ပဲခူးဒေသမှထွက်ရှိသည့် ကြက်၊ ဘဲ၊ ဝက်၊ ကြက်ဥ၊ ဘဲဥ၊ ငါးများအား မြန်မာနိုင်ငံ၏ သားငါးဈေးကွက်သို့ အဓိကထောက်ပံ့ပေးနေ

ပဲခူး    ဩဂုတ်   ၈


ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည်  ဩဂုတ် ၆ ရက် မွန်းလွဲပိုင်းက ပဲခူးမြို့ ပြည်ပစက်မှုဇုန် နယ်မြေတွင်  တည်ဆောက်ထားသည့်  Myanmar New Hope Farms Co., Ltd.  ၏ တိရစ္ဆာန်မွေးမြူရေး အစာစပ်စက်ရုံသို့ သွားရောက်ကြည့်ရှုသည်။


စိုက်ပျိုးရေးနှင့် မွေးမြူရေးအဓိကထား


ထို့နောက်  တိုင်းဒေသကြီး  ဝန်ကြီးချုပ်က  ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေး  ကို  အဓိကထားဆောင်ရွက်သည့်  တိုင်းဒေသကြီး တစ်ခုဖြစ်သည့်အတွက်  စိုက်ပျိုးရေးလုပ်ကိုင်သူနှင့် မွေးမြူရေးလုပ်ကိုင်သူတို့၏ အခက်အခဲများသည် မဖြစ်မနေ  ဖြေရှင်းပေးရမည့်  တာဝန်ရှိကြောင်း၊ ပဲခူးဒေသမှထွက်ရှိသည့် ကြက်၊ ဘဲ၊ ဝက်၊ ကြက်ဥ၊ ဘဲဥ၊ ငါးတို့သည် မြန်မာနိုင်ငံ၏ သားငါးဈေးကွက်ကို အဓိကထောက်ပံ့ပေးနေရပြီး     တိရစ္ဆာန်အစာများ ဈေးနှုန်းကြီးမြင့်ပါက  သားငါး၊  ကြက်ဥ၊ ဘဲဥတို့ ဈေးနှုန်းကြီးမြင့်နိုင်မည်ဖြစ်၍ အခြေခံလူတန်းစား များအတွက်  စားဝတ်နေရေး   အခက်အခဲဖြစ်ပေါ် နိုင်ကြောင်း ပြောကြားသည်။
ယင်းနောက်   တိုင်းဒေသကြီးဝန်ကြီးချုပ်၊  တိုင်းဒေသကြီးဝန်ကြီးများနှင့်  Myanmar New Hope Farms Co., Ltd မှ   တာဝန်ရှိသူများသည် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။


ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  အင်းတကော်မြို့ လသာအေးကျေးရွာရှိ ဦးစိုးနိုင်ဝင်း၏ ဥစားကြက်ကောင်ရေ ၂၅၀၀၀ မွေးမြူ ထားသည့် မွေးမြူရေးခြံနှင့် ဥစားကြက်သားပေါက် ကောင်ရေ ၁၀၀၀၀ ပြုစုစောင့်ရှောက်နေမှု   အခြေ အနေတို့ကို   သွားရောက်ကြည့်ရှုပြီး  မျိုးကောင်း မျိုးသန့်ရရှိရေး၊  သဘာဝပတ်ဝန်းကျင်  ထိခိုက်မှု မရှိစေရေးနှင့်    ကြက်စာအတွက်    လိုအပ်သော ကုန်ကြမ်းပစ္စည်းများ  လွယ်ကူစွာရရှိစေရေး  ဌာန ဆိုင်ရာများနှင့်  ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

 


တင်စိုး (ပဲခူး)