ပွဲခါညောင်ရေ သွန်းမြဲပေတည့်

ပွဲခါညောင်ရေ သွန်းမြဲပေတည့်
 

 v    ဖွားပွင့်ဟောစံ မှတ်ရန်  ကဆုန်
    လပြည့်ကြုံသား မြတ်ဘုရား၏
    ထူးခြားပါပေ သံဝေဇနိယ
    လေးဌာနမှ ဗုဒ္ဓပွင့်ရာ
    ညောင်ပင်သာကို အေးရာအေးကြောင်း
    သွန်းလောင်းသမှု ပြုကြအစုံ
    ဤကဆုန်တည်း။
v    မြေသင်းရနံ့ သင်းပျံ့ထုံမွှေး
    လေညင်းသွေးလျှင် မင်းလွင်ကမြူး
    သည်တန်ခူးကုန် လ  ကဆုန်ဝယ်
    လွမ်းဖွယ်သာမော သည်တောသည်တောင်
    လျှိုမြောင်စိမ့်စမ်း အံ့မခန်းသား
    ဖမ်းစားစိတ်ကို အလွမ်းပိုသည်
    ပင်ကိုအလှ  ကဆုန်လ။
v    စကားထုံသင်း တုလွတ်ကင်းစွာ
    ငှက်ပေါင်းသာသို့ တိမ်ဝါတစ်ဖုံ
    ဂဠုန်လိုဝဲ ကောင်းကင်ထဲ၌
    ဆင်မြဲရောင်စုံ လှမျိုးကုန်အောင်
    သာလွန်ပေစွ  ကဆုန်လ။
v    ဤလ  ကဆုန် ဖွဲ့မကုန်သည်
    လုံးစုံသာမော တောနှင့်တောင်စွယ်
    ခက်ချင်းနွယ်သည့် ဘယ်ဝယ်အရေး
    အပူအေးဖို့ သွန်းပေးလျက်သာ
    ဖော်သဟာတို့ ပျော်ဖို့အမြဲ
    ပွဲခါညောင်ရေ သွန်းမြဲပေတည့်
    များထွေလူများ မှတ်ယူသွားလော့။
v    ပရိဘောဂစေတီ ထိုက်သည်အစဉ်
    ဤညောင်ပင်ကို ထာဝစဉ်ရှင်သန်
    ရှိရန်အရေး မျှော်တွေးစုပေါင်း
    သွန်းလောင်းညောင်ရေ ခေါ်ကြပေသည်
    ညောင်ရေသွန်းသည့်  ဤပွဲတော်။

               ဘိုမျိုး(ရွှေဘို)
       ပခုက္ကူဦးအုံးဖေစာမူဆုရ