
နေပြည်တော် စက်တင်ဘာ ၁၄
ပဲခူးမြို့ ဧရာဝတီဘဏ်ခွဲမှ ငွေကျပ် လေးဘီလီယံခန့် ဓားပြတိုက် လုယက်မှုကျူးလွန်ခဲ့သူ PDF အကြမ်းဖက် အဖွဲ့မှ ခုနစ်ဦးအား လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တာဝန်သိပြည်သူများ၏ ပူးပေါင်းပါဝင် ကြိုးပမ်းမှုဖြင့် ၉ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်မြို့ ဧရာဝတီဘဏ်ရုံးချုပ်မှ ဦးမင်းမင်းဦး၊ ကြီးကြပ်ရေးမှူးဦးစီး၍ ယာဉ်မောင်း ဦးစောနီကိုလတ်တို့နှစ်ဦးသည် Toyota Hiace ယာဉ်အမှတ်၊ 6J-7941 ဖြင့်လည်းကောင်း၊ ရုံးအကူ ဦးဝင်းလွင်မြင့်၊ လုံခြုံရေး ချစ်စမ်းမောင်နှင့် ယာဉ်မောင်း မျိုးကျော်သူတို့ သုံးဦးသည် Toyota Hiace ယာဉ်အမှတ်၊ 1P- 2919 ဖြင့်လည်းကောင်း စက်တင်ဘာ ၁၃ ရက်တွင် ပဲခူးမြို့ ဧရာဝတီဘဏ်ခွဲ(၁)မှ ငွေကျပ် လေးဘီလီယံအား ယာဉ်နှစ်စီးပေါ်သို့ ခွဲဝေတင်ဆောင်ခဲ့ပြီး ပဲခူးမြို့မှ ရန်ကုန်မြို့သို့ မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ တွင် ပြန်လည်ထွက်ခွာခဲ့ရာ ပဲခူးမြို့နယ် ဘူးလယ်အင်းကျေးရွာအုပ်စု ရန်ကုန်- မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် (၂၅/၅) နေရာသို့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ရောက်ရှိစဉ် ယာဉ်ထိန်းရဲဝတ်စုံ ဝတ်ဆင်ထားသူ တစ်ဦး၊ ရဲတပ်ဖွဲ့ ဝတ်စုံဝတ်ဆင်၍ (အမျိုးအစား စိစစ်ဆဲ) လက်နက် ငယ် နှစ်လက် ကိုင်ဆောင်ထားသူ နှစ်ဦးနှင့် အရပ်ဝတ် ဝတ်ဆင်ထားသူ လေးဦး ပေါင်း ခုနစ်ဦးတို့က ယာဉ် နှစ်စီးအား တားဆီးကာ ဘဏ်ဝန်ထမ်း ငါးဦး၏ ပါးစပ်၊ မျက်စိ၊ လက်တို့အား တိတ်အမည်းဖြင့် ချည်နှောင်ပြီး ယာဉ်ပေါ်ပါ ငွေများနှင့် ဝန်ထမ်းများ၏ ဖုန်း သုံးလုံးအား တရားခံများစီးနင်းလာသည့် Hijet ယာဉ်ပေါ်သို့ ရွှေ့ပြောင်းတင်ဆောင်ကာ မောင်းနှင် ထွက်ပြေးသွားခဲ့သည်။
အဆိုပါဖြစ်စဉ်အား ဧရာဝတီဘဏ်တာဝန်ရှိသူ များက မွန်းလွဲ ၂ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသို့ အသိပေးအကြောင်းကြားခဲ့ရာ တရားခံများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် အပူတပြင်း စုံစမ်းစစ်ဆေးခြင်း၊ သဲလွန်စရှာဖွေ ဖော်ထုတ်ခြင်း အား တက်ကြွစွာ အချိန်မဆိုင်းဘဲ ဆောင်ရွက်ခဲ့ရာ ဖြစ်စဉ်သိရသည့်အချိန်မှ ၅ နာရီအတွင်း ဘဏ်ငွေ ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သည့် ယူနီဖောင်း များအား ပေးအပ်ခဲ့သူ ဆက်စပ်တရားခံ မြင့်မြင့် နိုင် (ဘ) ဦးလှသိန်းအား ည ၇ နာရီတွင် ပဲခူးမြို့ မဇင်းရပ်ကွက် မဟာစေတီတိုက်တန်းတွင် ဖမ်းဆီး ရမိခဲ့သည်။
ပိတ်ဆို့ရှာဖွေ ဖမ်းဆီး
တရားခံ မြင့်မြင့်နိုင်၏ ထွက်ဆိုချက်အရ ည ၁၀ နာရီတွင် မဟာစေတီတိုက်တန်း၊ ၁၀/(က-၃)၊ ဥမ္မာ (ဘ) ဦးချစ်ဟန်၏နေအိမ်တွင် မသင်္ကာဖွယ် အမျိုးသားများ ရောက်ရှိနေကြောင်း ဖော်ထုတ်ရရှိ သဖြင့် ပိတ်ဆို့ရှာဖွေ ဖမ်းဆီးခဲ့ရာ ဥမ္မာနှင့်အတူ ဘဏ်ငွေ လုယက်သူများဖြစ်သည့် ရန်လင်းထွေး(ဘ) ဦးဇော်ဇော်၊ အောင်ပြည့်ခန့် (ဘ) ဦးသက်နိုင်နှင့် ဘုန်းခန့်ကို (ဘ) ဦးသန်းဌေးတို့အား M-79 ဗုံး ပစ် လောင်ချာ တစ်လက်၊ ငွေကျပ်သိန်း ၇၀၀ ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံ စည်သူဖြိုးမှာ တိမ်းရှောင်လျက်ရှိကြောင်း သိရှိရသည်။
သိမ်းဆည်းရမိ
တရားခံများ၏ ထွက်ဆိုချက်အရ ည ၁၀ နာရီခွဲ တွင် ဓားပြတိုက်ဖြစ်စဉ်ပါ လက်နက်/ခဲယမ်းနှင့် ငွေကြေးများအား ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး ၈ ရှိ “ဓမ္မဒူတ” သီလရှင်ကျောင်းတိုက်တွင် အပ်နှံထား ကြောင်း သိရှိရသဖြင့် ဆက်လက်ရှာဖွေခဲ့ရာ ကျောင်းတိုက်တွင် ဒေါ်ဥပ္ပသမာနှင့် ဒေါ်ဓမ္မစာရီတို့ နှစ်ဦးအား တွေ့ရှိရပြီး ၎င်းတို့ထံ အပ်နှံထားသော AK-47 သေနတ် နှစ်လက်၊ ၎င်းကျည်အိမ် လေးခု၊ ၎င်းကျည်တောင့် ၂၂၀၊ MK-12 သေနတ် ခြောက်လက်၊ ၎င်းကျည်အိမ် တို/ရှည် ၁၂ ခု၊ ဆက်စပ်ပစ္စည်းခြောက်စုံ၊ ငွေစက္ကူထည့်ထားသော ဆာလာအိတ် ၁၄ ထုပ်၊ ဆာလာအိတ် အပိုင်း(၂)ပိုင်း၊ ပလတ်စတစ်အနက် ရောင် အထုပ်သေးကိုးထုပ်တို့အား ဆွမ်းစားဆောင် အတွင်းမှ သိမ်းဆည်းရမိခဲ့သည်။
ဆက်လက်၍ တရားခံများ၏ ထွက်ဆိုချက်အရ ည ၁၁ နာရီခွဲတွင် မဇင်းရပ်ကွက် ဘူတာလမ်းရှိ နေအိမ်တွင် ဆက်စပ်တရားခံ ကုလားကြီးအား သွားရောက် ဖမ်းဆီးခဲ့ရာ တရားခံမှာတိမ်းရှောင်လျက် ရှိပြီး ၎င်းနေအိမ်မှ ဖောက်ခွဲရေးတွင် အသုံးပြုမည့် ကီးပက်ဖုန်း ၁၀ လုံး၊ လက်လုပ်မိုင်းပြုလုပ်သော ဆက်စပ်ပစ္စည်းများနှင့် ၁၀၀၀၀ တန် ငွေစက္ကူ ၁၇ အုပ်အား သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ ကျား သုံးဦး၊ မ လေးဦး စုစုပေါင်း ခုနစ်ဦး၊ M-79 ဗုံးပစ် လောင်ချာ တစ်လက်၊ AK-47 သေနတ် နှစ်လက်၊ ၎င်းကျည်အိမ် လေးခု၊ ၎င်းကျည်တောင့် ၂၂၀၊ MK-12 သေနတ် ခြောက်လက်၊ ၎င်းကျည်အိမ်မျိုးစုံ ၁၂ ခု၊ အခြားဆက်စပ်ပစ္စည်းများ နှင့် ဓားပြတိုက်ရာတွင် ယူဆောင်သွားခဲ့သော ငွေများ အား သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန် နှင့်တစ်ပြေးညီ မဆုတ်မနစ် ကြိုးပမ်းဖော်ထုတ်ခြင်း၊ တာဝန်သိပြည်သူအချို့ကလည်း မိမိအသက် အန္တရာယ် မငဲ့ကွက်ဘဲ အချိန်နှင့်တစ်ပြေးညီ သတင်းပို့ခြင်းတို့ကြောင့် ကျပ်ငွေသိန်း ၄၀၀၀၀ ခန့် အား ဓားပြတိုက် လုယက်ယူဆောင်ခဲ့သည့် ဖြစ်စဉ် တစ်ခုလုံးကို ၉ နာရီအတွင်း လုယက်ခံရသည့် ဘဏ်ငွေများနှင့် အခြားဆက်စပ် လက်နက်များကိုပါ ဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ ရာဇဝတ်မှုကြီးအား မဆုတ်မနစ် သော ဇွဲလုံ့လတို့ဖြင့် အချိန်တိုအတွင်း ဖော်ထုတ် ဖမ်းဆီးပေးကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပဲခူးမြို့နှင့်ပတ်ဝန်းကျင်ရှိ ပြည်သူလူထုတို့က မြို့ရွာ လုံခြုံရေးတို့အတွက် ယခင်ကထက် အားကိုးယုံကြည် မှု ပိုမိုတိုးတက်လာကြောင်းလည်း သိရှိရသည်။
ဓားပြတိုက်သည့် ဖြစ်စဉ်အား ပဲခူး PDF အကြမ်းဖက်အဖွဲ့ မြို့နယ်တာဝန်ခံ မျိုးကိုက စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ ဖမ်းဆီးရမိ တရားခံ များမှာ PDF အကြမ်းဖက်အဖွဲ့ဝင်များဖြစ်ပြီး တရားခံ အောင်ပြည့်ခန့်မှာ ဧရာဝတီဘဏ်၊ ပဲခူးဘဏ်ခွဲမှ CDM ပြုလုပ်လျက်ရှိသော ရုံးအကူဝန်ထမ်းဖြစ် ကြောင်း သိရှိရသည်။
ရည်ရွယ်လုပ်ဆောင်
ယခုဘဏ်ငွေဓားပြတိုက် လုယက်မှုဖြစ်စဉ်နှင့် NUG အကြမ်းဖက်အဖွဲ့မှ D-Day ကြေညာခြင်း အပါအဝင် အခြားသော အကြမ်းဖက်လုပ်ရပ်များ ယခုရက်ပိုင်း အတွင်း ပိုမိုလုပ်ဆောင်လာနေခြင်းသည် စက်တင်ဘာလ ၁၄ ရက်တွင် စတင်ကျင်းပမည့် ကမ္ဘာ့ကုလသမဂ္ဂ၏ (၇၆) ကြိမ်မြောက် အထွေထွေ ညီလာခံနှင့် တိုက်ဆိုင်လျက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာများ စသည့်အထွေထွေတည်ငြိမ်မှု မရှိကြောင်း အစည်းအဝေးသို့ တက်ရောက်လာသည့် နိုင်ငံ့ခေါင်းဆောင်များက သတိပြုမိကြစေရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိသည့် နိုင်ငံရေး အောက်လမ်းနည်းတစ်ခုသာ ဖြစ်သည်။
ယခုကဲ့သို့ ဘဏ်ငွေဓားပြတိုက် လုယက်မှု ကြီးအား ၉ နာရီအတွင်း ဖော်ထုတ်နိုင်ခဲ့ခြင်းမှာ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်သိ ပြည်သူများ၏ စည်းစည်းလုံးလုံးဖြင့် ပူးပေါင်း ဆောင်ရွက်မှု ကောင်းမွန်သည့် ရလဒ်အဖြစ် ၎င်းတို့၏ ရည်ရွယ်လုပ်ဆောင်မှုများအပေါ် ချေဖျက် နိုင်ခဲ့သည့် ပြယုဂ်တစ်ခုလည်း ဖြစ်စေခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လွတ်မြောက်ဆဲ ဓားပြတရားခံ များကိုလည်း အမြန်ဆုံးဖမ်းဆီးရမိရေး ကြိုးပမ်း လျက်ရှိပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက် ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင် ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည် ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါ ကြောင်း အသိပေးသတင်းထုတ်ပြန်ထားသည်။
သတင်းစဉ်