
ဇေယျာနွယ်(အောင်လံ)
မြန်မာတို့သည် ဆယ့်နှစ်လရာသီခွင်ကို လအလိုက် ပိုင်းခြားပြဆိုထားပြီးနောက် နွေ၊ မိုး၊ ဆောင်း ဟူ သည့် ဥတုသုံးလီ၊ ရတုခြောက်ပါးကို ခွဲခြားထား ကြပြန်သည်။ မြန်မာတို့၏ နွေ၊ မိုး၊ ဆောင်း ရာသီ ပြောင်းသည်မှာ နက္ခတ်အလိုက် တွက်ချက်ခြင်း ဖြစ်ပါ၏။
သိပ္ပံပညာရှင်များကမူ ကမ္ဘာသည် လုံးဝန်း၏။ အကယ်၍သာ ကမ္ဘာသည် ၂၃ ၁/၂ ဒီဂရီတိမ်းစောင်း မနေပါဘဲ တည့်တည့်မတ်မတ်ထောင်လျက် တစ်နေ့ တစ်ပတ် လည်နေမည်ဆိုလျှင် နွေ၊ မိုး၊ ဆောင်း ဟူ သည့် ရာသီဥတုသုံးမျိုး ပေါ်ပေါက်လာမည်မဟုတ် ပေ။ အကယ်၍ ကမ္ဘာကြီးသာစောင်းမနေခဲ့ပါလျှင် အီကွေတာ တောင်အရပ်သည် အစဉ်သဖြင့် နွေ ကာလဖြစ်နေကာ ကမ္ဘာ၏မြောက်ပိုင်းနှင့် တောင် ပိုင်းသည် အစဉ်ထာဝရ ဆောင်းရာသီဖြစ်နေကြ လိမ့်မည်။ နေ့တာ၊ ညတာတို့သည် အစဉ်တူညီ နေပေမည်။ ကမ္ဘာသည်မည်သည့်နေရာတွင်မှ နွေ၊ မိုး၊ ဆောင်းဟူ၍ ရာသီဥတုပြောင်းလဲမည်မဟုတ်ဟု ဖွင့်ဆိုထားကြသည်။
ဥတုသုံးလီ
(၁) ဂိမှာနဥတု(နွေ) တပို့တွဲလဆုတ် ၁၀
ရက်မှ ဦးတန်ခူးလဆန်း ၁၂ ရက်
(၂) ဝဿာနဥတု(မိုး) နယုန်လဆန်း ၅ ရက်မှ သီတင်းကျွတ်လဆုတ် ၁၁ ရက်
(၃) ဟေမန္တဥတု(ဆောင်း) သီတင်းကျွတ် လဆုတ် ၁၁ ရက်မှ တပို့တွဲလဆုတ် ၁၁ ရက်
ရတုခြောက်ပါး
(၁) ဂိမှရတု - တန်ခူးလဆုတ် ၁ ရက်မှ နယုန် လဆုတ် ၅ ရက်အထိ
(၂) ဝဿာနရတု - နယုန်လဆုတ် ၅ ရက်မှ ဝါခေါင်လဆုတ် ၉ ရက်အထိ
(၃) သရဒရတု - ဝါခေါင်လဆုတ် ၉ ရက်မှ သီတင်းကျွတ်လဆုတ် ၁၁ ရက်အထိ
(၄) ဟေမန္တရတု - သီတင်းကျွတ်လဆုတ် ၁၁ ရက်မှ နတ်တော်လဆုတ် ၁၁ ရက်အထိ
(၅) သိသိရရတု - နတ်တော်လဆုတ် ၁၁ ရက်မှ တပို့တွဲလဆုတ် ၁၁ ရက်အထိ
(၆) ဝသန္တရတု - တပို့တွဲလဆုတ် ၁၁ ရက်မှ ၁၃၈၂ ခု ဦးတန်ခူး လဆုတ် ၁၂ ရက်အထိ
ဆရာမင်းသုဝဏ်က ရတုခြောက်ပါးကို ဖော်ပြ သည့် ရတုကဗျာကို အောက်ပါအတိုင်း ဖွဲ့ဆိုထား သည်ကို မှတ်သားရပါသည်။
ဝါဆို ဝါခေါင် ဝဿာန၊
အနောက်တောင်က မိုးသက်ကျ။
တော်သလင်း သီတင်းကျွတ် သရဒ၊
ယင်းမာကတောက် ကြာပန်းလှ။
တန်ဆောင်မုန်း နတ်တော် ဟေမန္တ၊
မြောက်လေပြန်၍ ဆီးနှင်းကျ။
ပြာသို တပို့တွဲ သိသိရ၊
ခွာညိုပေါက်လဲ ဖူးပွင့်ကြ။
တပေါင်း တန်ခူး ဝသန္တ၊
ဥဩတွန်၍ တောင်လေကျ။
ကဆုန် နယုန် ဂိမှာန၊
မိုးခြိမ်းသံနှင့် လျှပ်ရောင်ပြ။
ရတုခြောက်ပါး ဆယ့်နှစ်လ၊
အခါလည်က ပြန်၍စ။
ရာသီမသိ ပန်းနှင့်ညှိ
သဘာဝအတိုင်း ရာသီနက္ခတ်တို့ ပြောင်းလဲ သည့်အတိုင်း ဖူးပွင့်ကြသည့် ပန်းပွင့်များကို ကြည့် ၍ ရှေးမြန်မာကြီးများက လအမည်ကို အမှတ်သညာ ပြုခဲ့ကြသည်။ ယင်းကဲ့သို့ ရာသီမသိ၊ ပန်းနှင့်ညှိရန် စာဆိုရှင် ကင်းဝန်မင်းကြီးက မြန်မာ့ဓလေ့ရိုးရာ အယူအဆ ဖူးပွင့်ကြသည့်ပန်းများကို လအလိုက် ညွှန်ပြ၍ လေးချိုးကဗျာဖြင့် သီကုံးခဲ့သည်။
“ပန်းကံ့ကော်၊ ရွှေစကား၊ ငွေသားနုစပယ်မှန်၊ မြတ်လေးခတ္တာနှင့်၊ ရွှေယင်းမာကြာခဝဲ၊ ဖွဲစနှင်းလျှံ၊ သဇင်ကျန်၊ ခွာတံပေါက်လဲ၊ ပွင့်ဝတ်မှုန်၊ ရွှေဖီဆင်း၊ သင်းထုံနံ့ကဲ”
တန်ခူး(မိဿရာသီ) ကံ့ကော်ပန်း။
ကဆုန်လ(ပြိဿရာသီ) စံကားပန်း။
နယုန်လ(မေထုန်ရာသီ) စံပယ်ပန်း။
ဝါဆိုလ(ကရကဋ်ရာသီ) မြတ်လေးပန်း။
ဝါခေါင်လ(သိဟ်ရာသီ) ခတ္တာပန်း။
တော်သလင်းလ(ကန်ရာသီ) ရင်းမာပန်း။
သီတင်းကျွတ်လ(တူရာသီ) ကြာပန်း။
တန်ဆောင်မုန်းလ(ဗြိစ္ဆာရာသီ) ခဝဲပန်း။
နတ်တော်လ(ဓနုရာသီ) သဇင်ပန်း။
ပြာသိုလ(မကာရရာသီ) ခွာညိုပန်း။
တပို့တွဲလ(ကုံရာသီ) ပေါက်လဲပန်း။
တပေါင်းလ(မိန်ရာသီ) သရဖီပန်းတို့ အသီးသီး
ရာသီအလိုက် ဖူးပွင့်ကြသည်ဟု အဓိပ္ပာယ်ရသည်။
စံကားပွင့်စုံ လကဆုန်
စံကားပန်းကို ရှေးအခါက မြန်မာစာပေအဖွဲ့တွင် စကားပန်းဟု ရေးခဲ့ကြ၏။
“ပုပ္ပားနတ်တောင်၊ အခေါင်မြင့်ဖျား
စုံတောပြားဝယ်၊ နံ့ရှားကြိုင်လွင့်
ခါတန်ပွင့်သည်၊ ရွှေနှင့်ယိုးမှား ပန်းစကား…” ဟူသည့် ကဗျာသည် ပုဂံခေတ်ကပေါ်ပေါက်ခဲ့သော မြန်မာကဗျာဟု ပုဂံဝန်ထောက် ဦးတင်က ပြဆို သည်။
ကင်းဝန်မင်းကြီး၏ ဆယ့်နှစ်လရာသီအိုင်ချင်း၌ ကဆုန်လ၏ ရာသီအခေါ်အဝေါ်၊ ရာသီပန်းနှင့် ရာသီ ရုပ်၊ ရာသီပွဲတော်တို့ကို တိုတိုရှင်းရှင်းနှင့် ဖွဲ့ဆို ထားရှိရာကို မှတ်သားထားသင့်သည်။
“ပြိဿကဆုန်၊ မြူးခုန်နွားနှင့်
စံကားပွင့်လို့၊ ခါသင့်ချိန်ခါ
ညောင်ရေတော်ပွဲ၊ ထွန်းမြဲဝိသာခါ ”
ကဆုန်လသည် ဗုဒ္ဓဘာသာဝင်များအဖို့ မမေ့ အပ်သည့် ပူဇော်ထိုက်သော ဗုဒ္ဓနေ့ထူးနေ့မြတ်ဖြစ် ကြောင်း ဖော်ပြထားခြင်းဖြစ်သည်။
တစ်ဆယ့်နှစ်လ မိုးလင်္ကာ
ရှေးမြန်မာကြီးများသည် ဆယ့်နှစ်လရာသီ တစ်နှစ်ပတ်လုံး “ဆယ့်နှစ်လမိုး” ရွာသွန်းပုံကို ရေးဖွဲ့ထားသည့် ကဗျာလင်္ကာမှာ ရေးသူကိုမသိ၊ ပိုင်ရှင်မရှိသော်လည်း မြန်မာတို့၏ ခေါင်းထဲတွင် မမေ့မလျော့ ကိန်းအောင်းလျက်ရှိပါသည်။ မုံရွေး ဇေတဝန်ဆရာတော်၏ မှတ်စုစာအုပ်ကို ကိုးကား ၍ အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။
(က) တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး။
(ခ) ကဆုန်အတွင်း၊ မြေသင်းပျံ့ပျံ့၊ မိုးနှံ့နှံ့။
(ဂ) နယုန်မိုးသေး၊ မြက်သားမွေး။
(ဃ) ဝါဆိုလပြောင်း၊ မိချောင်းဖွေးဖွေး၊ မိုးအေးအေး။
(င) ဝါခေါင်တစ်ကြောင်း၊ ထနောင်းကြောင်ကျစ်၊
ဆူးရစ်ပွင့်ခါ မိုးမရွာ၊ ရွာပါသော်လည်း မိုး
မသည်း။
(စ) တော်သလင်းတိမ်ညို၊ စဖိုသည်ဆင်းရဲ၊ မိုးမစဲ။
(ဆ) သီတင်းကျွတ်တွင်၊ ပလ္လင်ဆေးမိုး၊ ရွာသွန်း
ဖြိုး။
(ဇ) တန်ဆောင်မုန်းတွင်၊ ဆီးနှင်းတစ်ဖြိုက်၊ မိုး
တလိုက်။
(ဈ) နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာ
တိမ်။
(ည) ပြာသိုချမ်းပြင်း၊ မိုးညှင်းညှင်း၊ ဆီးနှင်းရော
ယှက်၊ နှမ်းပုံဖျက်။
(ဋ) တပို့တွဲ၊ နွှဲ၍ရွာခြင်း၊ သန်မိုးကြွင်း။
(ဌ) တပေါင်းလည်းကူး၊ မိုးသားကြူး။ ။
ကဆုန်အတွင်း မြေသင်းပျံ့ပျံ့မိုးနှံ့နှံ့
ကဆုန်လတွင် နေရာအနှံ့အပြား မိုးရွာသွန်း သော်လည်း မိုးသေးသေးသာရွာ၍ သဲသဲမဲမဲ များများစားစား ရွာနိုင်ခြင်း မရှိသေးပါ။ မိုး၏ ရှေ့ပြေး မိုးဖွဲဖွဲ ရွာသွန်းမှုကြောင့် မြေသင်းနံ့ကလေး များဖြင့် ပျံ့မွှေးနေတတ်ပါသည်။
ကုန်းဘောင်ခေတ် ဉာဏ်ဝန်ကြီးဦးဖြေ၏ ဆယ့်နှစ်ရာသီဖွဲ့လေးချိုးတွင် ကဆုန်မိုးကို
“တောတောင်ငယ်ပတ်ခြံ၊ မြေသင်းပျံ့လည်း
ရနံ့ကြူးကြူး၊ မိုးသားမြူးနှင်
ထွေထူးမျိုးခေါ်၊ စည်ကြီးကြော်လို့
တီးဆော်ညံညံ၊ မိုးပွဲပဲခံတော့” ဟူ၍ ကဆုန်မိုး ကို ဖွဲ့ဆိုထားသည်။
“တန်ခူးရေကုန်၊ ကဆုန်ရေခန်း” ဆိုသည့် အတိုင်း ချောင်းငယ်နှင့် အင်းအိုင်ရေကန်တို့ ခန်းခြောက်သည်။ မြေပြင်နှင့် ဝန်းကျင်တွင် ရာသီ ဥတုက ပူပြင်းလှသည်။
မဟာအတုလမင်းကြီး၏ ကဆုန်လဘွဲ့တွင်
“မြူခြေငယ်စွန်းပါလို့၊ နေဝင်းငယ်စက်ရှိန်
တောက်လောင်ငယ် ထိန်သည်၊
ဖလ်သူရိန်တေဇာကြောင့်
ပူဗျာပါကဲတဲ့လကိုလေး။
ရာသီငယ်ပြိဿ၊ မဟေသီလည်း
ရွှေညီခလို့၊ ပန်းမြစကားဝါ
ဝိသာခါနှင့်၊ တာရာခြံရံ
စန်းငွေယုန်ဖန်သည့်နှယ်၊
ဆဒ္ဒန်ပိုင့်ဘွေဘုံမှာ
လကဆုန်တာရေပွဲပေမို့၊
သဲလှတယ်လေး”ဟု ဖွဲ့ဆိုထားသည်။
မြေပြင်တွင် အပူဒဏ်မခံနိုင်ဘဲ မိုးကိုသာမျှော် နေကြသည်။ မိုးဒေဝါကလည်း ရွာတော့မည့်ဟန်ဖြင့် ကောင်းကင်ပြင်တွင် တဂျိမ်းဂျိမ်းနှင့် မိုးခြိမ်းသံပေး နေသည်။ တိမ်ဖြူတိမ်ပြာတို့ကလည်း ဟိုပြေး သည်ပြေး ရွေ့လျားနေသည်။ တစ်ခါတစ်ရံ လျှပ်ပန်း လျှပ်နွယ်တို့ကလည်း ပြိုးပြိုးပြက်ပြက် ကောင်းကင် ကစုံ မိုးသံပေးလျက်ရှိသည်။
စာဆိုရှင် စုံနံ့သာမြိုင် ဦးကြော့က ကဆုန်နွေလ ၏ မြင်ကွင်းရှုခင်းကို မိုးကောင်းကင်တွင် မိုးရွာမည့် ဟန်နှင့် လမ္မရာစည် ပုစွန်လက်မ စည်များကို တီး၍ မိုးသံပေးနေသည်ဟု ရေးဖွဲ့ထားခဲ့သည်။
“ဟေမန် နွေလှန်လို့ တုံ့ပြန်တော့
ဘွေသဟံ ဝေယန်ဘုံ့ဆီက၊
လေပြန်လှုံ့ဆော်ခဲ့ပြီ။
ပင်ပေါ်ထက် ရော်ရွက်ဝါထိန်ဝေနှင့်
ခါဂိမ္မေ သည်တခေတ်တွင်မှ၊
ညှာလိမ်ကြွေ တမည်လှစ်မည်ကြောင့်
အသစ်ထွေထွေကာစုပါလို့
ပုရစ်ခွေတမာနုမှာကွယ် ကျေးဥစီစီ။
ခင်တန်းလျှိုသပြေပင်က၊
ရွှေသဇင် သုတ်လေနှောပြန်တော့
နေဝင်လျှင် ဘုတ်တွေရောပါလို့၊
အုတ်ရွှေဩရယ်က တွန်သံချီ၊
ဌာနီနှင့်ကွာဝေး။
ဖန်ခါခါ၊ လမ္မရာစည်ဍိဏ္ဍိပေမို့
ဝသန်ဆည်မချိပြီဘူး
ပူမိသည်နော်ရဂုံက
တော်ကဆုန်ညောင်ရေသွန်းချိန်မို့၊
ဖော်မစုံ အောင်မြေကွန်းဆီသို့
လွမ်းလှသေး။
ဆယ့်နှစ်လရာသီပွဲတော်များ
မြန်မာတို့သည် ရွှေထီး၊ ရွှေနန်း၊ ရွှေကြငှန်းနှင့် ဘုန်းမီးနေလတောက်ပခဲ့သည့် ရှေးအခါသမယ ပုဂံခေတ်မတိုင်မီ ကာလကပင် ဗုဒ္ဓဘာသာ အဆုံးအမများနှင့် ရိုးရာဓလေ့ထုံးတမ်းများကို ယှက်နွှယ်၍ တန်ခူးလမှ တပေါင်းလအထိ ရာသီ ပွဲတော်များကို နှစ်စဉ်ကျင်းပခဲ့သည်။
လက်ဝဲသုန္ဒရအမတ်ကြီးက သာဓိနပျို့တွင် စာပေဖြင့် ဆယ့်နှစ်ရာသီပွဲတော်များကို “သင်္ကြန် တာကူး၊ နှစ်ဦးညောင်ရေ၊ စာပုလွေခင်း၊ ပဉ္ဇင်း တော်ခံ၊ စာရေးတံနှင့်၊ မြစ်ယံပွဲကြီး၊ ဆီမီးထွန်းချိန်၊ ကထိန်နတ်ကျင်း၊ မြင်းခင်းထွက်ဝင်၊ သဘင်မီးဖုံး၊ ဂူလုံးသဲပုံ၊ စေ့စုံစီလျဉ်၊ ဤသို့ယှဉ်သား၊ လစဉ်စမြဲ၊ ဆယ့်နှစ်ပွဲ” ဟု မှတ်တမ်းတင်ခဲ့သည်။
ပွဲခါညောင်ရေ သွန်းမြဲပေတည့်
ကဆုန်လအခေါ်အဝေါ်အရ “က”မှာ “ရေ” ဟု အနက်ရသည်။ “ဆုန်”မှာကား သွန်းခြင်း၊ လောင်းခြင်း ဖျန်းခြင်းဟု အနက်အဓိပ္ပာယ်ရသည်။ ထို့ကြောင့် ကဆုန်လသည် ရေသွန်းလ၊ ရေလောင်း လ၊ ရေဖျန်းလ ဟု အဓိပ္ပာယ်ရရှိပါသည်။
ရှေးဟောင်း ပုဂံခေတ်က သက္ကရာဇ် ၄၆၉ တွင် ရေးထိုးသည့် ထီးလှိုင်ရှင်ကျောက်စာမှစ၍ “ကုဆုန်” ဟု ရေးထိုးကြသည်။ “ကုဆုန်” မှ “ကဆုန်”အရေး အသားသို့ ရွေ့လျောသွားသည်။ “ကုဆုန်၊ “ကဆုန် လ” အခေါ်အဝေါ်သည် မြန်မာတို့၏ ညောင်ရေသွန်း ပွဲတော်ကျင်းပခြင်း အစဉ်အလာက လွှမ်းမိုးလာဟန် တူသည်ဟုလည်း မှတ်သားရပါသည်။ ညောင်ရေ သွန်းပွဲတော် ကျင်းပသည်မှာလည်း ပုဂံပြည်သို့ သာသနာတော်ရောက်သည်မှ အစပြုနိုင်ကြောင်း ညွှန်ပြကြသည်။
အင်းဝခေတ် ဆယ့်နှစ်ရာသီဖွဲ့ ကဆုန်လဖွဲ့ကို စာဆိုတော် ဆီသည်ရွာစား ဦးအောင်ကြီး ရေးသား သည့် လူးတားတွင်-
“သာစွလေ၊ ခါနွေသဘင်၊ နှစ်သစ်ဝင်၍၊ ကောင်းကင်သော်တာ၊ ဝိသာခါနှင့်၊ ပြည့်လာအညီ၊ ရာသီပြိဿ၊ အလှကြိုင်မြူး၊ ကွမ်းဖူးစံကား၊ လှိုင်ပျံ့ရှားသည်၊ မိုးသားကျူးစ၊ ကဆုန်လကား၊ လောကထွတ်ထား၊ ဘုရားသခင်၊ ရွှေပလ္လင်ဝယ်၊ ရွှေပင်ရောင်တောက်၊ ညောင်တော်အောက်၌၊ ပေါက်သည်ကိုမူ၊ အကြောင်းယူ၍၊ မဉ္ဇူလှရာ၊ ပန်း တကာကို၊ မြူတာတကောင်း၊ မသင်းတောင်းဝယ်၊ သွန်းလောင်းရေပြည့်၊ ဖြိုးမျှထည့်လျက်၊ ပတ်လည့် ညာကြေ၊ ရှင်တော်မွေကို၊ ရိုသေသဘင်၊ ပွဲကြီး ယင်၍၊ ကြည်လင်သဒ္ဓါ၊ ငြိမ်းကြောင်းရှာသည်၊ အခါ ညောင်ရေသွန်းတည့်လေး၊ ပွင့်လင်းစည်သည်၊ ရွှေပြည်ရွှေဝ နန်းတည့်လေး” ဟု ဖွဲ့ဆိုထားသည်။ ညောင်ရေသွန်းလောင်းသည့် ကဆုန်လ ရာသီ ပွဲတော်မှာ ယနေ့အထိ ပြုလုပ်ကျင်းပဆဲဖြစ်ပါ သည်။
ဗုဒ္ဓဘာသာဝင်များအဖို့ ဆယ့်နှစ်လရာသီတွင် ကဆုန်လကို မွန်မြတ်သောလဟု ယူဆထားကြ၏။ ဗုဒ္ဓမြတ်စွာဘုရားသည် ကဆုန်လ၌ (၁) ဘုရား ဖြစ်ရန် ဆုပန် ဗျာဒိတ်တော်ခံယူရရှိခဲ့ခြင်း၊ (၂) ဖွားမြင်တော်မူခြင်း၊ (၃)ဘုရားအဖြစ်သို့ ရောက် တော်မူခြင်း၊ (၄)ပရိနိဗ္ဗာန် စံတော်မူခြင်းတို့ကြောင့် ကဆုန်လကို မွန်မြတ်သောလဟု ယူဆကြခြင်းဖြစ် ပါသည်။ အတိုကောက်အားဖြင့် “ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နန်းနိဗ္ဗာန်”ဟု လည်းကောင်း၊ “ဆု၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန်ကဆုန်လ” ဟူ၍ လည်းကောင်း ဆိုရိုးစကားပြုထားသည်။
ကဆုန်လရာသီတွင် နွေလယ်နေဖြစ်သည့်နှယ် ပူပြင်းခြောက်သွေ့ပါ၏။ တန်ခူး ရေကုန်၊ ကဆုန် ရေခန်းဟုလည်းကောင်း၊ ကဆုန်၊ နယုန် ဆွေ့ဆွေ့ ခုန် ဟူ၍လည်းကောင်း ဆိုရိုးစကား ရှိသည့်အတိုင်း အလွန်ပူလောင်လှပါသည်။ ကဆုန်လပြည့်နေ့တွင် မြတ်စွာဘုရားသခင်သည် ဗောဓိပင်နှင့် ရွှေပလ္လင် တော်ကို မာရ်နတ်မင်း၏ နှောင့်ယှက်မှုများကြားက အောင်မြင်နိုင်ခဲ့ပြီး သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရရှိခဲ့၍ ဘုရားစင်စစ် ဧကန်ပွင့်တော်မူခဲ့ပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် အထွတ်အမြတ် ထားသည့် ဗောဓိညောင်ရွှေ ဗုဒ္ဓဟေပင်ကြီး ရေလို၍ ညှိုးနွမ်းခြင်းမဖြစ်စေရန် ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ရေသွန်းလောင်းပူဇော်ပွဲကို ကျင်းပရခြင်းဖြစ်သည်။
မင်းနှင့်ပြည်သူတို့ ကျင်းပခဲ့သည့် ညောင်ရေ သဘင်ပွဲတော်ကို နေပြည်တော်မှ အဝေးရောက် နယ်နှင်အပြစ်ဒဏ်ကျခံနေရသည့် မဲဇာဒေသရောက် လက်ဝဲသုန္ဒရအမတ်ကြီးက ဆင်ဖြူရှင် ဘုရင် မင်းမြတ်ထံ “မဲဇာတောင်ခြေ” အစချီရတုဖြင့် အရှင် မင်းမြတ်နှင့် အရှေ့နန်းတည် ရတနာသိင်္ဃမြို့တော် ညောင်ရေသွန်းပွဲတော်တို့ကို တမ်းတသည့် ရတု ပိုဒ်စုံကို ဆက်သခဲ့သည်။
“မဲဇာတောင်ခြေ စီးထွေထွေတည့်
မြစ်ရေဝိုင်းလည် မြိုင်တောဆီက
ရွှေပြည်ကိုသာ၊ တရှာတော့မိ၊
ပွဲခါညောင်ရေ၊ သွန်းမြဲပေတည့်
ရိုသေသဒ္ဒါ၊ ထုံးစဉ်လာဖြင့်
မဲဇာရပ်သူ၊ တောင်းဆုယူသည်
ရွှေဂူတော်နှင့်၊ ရှုတိုင်းတင့်သား၊
ရွှေနန်းရွှေဘုံ၊ အလုံးစုံကို
အာရုံမျက်မြင်၊ ဖူးမြော်ချင်၍
သည်တွင်ရွှေမြို့၊ သည်သို့စေတီ
သည်ဆီရွှေနန်း၊ ဖြောင့်တန်းတော့မည်
စိတ်ကရည်သည် ရွှေပြည်ဌာနဝေးသောကြောင့်” စသည်ဖြင့် ရေးသားခဲ့သည်။ ။
ရည်ညွှန်းကျမ်းများ
** မြန်မာစာညွန့်ပေါင်းကျမ်း၊ ပထမတွဲမှ
သတ္တမတွဲထိ
** ဦးဖိုးလတ် သီချင်းပဒေသာ
** ဦးသော်ဇင် ရာသီသဘင်
** ဦးဖိုးလတ် မြန်မာလအမည်များ
- Log in to post comments