
ပဲခူး စက်တင်ဘာ ၁၆
စက်တင်ဘာ ၁၃ ရက်က ဖြစ်ပွားခဲ့သည့် ပဲခူးမြို့ ဧရာဝတီဘဏ် ငွေသယ်ယာဉ် လုယက်မှုဖြစ်စဉ်၌ ပြစ်မှု ကျူးလွန်သူ တရားခံများအား ၉ နာရီအတွင်း ကြိုးပမ်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များ အား ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ပဲခူးမြို့ မြို့တော်ခန်းမ၌ ယမန်နေ့ ည ၇ နာရီ က ကျင်းပသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့ ဧရာဝတီဘဏ် ငွေသယ် ယာဉ်လုယက်မှုဖြစ်စဉ်၌ ပြစ်မှုကျူးလွန်သူများအား ၉ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် စွမ်းစွမ်းတမံ ဝိုင်းဝန်းကြိုးပမ်း ပူးပေါင်းဆောင်ရွက် ခဲ့ကြသည့် တပ်မတော်သားများ၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ အား ဂုဏ်ပြုအမှာစကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြစ်မှု ကျူးလွန်သူ တရားခံများအား အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီး ဆောင်ရွက်နိုင်ခဲ့သည့် တပ်မတော် သားများအတွက် ဂုဏ်ပြုဆုငွေကျပ် ၄၅ သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ တောင်ပိုင်း တိုင်းစစ်ဌာနချုပ်၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ ဝင်များအတွက် ဂုဏ်ပြုဆုငွေကျပ်သိန်း ၂၀ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို လည်းကောင်း၊ တောင်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ထိန်ဝင်း က ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ အတွက် ဂုဏ်ပြုဆုငွေကျပ် ၃၅ သိန်းနှင့် ဂုဏ်ပြု မှတ်တမ်းလွှာကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ဂုဏ်ပြုခံတပ်ဖွဲ့ဝင်များကိုယ်စား ပဲခူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး တင်ထွဋ်က ကျေးဇူးတင်စကား ပြောကြားသည်။
စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက ပဲခူးမြို့ ဧရာဝတီဘဏ်ခွဲ(၁)မှ ငွေကျပ် ၄ ဘီလီယံခန့်အား ရန်ကုန်မြို့သို့ သယ်ဆောင်စဉ် ပဲခူးမြို့နယ် ဘူးလယ် အင်းကျေးရွာအုပ်စု ရန်ကုန် - မန္တလေး ကားလမ်း ဟောင်း မိုင်တိုင်အမှတ်(၂၅/၅)သို့ ရောက်ရှိစဉ် PDF အကြမ်းဖက်အဖွဲ့ဝင်များ၏ လုယက်ခြင်းခံခဲ့ရ ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စွမ်းစွမ်းတမံကြိုးပမ်း ဖော်ထုတ်မှု၊ တာဝန်သိပြည်သူများ၏ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုတို့ကြောင့် ၉ နာရီအတွင်း ပြစ်မှု ကျူးလွန်သူတရားခံများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့သဖြင့် အဆိုပါဖမ်းဆီး ဆောင်ရွက်မှု တွင် စွမ်းစွမ်းတမံ ကြိုးပမ်းပါဝင်ဆောင်ရွက်ခဲ့ သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုညစာစားပွဲ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်