက်ဆိုင်ရာ တာဝန်ရှိသူများ အား မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ပဲခူးတက္ကသိုလ်သို့ ရောက်ရှိခဲ့ပြီး တက္ကသိုလ် ကျောင်းရှေ့ပတ်လည် အဆင့်မြှင့်တင်ပေးနိုင်ရေး၊ လျှောက်လမ်းနှင့် ထိုင်ခုံများ ဆောင်ရွက်ပေးနိုင်ရေး အတွက် Landscaping Design ရေးဆွဲတင်ပြရန် တာဝန်ရှိသူများအား မှာကြားပြီးနောက် ပဲခူးမြို့ အထင်ကရ လိပ်ပြာကန်နှင့် ဟံသာဝတီရှေးဟောင်း ကျုံး ပြန်လည်အဆင့်မြှင့်တင်နေမှုတို့ကို သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့ကာ အပိုင်းလိုက် ထပ်မံ အဆင့်မြှင့်တင်ပေးနိုင်ရေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်