
နေပြည်တော် စက်တင်ဘာ ၁၄
ရန်ကုန်မြို့ ဧရာဝတီဘဏ်ရုံးချုပ် မှ ဦးမင်းမင်းဦး၊ ကြီးကြပ်ရေးမှူး ဦးစီး၍ ယာဉ်မောင်း ဦးစောနီကို လတ်တို့ နှစ်ဦးသည် Toyota Hiace ယာဉ်အမှတ် 6J-7941 ဖြင့် လည်းကောင်း၊ ရုံးအကူ ဦးဝင်းလွင်မြင့်၊ လုံခြုံရေး ချစ်စမ်းမောင်နှင့် ယာဉ်မောင်း မျိုးကျော်သူတို့ သုံးဦးသည် Toyota Hiace ယာဉ်အမှတ် 1P-2919 ဖြင့် လည်းကောင်း စက်တင်ဘာ ၁၃ ရက်တွင် ပဲခူးမြို့ ဧရာဝတီဘဏ်ခွဲ(၁)မှ ငွေကျပ် ၄ ဘီလီယံအား ယာဉ်နှစ်စီးပေါ်သို့ ခွဲဝေတင်ဆောင်ခဲ့ပြီး ပဲခူးမြို့မှ ရန်ကုန်မြို့သို့ မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ တွင် ပြန်လည်ထွက်ခွာ ခဲ့ရာ ပဲခူးမြို့နယ် ဘူးလယ်အင်း ကျေးရွာအုပ်စု ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် (၂၅/၅) နေရာသို့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ရောက်ရှိစဉ် ယာဉ်ထိန်းရဲဝတ်စုံ ဝတ်ဆင်ထား သူ တစ်ဦး၊ ရဲတပ်ဖွဲ့ဝတ်စုံ ဝတ်ဆင်၍ (အမျိုးအစားစိစစ် ဆဲ) လက်နက်ငယ် နှစ်လက် ကိုင်ဆောင်ထားသူ နှစ်ဦးနှင့် အရပ်ဝတ် ဝတ်ဆင်ထားသူ လေးဦး၊ ပေါင်း ခုနစ်ဦးတို့က ယာဉ် နှစ်စီးအား တားဆီးကာ ဘဏ်ဝန်ထမ်း ငါးဦး၏ ပါးစပ်၊ မျက်စိ၊ လက်တို့အား တိပ်အမည်း ဖြင့် ချည်နှောင်ပြီး ယာဉ်ပေါ် ပါ ငွေများနှင့် ဝန်ထမ်းများ၏ ဖုန်း သုံးလုံးအား တရားခံများ စီးနင်းလာသည့် Hijet ယာဉ်ပေါ် သို့ ရွှေ့ပြောင်းတင်ဆောင်ကာ မောင်းနှင် ထွက်ပြေးသွားခဲ့သည်။
အဆိုပါဖြစ်စဉ်အားဧရာဝတီ ဘဏ် တာဝန်ရှိသူများက မွန်းလွဲ ၂ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင် များသို့ အသိပေး အကြောင်းကြား ခဲ့ရာ တရားခံများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် အပူတပြင်း စုံစမ်းစစ်ဆေးခြင်း၊ သဲလွန်စ ရှာဖွေဖော်ထုတ်ခြင်း အား တက်ကြွစွာ အချိန်မဆိုင်းဘဲ ဆောင်ရွက်ခဲ့ရာ ဖြစ်စဉ်သိရသည့် အချိန်မှ ၅ နာရီအတွင်း ဘဏ်ငွေ ဓားပြတိုက်ရာတွင် အသုံးပြုခဲ့ သည့် ယူနီဖောင်းများအား ပေးအပ်ခဲ့သူ ဆက်စပ်တရားခံ မြင့်မြင့်နိုင် (ဘ) ဦးလှသိန်း အား ည ၇ နာရီတွင် ပဲခူးမြို့ မဇင်း ရပ်ကွက် မဟာစေတီ တိုက်တန်း တွင် ဖမ်းဆီးရမိခဲ့သည်။
ပိတ်ဆို့ရှာဖွေဖမ်းဆီး
တရားခံ မြင့်မြင့်နိုင်၏ ထွက်ဆိုချက်အရ ည ၁၀ နာရီ တွင် မဟာစေတီ တိုက်တန်း၊ ၁၀/(က-၃)၊ ဥမ္မာ (ဘ) ဦးချစ်ဟန် ၏ နေအိမ်တွင် မသင်္ကာဖွယ် အမျိုးသားများ ရောက်ရှိနေ ကြောင်း ဖော်ထုတ်ရရှိသဖြင့် ပိတ်ဆို့ရှာဖွေ ဖမ်းဆီးခဲ့ရာ ဥမ္မာ နှင့်အတူ ဘဏ်ငွေ လုယက်သူ များဖြစ်သည့် ရန်လင်းထွေး(ဘ) ဦးဇော်ဇော်၊ အောင်ပြည့်ခန့် (ဘ) ဦးသက်နိုင်နှင့် ဘုန်းခန့်ကို (ဘ) ဦးသန်းဌေးတို့အား M-79 ဗုံး ပစ် လောင်ချာ တစ်လက်၊ ငွေကျပ် သိန်း ၇၀၀ ခန့်နှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်တရားခံ စည်သူ ဖြိုးမှာ တိမ်းရှောင်လျက်ရှိ ကြောင်း သိရှိရသည်။
တရားခံများ၏ ထွက်ဆိုချက် အရ ည ၁၀ နာရီခွဲတွင် ဓားပြ တိုက်ဖြစ်စဉ်ပါ လက်နက်/ခဲယမ်း နှင့် ငွေကြေးများအား ဥဿာ မြို့သစ် ရပ်ကွက်ကြီး ၈ ရှိ “ဓမ္မ ဒူတ” သီလရှင်ကျောင်းတိုက် တွင် အပ်နှံထားကြောင်း သိရှိရ သဖြင့် ဆက်လက်ရှာဖွေခဲ့ရာ ကျောင်းတိုက်တွင် ဒေါ်ဥပ္ပသမာ နှင့် ဒေါ်ဓမ္မစာရီတို့ နှစ်ဦးအား တွေ့ရှိရပြီး ၎င်းတို့ထံ အပ်နှံထား သော AK-47 သေနတ် နှစ်လက်၊ ၎င်းကျည်အိမ် လေးခု၊ ၎င်းကျည် တောင့် ၂၂၀၊ MK-12 သေနတ် ခြောက်လက်၊ ၎င်းကျည်အိမ် တို/ရှည် ၁၂ ခု၊ ဆက်စပ်ပစ္စည်း ခြောက်စုံ၊ ငွေစက္ကူထည့်ထား သော ဆာလာအိတ် ၁၄ ထုပ်၊ ဆာလာအိတ် အပိုင်း(၂)ပိုင်း၊ ပလတ်စတစ်အနက်ရောင်အထုပ် သေး ကိုးထုပ်တို့အား ဆွမ်းစား ဆောင်အတွင်းမှ သိမ်းဆည်းရမိခဲ့ သည်။
ဆက်လက်၍ တရားခံများ၏ ထွက်ဆိုချက်အရ ည ၁၁ နာရီခွဲ တွင် မဇင်းရပ်ကွက် ဘူတာလမ်း ရှိ နေအိမ်တွင် ဆက်စပ်တရားခံ ကုလားကြီးအား သွားရောက် ဖမ်းဆီးခဲ့ရာ တရားခံမှာ တိမ်း ရှောင်လျက်ရှိပြီး ၎င်းနေအိမ်မှ ဖောက်ခွဲရေးတွင် အသုံးပြုမည့် ကီးပက်ဖုန်း ၁၀ လုံး၊ လက်လုပ် မိုင်း ပြုလုပ်သော ဆက်စပ်ပစ္စည်း များနှင့် ၁၀၀၀၀ တန် ငွေစက္ကူ ၁၇ အုပ် အား သိမ်းဆည်းရမိ ခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ ကျား သုံးဦး၊ မ လေးဦး စုစုပေါင်း ခုနစ်ဦး၊ M-79 ဗုံးပစ် လောင်ချာ တစ်လက်၊ AK-47 သေနတ် နှစ်လက်၊ ၎င်းကျည်အိမ် လေးခု၊ ၎င်းကျည်တောင့် ၂၂၀၊ MK-12 သေနတ် ခြောက်လက်၊ ၎င်းကျည် အိမ်မျိုးစုံ ၁၂ ခု၊ အခြား ဆက်စပ်ပစ္စည်းများနှင့် ဓားပြ တိုက်ရာတွင် ယူဆောင်သွားခဲ့ သော ငွေများအား သက်ဆိုင် ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ မဆုတ် မနစ် ကြိုးပမ်းဖော်ထုတ်ခြင်း၊ တာဝန်သိ ပြည်သူအချို့ကလည်း မိမိအသက်အန္တရာယ်မငဲ့ကွက်ဘဲ အချိန်နှင့်တစ်ပြေးညီ သတင်း ပို့ခြင်းတို့ကြောင့် ကျပ်ငွေသိန်း လေးသောင်းခန့်အား ဓားပြတိုက် လုယက်ယူဆောင်ခဲ့သည့် ဖြစ်စဉ် တစ်ခုလုံးကို ၉ နာရီအတွင်း လုယက်ခံရသည့် ဘဏ်ငွေများ နှင့် အခြားဆက်စပ် လက်နက် များကိုပါ ဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ ရာဇဝတ်မှုကြီး အား မဆုတ်မနစ်သော ဇွဲလုံ့လ တို့ဖြင့် အချိန်တိုအတွင်း ဖော်ထုတ် ဖမ်းဆီးပေးကြသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် ပဲခူးမြို့နှင့် ပတ်ဝန်းကျင်ရှိ ပြည်သူလူထုတို့က မြို့ရွာလုံခြုံ ရေးတို့အတွက် ယခင်ကထက် အားကိုးယုံကြည်မှု ပိုမိုတိုးတက် လာကြောင်းလည်း သိရှိရ ပါသည်။
PDF အကြမ်းဖက်အဖွဲ့ဝင်များ
ဓားပြတိုက်သည့် ဖြစ်စဉ် အား ပဲခူး PDF အကြမ်းဖက်အဖွဲ့ မြို့နယ်တာဝန်ခံ မျိုးကိုက စီစဉ် ဆောင်ရွက်ခဲ့ကြောင်း၊ ဖမ်းဆီးရမိ တရားခံများမှာ PDF အကြမ်း ဖက်အဖွဲ့ဝင်များဖြစ်ပြီး တရားခံ အောင်ပြည့်ခန့်မှာ ဧရာဝတီ ဘဏ်၊ ပဲခူးဘဏ်ခွဲမှ CDM ပြုလုပ် လျက်ရှိသော ရုံးအကူဝန်ထမ်း ဖြစ်ကြောင်း သိရှိရသည်။
ယခုဘဏ်ငွေ ဓားပြတိုက် လုယက်မှုဖြစ်စဉ်နှင့် NUG အကြမ်းဖက်အဖွဲ့မှ D-Day ကြေညာခြင်းအပါအဝင် အခြား သော အကြမ်းဖက်လုပ်ရပ်များ ယခုရက်ပိုင်းအတွင်း ပိုမိုလုပ် ဆောင်လာနေခြင်းသည် စက် တင်ဘာလ ၁၄ ရက်တွင် စတင် ကျင်းပမည့် ကမ္ဘာ့ကုလသမဂ္ဂ၏ (၇၆) ကြိမ်မြောက် အထွေထွေ ညီလာခံနှင့် တိုက်ဆိုင်လျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း နိုင်ငံရေး၊ စီးပွား ရေးနှင့် လုံခြုံရေးဆိုင်ရာများ စသည့် အထွေထွေတည်ငြိမ်မှု မရှိကြောင်း အစည်းအဝေးသို့ တက်ရောက်လာသည့် နိုင်ငံ့ ခေါင်းဆောင်များက သတိပြုမိ ကြစေရန် ရည်ရွယ်လုပ်ဆောင် လျက်ရှိသည့် နိုင်ငံရေး အောက် လမ်းနည်းတစ်ခုသာ ဖြစ်သည်။
ယခုကဲ့သို့ ဘဏ်ငွေ ဓားပြ တိုက် လုယက်မှုကြီးအား ၉ နာရီ အတွင်း ဖော်ထုတ်နိုင်ခဲ့ခြင်းမှာ သက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင် များနှင့် တာဝန်သိ ပြည်သူများ၏ စည်းစည်းလုံးလုံးဖြင့် ပူးပေါင်း ဆောင်ရွက်မှု ကောင်းမွန်သည့် ရလဒ်အဖြစ် ၎င်းတို့၏ ရည်ရွယ် လုပ်ဆောင်မှုများအပေါ် ချေဖျက် နိုင်ခဲ့သည့် ပြယုဂ်တစ်ခုလည်း ဖြစ်စေခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိတရားခံ များအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
လွတ်မြောက်ဆဲ ဓားပြတရားခံများကိုလည်း အမြန်ဆုံးဖမ်းဆီးရမိရေး ကြိုးပမ်းလျက်ရှိပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူ တစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြ ရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာ များ၊ လှုပ်ရှားသွားလာ နေထိုင်မှု သတင်းများရရှိ ပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေး အတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ် ပါကြောင်း အသိပေး သတင်းထုတ်ပြန်ထား သည်။ သတင်းစဉ်