
နေပြည်တော် ဩဂုတ် ၄
ပင်လယ်ရေကြောင်းမှ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုးနှင့် မြေပဲဆန် တင်ပို့ခွင့် လျှောက်ထားခြင်းများအတွက် ပို့ကုန် လိုင်စင်လျှောက်ထားမှု တစ်စောင်ချင်း အပေါ်စိစစ်၍ ထောက်ခံချက် ထုတ်ပေး နိုင်ပါရန် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ ပဲမျိုး စုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းသို့ ညွှန်ကြားထားသဖြင့် တင်ပို့သူများ ထောက်ခံချက် လာရောက်လျှောက်ထား နိုင်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်း နှင့် နှမ်း ကုန်သည်များအသင်းမှ သိရ သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း အမျိုးမျိုးနှင့် မြေပဲဆန်များ ပြည်ပ နိုင်ငံများသို့ တင်ပို့ခြင်းအတွက် ဇူလိုင်လ ဆန်းမှစတင်၍ အမေရိကန်ဒေါ်လာ အသုံးပြုသော ပုံမှန်ကုန်သွယ်မှုနည်း လမ်းဖြင့်သာ ပို့ကုန်လိုင်စင်များအား ခွင့်ပြုထုတ်ပေးလျက်ရှိသည်။ ယင်းသို့ ပို့ကုန်လိုင်စင်များ စိစစ်ထုတ်ပေးရာတွင် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း ကုန်သည်များအသင်း၏ ထောက်ခံချက် ဖြင့်သာ ပို့ကုန်လိုင်စင်ခွင့်ပြု ထုတ်ပေးရန် ကုန်သွယ်ရေး ဦးစီးဌာနသို့ ညွှန်ကြားထား သည်။
ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုးနှင့် မြေပဲဆန်များ ပြည်ပတင်ပို့ရန် ပို့ကုန် လိုင်စင်လျှောက်ထားလိုသည့် အသင်းဝင် ပို့ကုန်ကုမ္ပဏီများအနေဖြင့် အချက် အလက်များအား ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်၍ သတ်မှတ်စာရွက်စာတမ်း များ စနစ်တကျ ပူးတွဲပြုစုကာ အသင်းသို့ တင်ပြလျှောက်ထားရမည်ဖြစ်သည်။
မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း ကုန်သည်များအသင်းမှ သတ်မှတ်ထား သည့် Excel File (MPBMSMA-Export License Endorsement) ပါ အချက် အလက်များကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ထားသည့် Soft Copy File ကို ed@mpbmsma.org သို့ ကြိုတင်ပေးပို့ ထားရန်လိုအပ်ပြီး ကုမ္ပဏီ Letter Head ဖြင့် MPBMSMA ထံ ပြည်ပသို့ တင်ပို့ ရောင်းချနိုင်ရန်အတွက် ပို့ကုန်လိုင်စင် ထုတ်ယူခွင့်ရရှိရေး ထောက်ခံချက်ပြုပေး ပါရန် တင်ပြစာနှင့် ထောက်ခံချက် လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက် စာရွက်စာတမ်းများကို ပူးတွဲတင်ပြရန် လိုအပ်ကြောင်း သိရ သည်။
စည်းကမ်း သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် တင်ပြစာနှင့် အချက် အလက်များဖြင့် ပို့ကုန်လိုင်စင်လျှောက် ထားသည့် ကုမ္ပဏီများအား မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များ အသင်းက ဇူလိုင် ၁၁ ရက်က ကျင်းပသည့် အသင်း၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆွေးနွေးဆုံးဖြတ်ချက်ပါ သတ်မှတ်ချက်များနှင့်အညီ စိစစ်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနထံသို့ ထောက်ခံချက် ထုတ်ပေးမည်ဖြစ်သည်။
ထို့နောက် ကုန်သွယ်ရေးဦးစီးဌာန၏ Myanmar Trade Net 2.0 (https://myanmartrade net.com) သို့ ဝင်ရောက် ၍ လုပ်ငန်းရှင်များသည် မိမိတို့ လျှောက်ထားလိုသည့် ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုးနှင့် မြေပဲဆန်တို့နှင့် သက်ဆိုင်သည့် အချက်အလက်များ ပြည့်စုံစွာဖြည့်စွက်ကာ အသင်း၏ ထောက်ခံချက်နှင့်အတူ ဆက်လက် လျှောက်ထားရန် လိုအပ်ကြောင်း သိရ သည်။
လျှောက်ထားသည့် ပို့ကုန်ကုမ္ပဏီ များအနေဖြင့် ဖြည့်စွက်သည့် အချက် အလက်များ မပြည့်စုံခြင်း၊ အသင်းမှ ဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စည်းကမ်းချက်များကို လိုက်နာရန် အကန့်အသတ်ရှိသည့် ပို့ကုန် ကုမ္ပဏီများ ဖြစ်/မဖြစ် အသင်းက စိစစ် နေခြင်းတို့ကြောင့် ပို့ကုန် လိုင်စင်များရရှိမှု ကြန့်ကြာနိုင်ခြင်းကြောင့် ပို့ကုန်လိုင်စင် မရရှိခင် သင်္ဘောတင်ခြင်းမပြုရန်လည်း လိုအပ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်း နှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။
ကိုရိုး