
နေပြည်တော် ဩဂုတ် ၁၆
“Online မူလတန်းကြို ပညာရေးအစီအစဉ်” ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် Virtual ဖြင့် ကျင်းပရာ အစည်းအဝေး သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးများနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံများ တက်ရောက်ကြသည်။
ညှိနှိုင်းဆောင်ရွက်
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကူးစက်ရောဂါ မြန်မာနိုင်ငံတွင် စတင်ပျံ့နှံ့ခဲ့သည့် အချိန်မှစ၍ မူကြိုကျောင်းများကို ပိတ်ထားခဲ့ ရသည်မှာ တစ်နှစ်ကျော်ခန့် ကြာခဲ့ပြီဖြစ်ကြောင်း၊ ကလေးများအချင်းချင်း ရင်းနှီးမှုရှိလာစေရန်၊ အခြေခံ ယဉ်ကျေးမှုရှိစေရန်၊ အာရုံစိုက်တတ်လာစေရန်၊ ကလေးများ၏ အသက်အရွယ်အလိုက် သင်ယူရမည့် မူကြိုပညာရေးကို အွန်လိုင်းမှတစ်ဆင့် ရရှိစေရန်၊ ကလေးများအနေဖြင့် ကျောင်းများ ပိတ်ထားသည့် ကာလတွင် အချိန်ကိုအကျိုးရှိစွာဖြင့် မူကြိုပညာရေး ကို သင်ယူစေခြင်းဖြင့် ပညာသင်ကြားနိုင်မှု အခွင့် အရေးရရှိလာစေရန်အတွက် New Normal အနေဖြင့် စတင်စမ်းသပ်ခြင်းပင်ဖြစ်ကြောင်း၊ ထိုသို့ အွန်လိုင်း ဖြင့် သင်ကြားနိုင်ရေးအတွက် မိဘများအား Zoom Application အသုံးပြုသည့် အခြေခံအချက်များကို ဦးစွာ သိရှိနိုင်စေရန် လိုအပ်ပါကြောင်း၊ ကလေးများ ထိရောက်စွာ သင်ယူနိုင်ရေးအတွက် အိမ်မှ ကူညီပံ့ပိုး ပေးနိုင်မည့်သူများအတွက် Guideline (လမ်းညွှန်ချက်)/ Manual လိုအပ်ကြောင်း၊ သင်ကြားရာတွင်လည်း သင်ကြားချိန်ကို သတ်မှတ်ရန်လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ရန်ပုံငွေပိုင်းကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ ရန်ပုံငွေ အခြေအနေအရ ရှေ့ပြေးစီမံချက်အနေဖြင့် စတင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ “Online မူလတန်းကြို ပညာရေးအစီအစဉ်” ဆောင်ရွက်နိုင်ရေးအတွက် ယခုစီမံချက်မှ ပိုမိုကောင်းမွန်သည့် စီမံချက် ဖြစ်စေရန်နှင့် လုပ်ငန်းစဉ်များ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် ဝိုင်းဝန်း စဉ်းစား၍ ညှိနှိုင်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
လူ့စွမ်းအားဖွံ့ဖြိုးရေး
ထို့နောက် ဒုတိယဝန်ကြီးက ကလေးငယ်များ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူ့စွမ်းအားဖွံ့ဖြိုးရေးကို များစွာ အထောက်အကူပြုကြောင်း၊ အွန်လိုင်းနည်းလမ်း များဖြင့် လုပ်ငန်းများကို ရပ်တန့်စေခြင်းမရှိဘဲ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် “Online မူလတန်းကြို ပညာရေး အစီအစဉ်” ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီ၊ တိုင်း ဒေသကြီး/ပြည်နယ်ဦးစီးမှူးများက နယ်မြေဒေသ အလိုက် လက်တွေ့ဆောင်ရွက်နိုင်မည့် အခြေအနေ များ ဆွေးနွေးတင်ပြကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြော ကြားခဲ့သည်။
သတင်းစဉ်