Online လျှောက်ထားနိုင်သည့် e-Visa စနစ်တွင်  Tourist Visa အား ထပ်မံတိုးမြှင့်ခွင့်ပြုကြောင်း အသိပေးကြေညာ

 

 

၁။    လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ ၊ လုပ်ငန်းရှင်များ အဆင်ပြေချောမွေ့စွာ မိမိနိုင်ငံသို့ လာရောက်နိုင်ရန်အတွက် Online e-Visa (Business) လျှောက်ထားမှုလုပ်ငန်းစဉ်အား (၁-၄-၂၀၂၂) ရက်နေ့မှစ၍ ပြန်လည်စတင် ဆောင်ရွက်ခဲ့သည့်အပြင် နိုင်ငံတော်မှလည်း နိုင်ငံတကာလေကြောင်းလိုင်း ခရီးစဉ်များအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ ကျန်းမာရေးသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့သဖြင့် ယခုအခါ နိုင်ငံခြားသားခရီးသွားများ တိုးတက်ဝင်ရောက်လျက် ရှိနေပြီဖြစ်ပါသည်။ 
၂။    အလားတူ နိုင်ငံတော်၏ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့်  ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွင်  အိမ်နီးချင်းနိုင်ငံများနှင့် ဟန်ချက်ညီဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့်   e-Visa (Tourist)  အမျိုးအစား လျှောက်ထားမှုများအား (၂၀-၅-၂၀၂၂) ရက်နေ့မှစ၍ တိုးမြှင့်ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ 
၃။    Online e-Visa (Tourist) လျှောက်ထားရန် လိုအပ်သည့် သတ်မှတ်ချက်များအား  မိမိဝန်ကြီးဌာန၏  Website  လိပ်စာ https://evisa.moip.gov.mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာ၍ လျှောက်ထားနိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။ 
                                                                                                  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန